ရာမအရှင် ဖွားမြင်တော်မူရာမြေ ဘဘာရီဗလီ အပြီးသတ်စီရင်ချက်ချမှတ်။ မြေကို မူလဟိန္ဒူတို့ ရရှိစေ၍ မွတ်စလင်တို့က အယုဒ္ဓယတွင် အစားထိုးမြေကွက် ရရှိစေဟု ဆုံးဖြတ်

မြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ် ဘဘာရီဗလီတည်ရှိရာ အငြင်းပွားမြေနေရာကို ဟိန္ဒူတို့က ပိုင်ဆိုင်ခွင့်ရရှိပြီး၊ မွတ်စလင်တို့အတွက် အယုဒ္ဓယတွင် မြေနေရာ အစားပေးအပ်ရန် အိန္ဒိယနိုင်ငံ တရားစီရင်ရေး၏ အမြင့်ဆုံးတရားရုံးဖြစ်သော တရားလွှတ်တော်ချုပ်က အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်ဟု Al Jazeera က ယနေ့ရေးသားသည်။

အမည်ဖော်ပြခြင်းမရှိသည့် တရားသူကြီး ၅-ဦးတို့၏ အဆိုပါအမိန့်အရ အငြင်းပွားမြေနေရာတွင် ဟိန္ဒိူတို့က ဘုရားကျောင်းဆောက်လုပ်ခွင့် ရရှိမည်ဖြစ်ပြီး၊ မွတ်စလင်တို့အတွက် အယုဒ္ဒယမြို့တွင် ၅ ဧက အကျယ်အဝန်းရှိ မြေနေရာအစားထိုးရရှိမည်ဖြစ်သည်။

အူတာပရာဒက်ရှ် အယုဒ္ဓယမြို့ရှိ အဆိုပါမြေနေရာသည် ရာမအရှင် ဖွားမြင်တော်မူရာ ဇာတိဘူမိဖြစ်သည်ဟု ဟိန္ဒူတို့က ယုံကြည်ကြသည်။ အိန္ဒိယတိုက် မဂိုတို့လက်သို့ ကျရောက်ပြီး ၁၅၂၈-ခုနှစ်၌ မဂိုဗိုလ်ချုပ် မီရာဗက်ကီက မူလရှိနေသည့် ရာမဘုရားကျောင်းအားဖြိုဖျက်၍ ဘဘာရီဝတ်ပြုရာကို တည်ဆောက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

ရှေးဟောင်းသုတေသနဆိုင်ရာလေ့လာချက်များအရ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဆိုင်ရာ အထောက်အထားများတွေ့ရှိရသော အဆိုပါအဆောက်အအုံသည် နှစ် ၄၀၀ ခန့် ဟိန္ဒူနှင့် မွတ်စလင်တို့ပါ ဘာသာရေးဆိုင်ရာ အသုံးပြုခဲ့သည်ဆို၏။

နောက်ပိုင်း အငြင်းအခုန်ဖြစ်လာသည်ကို ရှောင်ရှားသည့်အနေဖြင့် ကိုလိုနီခေတ်ဗြိတိသျှတို့က အပြင်ဖက် ရင်ပြင်အား ပိုင်းခြားသည့်အနေဖြင့် ရထားလမ်းတည်ဆောက်ခဲ့သည်။

၁၉၉၂-တွင် ဘဘာရီဗလီအား ဟိန္ဒူသဘောထားတင်းမာသူတို့က ဖြိုဖျက်ရာမှ ပြင်းထန်သော သွေးချောင်းစီး အဓိကရုန်းဖြစ်ပွားပြီး လူ ၂,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။

၂၀၁၀-ခုနှစ် အိန္ဒိယအောက်တရားရုံးက ၂.၇၇ ဧက ကျယ်ဝန်းသည့် ၎င်းမြေနေရာအား ၃ ပုံ အညီအမျှခွဲခြမ်းကာ ၂ ပုံကို ဟိန္ဒူ ၊ ၁-ပုံကို မွတ်စလင်လူ့အဖွဲ့အစည်းတို့က ရရှိစေရန် အမိန့်ချမှတ်ခဲ့သည်။

ဇာတိဘူမိဘုရားကျောင်းမြေနေရာ အငြင်းပွားအား အမြင့်ဆုံးတရားလွှတ်တော်ချုပ်က အပြီးသတ်စီရင်ချက် မချမှတ်မီ အယုဒ္ဓယတွင် လုံခြုံရေးအထူးတင်းကြပ်ထားပြီး၊ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည်ဆို၏။

တရားလွှတ်တော်ချုပ်၏ အမိန့်သည် ဟိန္ဒူ-မွတ်စလင်လူ့အဖွဲ့အစည်းနှစ်ရပ်အကြား စိန်ခေါ်ချက်ဖြစ်လိမ့်မည်ဟု Al Jazeera က ဆက်လက်ရေးသားသည်။

(( ဟိန္ဒူတို့၏ နဝမ ၉ – ဆူမြောက် ဘုရားသည် ဂေါတမဗုဒ္ဓဖြစ်သည်။ ထို့ကြောင့် ဟိန္ဒူဘုရားကျောင်းများတွင် ဗုဒ္ဓဘာသာရုပ်ပွားတော်ကို ဖူးမြင်ရခြင်းဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Al Jazeera., Nov. 09 2019., “Babri Mosque case: Indian top court gives disputed site to Hindus.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.aljazeera.com/news/2019/11/babri-mosque-case-indian-top-court-disputed-site-hindus-191109052713446.html

https://economictimes.indiatimes.com/news/politics-and-nation/a-timeline-of-the-ayodhya-ram-janmbhoomi-babri-masjid-title-dispute/articleshow/71975325.cms.

#အယုဒ္ဓယရာမဇာတိဘူမိဘဘာရီဗလီ #ဟိန္ဒူတို့ရရှိစေအိန္ဒိယတရားလွှတ်တော်ချုပ်

1+

Leave a Reply

Your email address will not be published.