ရိုင်းပြ လူပါးဝခြင်း၊ ဝရုန်းသုန်းကား ဆွေးနွေးပွဲများက မြန်မာ့တပ်မတော်၏ အာဏာသိမ်းယူခြင်းသို့ ဦးတည်စေခဲ့။ စော်ကားခံရသည်ဆိုသော တပ်မတော်နှင့် အာဏာမထိန်းမီ ၃-ရက်အလို ..( ပထမပိုင်း )


လွန်ခဲ့သည့် ဇန်နဝါရီလ ၂၈-ရက်နေ့တွင် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းကိုင်ဆောင်သော လက်ကိုင်ဖုန်းအား တပ်မတော်၏ လက်သို့ မကျရောက်စေရန် ဖျက်ဆီးလိုက်သည်ဟု နီးစပ်သူ ၂-ဦးက ပြောဆိုသည်။ ဒေါ်စု၏ လုပ်ဖော်ကိုင်ဖက်များနှင့် မိတ်ဆွေအချို့သည် အဖမ်းခံရမလား ထွက်ပြေးရမလားကို မျှော်လင့်၍ အထုပ်အပိုးများ ပြင်ဆင်ခဲ့ကြသည်ဟု Reuters ( Feb. 09, 2021 ) က ရေးသားသည်။

..    
အဆိုပါနေ့တွင် နေပြည်တော်၌ နိုဝင်ဘာလအထွေထွေရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက သိမ်းကြုံးအောင်နိုင်မှု၏ တရားဝင်ခြင်းနှင့် ပတ်သက်၍ ဒေါ်စု၏ကိုယ်စားလှယ်များနှင့် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ဆွေးနွေးပွဲကျင်းပခဲ့သည်။ အစည်းအဝေးမှာ မည်သည့် သဘောတူညီမှုမျှ မရရှိပဲ ဆိုးဆိုးဝါးဝါး အဆုံးသတ်သွားသည်။

..   
ဖေဖော်ဝါရီလ ၁-ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံရခြင်းနှင့် ၎င်း၏ အရပ်သားအစိုးးရထိပ်တန်းပုဂ္ဂိုလ်များအား မြန်မာ့တပ်မတော်က ဖြုတ်ချရသည့်အထိ ဦးတည်စေခဲ့သော ဖြစ်ရပ်အပေါ် အသေးစိတ် ပြန်လည်စေ့ငုရန် Reuters သတင်းမီဒီယာအနေဖြင့် အစိုးရအကြံပေးပုဂ္ဂိုလ်များ၊ ဒေါ်စုနှှင့်အနီးကပ် လက်တွဲအလုပ် လုပ်ခဲ့သူများအပါဝင် လူ ၉-ဦးတို့အား မေးမြန်းခွင့် ရရှိခဲ့သည်။ စစ်တပ်က အာဏာသိမ်းမှု ဆန့်ကျင်သူများအား ဖမ်းဆီးထောင်ချလျှက်ရှိခြင်းကြောင့် ပြောဆိုသူတို့က အခြေအနေအရ ၎င်းတို့၏ အမည်ကို ဖော်ပြခြင်း မရှိချေ။ အသေးစိတ်အချက်အလက်များမှာ သတင်းမီဒီယာများတွင် ယခင်က ရေးသားခဲ့ဖူးခြင်း မရှိသည်ကို တွေ့ရသည်။

..   
အာဏာသိမ်းမှုသည် ရာစုနှစ်ထက်ဝက်ကျော် အထီးကျန် ဆင်းရဲခြင်းတွင် နစ်မွန်းခဲ့ရသည့် စစ်အုပ်ချုပ်ရေးမှ ဆယ်စုနှစ် တစ်ခုကြာ ဒီမိုကရေစီကို မြည်းစမ်းခဲ့ရသော အရှေ့တောင်အာရှ ( မြန်မာ ) နိုင်ငံနေ ၅၃ သန်းသော ပြည်သူတို့၏ မျှော်လင့်ချက်များအား အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားစေခဲ့သည်။ ထိုင်းနိုင်ငံ၏ စစ်ဘက်ကျော ထောက်နောက်ခံ ဘုရင်စနစ်က အပြောင်းအလဲပြုလုပ်ရန် ခုခံလျှက်ရှိခြင်းနှင့် ဟောင်ကောင်၏ သဘောထားကွဲလွဲမှုအား တရုတ်က လိုရာပုံသွင်းလျှက်ရှိစဉ် ( ယခုဖြစ်စဉ်မှာ ) အာရှဒေသတွင် ဒီမိုကရေစီ နောက်ကြောင်းပြန်ခြင်းအတွက် နောက်ဆုံး ဥပမာပင်ဖြစ်သည်။

..   
ဇန်နဝါရီ ၂၈ -ရက်နေ့သည် နှစ်ဖက် ( အဖွဲ့ ) တို့၏ ရက်ပေါင်းများစွာ ကြာမြင့်ခဲ့သော ဝရုန်းသုန်းကားဆွေးနွေးတွေ့ဆုံပွဲများတွင် အဆိုးရွားဆုံးဖြစ်ခဲ့သည်ဟု ပြောဆိုချက်များအား ကောင်းစွာ သိရှိသူ ၂-ဦးက Reuters အား ရှင်းပြသည်။ တပ်မတော်၏ ရွေးကောက်ပွဲရလဒ်အား စစ်ဆေးပေးရန် မေတ္တာရပ်ခံချက်ကို ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်စားလှဝ်အဖွဲ့က တုန့်ပြန်အဖြေပေးရန် တပ်ကိုယ်စားလှယ် ၂-ဦးတို့က ၂-ကြိမ်တောင်းဆိုခဲ့ကြောင်း ဆွေးနွေးပွဲနှင့် ရင်းနှီးသူများအဆိုအရ သိရှိရသည်။

..   
တပ်မတော်နှင့် အစိုးရများ၏ ထောက်ခံမှုဖြင့် ရာစုနှစ်ဝက်ခန့် စစ်တပ်အုပ်ချုပ်မှုအား အဆုံးသတ်၍ ၅-နှစ်ကြာ အာဏာရရှိခဲ့သူ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်၏ တောင်းဆိုချက်အား ခေါင်းမာစွာဆန့်ကျင်ခဲ့ကြောင်း လူအများ ပြောဆိုကြသည်။

..    
ဆွေးနွေးပွဲအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကိုယ်စားလှယ်များက “ ခင်ဗျားလူတွေ သိပ်တရားလွန်နေပြီ၊ ရိုင်းစိုင်းပြီး လူပါးဝတယ် “ ဟု အရပ်သား အစိုးရဘက်အား ပြစ်တင်မောင်းမဲခဲ့ကြောင်း အဆိုပါကိစ္စကို ကြားသိခဲ့သူက ပြန်ပြောင်း ပြောဆိုသည်။ ဤသည်မှာ တပ်မတော်အကြီးအကဲဖြစ်သူထံမှ အစဉ်အလာ ဖွဲ့စည်းမှုတွင် မသိမသာ သတိပေးချက်ဖြစ်သည်။ တမ်မတော်သည် စော်ကားခံနေရကြောင်း စစ်တပ်ကိုယ်စားလှယ်များက ပြောဆိုသည်ဟု ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ၂-ဦးက Reuters အား ပြောပြသည်။

..   
တွေ့ဆုံမှုအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ညာလက်ရုန်းနှင့် ကိုယ်စားဆောင်ရွက်ပေးရသူ ဦးကျော်တင့်ဆွေမှာ များစွာတုန်လှုပ်နေပုံရကြောင်း အဆိုပါကိစ္စကို သိရှိသူ ၃-ဦးက ပြောဆိုသည်။ သတင်းမှတ်ချက်ပေးရန်အတွက် ဦးကျော်တင့်ဆွေအား Reuters က ဆက်သွယ်၍ မရခဲ့ပါ။

..  
“ အရပ်သား အစိုးရအနေနဲ့ ဘာမှ လုပ်လို့ မရပါဘူး၊ သူတို့မှာ လက်နက်ကိုင်တပ်တွေ မရှိ၊ သြဇာလည်း မရှိဘူး “ ဟု ဆွေးနွေးပွဲပျက်ပြားရခြင်းအကြောင်းများကို သိရှိသူတစ်ဦးက ရှင်းပြသည်။

..  
မှတ်ချက်ပေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်ရော တပ်မတော်နှင့်ပါ ဆက်သွယ်၍ မရခဲ့ပါ။ ယခုအခါ မြန်မာနိုင်ငံတွင် လက်တွေ့အုပ်ချုပ်နေသာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း မှတ်ချက်ပေးရန် ဆက်သွယ်၍ မရခဲ့ပါ။

..    
ဆွေးနွေးပွဲများပျက်ပြားသွားသည်နှင့်တစ်ပြိုင်နက် အသင့်ရှိနေသော သံချပ်ကာယာဉ်များမှာ စီးပွားရေး မြို့တော် ရန်ကုန်နှင့် မြန်မာနိုင်ငံအနှံ့အပြားရှိ အခြားမြို့များတွင် လှည့်လည်သွားလာနေကြသည်။ ရာနှင့်ချီ သော တပ်မတော်ထောက်ခံသူများသည် ရန်ကုန်မြို့လယ်ရှိ နိုင်ငံတွင် အမြင့်မြတ်ဆုံး ဗုဒ္ဓဘာသာ နေရာတစ်ခု ဖြစ်သည့် ရွှေတိဂုံဘုရား အပြင်ဘက်တွင်စုရုံးဆန္ဒပြခဲ့ကြပြီး ၎င်းတို့အား တွေဆုံမေးမြန်းရန် ကြိုးစားသော သတင်းထောက်များအား ခြိမ်းခြောက်ခဲ့သည်။

..  
စစ်ဗိုလ်ချုပ်များကတည်ဆောက်ခဲ့ပြီး ကိန်းကြီးခန်းကြီးနိုင်၍ လူဦးရေနည်းပါးသည့် နေပြည်တော်တွင် တပ်မတော်လိုလားသော ခပ်စွာစွာ ဆန္ဒပြသူအပြည့် လိုက်ပါလာသော ထရပ်ကားများက လူသူကင်းမဲ့နေသည့် လမ်းများပေါ်တွင် မောင်းနှင်နေကြသည်။

..  
ဇန်နဝါရီလတွင် ၃၀ – ရက်နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်ရန်နှင့် ဥပဒေနှင့်အညီဆောင်ရွက်ရန်အတွက် အာဏာသိမ်းလုနီးပါး အသင့်ရှိနေသည်ဟူသော စိုးရိမ်မှုများကို တပ်မတော်က တိတ်ဆိတ်အောင် လုပ်လိုက်သည်။ တပ်မတော်က ရေးဆွဲခဲ့သည့် ၂၀၀၈ -ခုနှစ် ဖွဲ့စည်းပုံသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများဖြစ်မြောက်စေသော်လည်း အရေးပေါ်အခြေအနေတွင် တပ်မတော်အား အာဏာအပ်နှင်းထားသည်။

၎င်းမှာ အနှစ်မပါသော ကတိသာလျှင် ဖြစ်ခဲ့သည်။ ဖေဖော်ဝါရီ ၁-ရက်နေ့ကူးပြောင်း၍ နံနက် ၃-နာရီတွင် တပ်မတော်သည် အစိုးရဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ စာရေးဆရာများ၊ ရုပ်ရှင်ရိုက်ကူးထုတ်လုပ်သူများနှင့် တက်ကြွလှုပ်ရှားသူများအား ဒလကြမ်း ဖမ်းဆီးတော့သည်။ ထိုနောက် ၎င်းနေ့ နံနက်တွင် စစ်အုပ်ချုပ်ရေးသို့ ပြန်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

..  
၁၅-နှစ်ကျော် နေအိမ်အကျယ်ချုပ် ကျခံရစဉ်အတွင်း ကမ္ဘာ့အကျော်ကြားဆုံး နိုင်ငံရေးအကျဉ်းသမဖြစ်ခဲ့သူ ဒေါ်အောင်ဆန်းစုကြည်သည် ၎င်းနေထိုင်ရာ အိမ်၌ပင် တဖန်အကျဉ်းကျရပြန်လေသည်။ ထိုနောက် ဝေါ်ကီတော်ကီ လက်ကိုင်ထရန်ဆီဗာများ တရားမဝင်တင်သွင်းမှုဖြင့် တရားစွဲဆိုခြင်း ခံရသည်။
..
( ဆက်လက်ဖော်ပြပါမည် )
..
#မြန်မာ့တပ်မတော်က_အာဏာမထိန်းမီ_၃-ရက်အလို

((( Reuters., FEBRUARY 9, 2021, “ ‘Rude and insolent’: fraught talks preceded Myanmar’s army seizing power .By Poppy McPherson “ ကို ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

..   
https://www.reuters.com/article/us-myanmar-politics-reconstruction-insig-idUSKBN2A9225 

+6

Leave a Reply

Your email address will not be published.