ယခုရက်သတ္တပတ်အတွင်း၌ မလေးရှားရေပြင်အတွင်းသို့ ဘုတ်တစ်စီးဖြင့် ဝင်ရောက်လာသည့် ဒုက္ခသည်ဘင်္ဂါလီ ( မူရင်း ရိုဟင်ဂျာဟု ဖော်ပြ ) ၃၀၀ ခန့်ကို ဘင်္ဂလားဒက်ရှ်နိုင်ငံက ပြန်လည်ခေါ်ယူရန် မိမိတို့တောင်းဆိုမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံ၏ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ ကာကွယ်ရေးဝန်ကြီး အီစမိုင်ဆက်ဘရီယာကွတ်က အင်္ဂါနေ့၌ ပြောဆိုသည်ဟု Japan Times က ယမန်နေ့ရေးသားသည်။
နိုင်ငံတကာ ကွန်ဖရင့်ပါ ဒုက္ခသည်အဆင့်အတန်းကို အသိအမှတ်မပြုသော မလေးရှားနိုင်ငံသည် ဒုက္ခသည်ဘင်္ဂါလီတို့အတွက် နှစ်လိုဖွယ်နေရာတစ်ခုဖြစ်သည်။ မွတ်စလင်အများစုဖြစ်ကြသော ဒုက္ခသည်ဘင်္ဂါလီတို့သည် ၂၀၁၇-ခုနှစ် မြန်မာ့တပ်မတော်ဦးဆောင်သော ဖြိုခွင်းမှုကြောင့် ( ရခိုင်ပြည်နယ်မှ ) ထွက်ပြေးလာပြီး ဘင်္ဂလားဒက်ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ ခိုလှုံလျှက်ရှိကြသည်။
သို့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါအား ထိန်းချုပ်နိုင်ရန် နယ်စပ်ဝင်ပေါက်များကို တင်းကြပ်စွာ ထိန်းချုပ်ထားလျှက်ရှိသည့် မလေးရှားနိုင်ငံအနေဖြင့် ဒုက္ခသည်ဘင်္ဂါလီများအား ရေရှည်ဆက်လက် လက်ခံနိုင်ခြင်း မရှိတော့ချေ။
“ ရိုဟင်ဂျာဆိုသူတွေ သိထားသင့်ပါတယ်။ သူတို့ ဒီကိုလာမယ်ဆိုရင် နေခွင့်မရနိုင်ပါဘူး “ ဟု ဝန်ကြီး အီစမိုင်ယာကွတ်က သတင်းထောက်များအား ပြောပြသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့်လည်း အဆိုပါ ထိန်းသိမ်းထားသည့် ရွှေ့ပြောင်းအခြေချသူများမှာ ကော့ခ်ဘဇားဒုက္ခသည် စခန်းများမှ ထွက်ပြေးလာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိပါက ပြန်လည်ခေါ်ယူရန် ဘင်္ဂလားဒက်ရှ်အစိုးရအား တောင်းဆိုမည်ဖြစ်ကြောင်း ဝန်ကြီးအီစမိုင်ယာကွတ်က ဆက်လက်ပြောဆိုသည်။
လွန်ခဲ့သည့် တနင်္လာနေ့တွင် မလေးရှားနိုင်ငံ အနောက်မြောက်ကမ်းခြေရှိ လန်ကာဝီကျွန်းအနီး ပျက်စီးနေသော ဘုတ်တစ်စီးမှ ဒုက္ခသည်ဘင်္ဂါလီ ၂၆၉-ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကိုလည်း သိမ်းဆည်းရမိသည်။
မလေးရှားအနေဖြင့် အဆိုပါ ရွှေ့ပြောင်းအခြေချသူများကို ဘင်္ဂလားဒက်ရှ်အစိုးရက ဒုက္ခသည်ဘင်္ဂါလီများအား နေရာချထားရန် ယခင်စီစဉ်ထားသည့် ဘာဆန်ချာကျွန်းသို့ ရွှေ့ပြောင်းပေးရန် တောင်းဆိုနိုင်ကြောင်း၊ ဒုက္ခသည် ဘင်္ဂါလီရွှေ့ပြောင်းသွားလာသူများကို အခြား တတိယနိုင်ငံတစ်နိုင်ငံတွင် နေရာချထားရေးအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ UNHCR အား တောင်းဆိုရန်လည်း စီစဉ်လျှက်ရှိကြောင်း ဝန်ကြီး အီစမိုင်ယာကွတ်၏ ပြောဆိုချက်၌ ပါရှိသည်။
ဒါကာမြို့ရှိ ဘင်္ဂလားဒက်ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိတဦးကမူ ဒုက္ခသည်များမှာ မြန်မာနိုင်ငံ၏တာဝန်ဖြစ်သာဖြစ်ကြောင်း “ …. မလေးရှားအနေနဲ့ ဒီလူတွေကို ပြန်ခေါ်ဖို့ ဘာ့ကြောင့် မြန်မာနိုင်ငံကို မ တောင်းဆိုတာလဲ.. ဒုတိယထောက်ပြစရာကတော့ ( လုပ်ထုံးလုပ်နည်းအရ ) ဒီလူတွေ အဆုံးသတ်တွေ့ရှိရာ ( မလေးရှား ) နိုင်ငံမှာသာ တာဝန်ရှိပါတယ် .. ဘင်္ဂလားဒက်ရှ်အနေနဲ့ ဝင်ပါစရာ ဘာ အကြောင်းမှ မရှိဘူး “ ဟု ပြောဆိုသည်။
ယခုသတင်းနှင့်ပတ်၍ ထင်မြင်ချက်ပေးပါရန် တောင်းဆိုခြင်းကို UNHCR အရာရှိများက လောလောဆယ် တုန့် ပြန်ခြင်း မရှိချေ။
တနင်္လာနေ့ အခင်းဖြစ်ပွားရာတွင် တွေ့ရှိရသည့် ဘုတ်မှာ လူ ၇၀၀ မှ ၈၀၀ အကြားတင်ဆောင်၍ ဖေဖေါ်ဝါရီလတွင် ဘင်္ဂလားဒက်ရှ်မှ ထွက်ခွာသွားခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း လူ့အခွင့်အရေးအဖွဲ့အစည်း ၂-ခုက ခုကပြောကြားသည်။ သို့သော် လှေပေါ်ပါ အခြားခရီးသည်များ၏ ကံကြမ္မာကိုမူ ရှင်းရှင်းလင်းလင်း မသိရချေ။
Aduan Rakyat Kedah အဒူအန်ရာကြပ်ကီဒါဆိုသူ ရိုက်ကူးခဲ့ပြီး Facebook တွင် ဖော်ပြသော သတင်းနှင့် ဓါတ်ပုံအရမူ ..
ဇွန်လ ၈-ရက် တနင်္လာနေ့နံနက် ၅-နာရီ ၅-မိနစ်တွင် မလေးရှားအာဏာပိုင်တို့ ဖမ်းဆီးရမိသော ဘုတ်ပေါ်၌ မူလက လူ ၅၀၀ ကျော် တင်ဆောင်လာခဲ့ပြီး လမ်းခုလတ်တွင် ၂၀၀ ခန့် သေဆုံးခဲ့သည်ဟု ယုံကြည်ရကြောင်း၊ မလေးရှားအာဏာပိုင်များနှင့် တွေ့ဆုံစဉ် ၅၃-ဦး ရေထဲသို့ ခုန်ဆင်းထွက်ပြေးကြပြီး၊ အမျိုးသမီး အလောင်း ၁-လောင်း တွေ့ရှိရကြောင်း၊ ကျားကြီး- ၈၀ ဦး၊ မကြီး – ၁၃၈၊ ကလေး ( မ ) – ၂၃၊ ကလေး ( ကျား ) -၂၆ တို့ဖြစ်၍ စုစုပေါင်း ဒုက္ခသည်ဘင်္ဂါလီ ၂၆၉ ယောက်ဖြစ်ကြောင်း၊
ဘုတ်မှာ ပြုပြင်၍ မရနိုင်လောက်အောင် ပျက်စီးနေသဖြင့် အစာရေစာပေးပြီး ပင်လယ်သို့ ပြန်လည်စေလွှတ်ရန် မဖြစ်နိုင်ကြောင်း လောလောဆယ် ဆေးဝါးကုသပေးနေရကြောင်း၊ အဆိုပါ လှေစီးပြေးများ မည်သည့်နေရာမှ ထွက်ခွာလာသည်ဆိုခြင်းကို သတင်းစာရှင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း၊
မလေးရှားနိုင်ငံသားတို့၏ အခွန်ဘဏ္ဍာကို တိုင်းတပါးသားတို့၏ မသက်ဆိုင်သော ဖြစ်စဉ်များတွင် မသုံးစွဲသင့်ကြောင်း၊ နိုင်ငံ၏ ရေမြေပိုင်နက်ကို မလေးရှားတပ်မတော်နှင့် တော်ဝင်ရဲတပ်ဖွဲ့တို့က စောင့်ရှောက်ကာကွယ်သင့်ကြောင်း ရေးသားထားသည်။
(( လွန်ခဲ့သော သြင်္ကန်ကာလဝန်းကျင်တွင် မလေးရှားရောက် ရိုဟင်ဂျာဆိုသူများ အဖွဲအအစည်းတစ်ခု၏ ဥက္ကဋ္ဌဆိုသူက မလေးရှားနိုင်ငံ ဆာလရန်းနယ်မြေကို ၎င်းတို့အား ပေးအပ်ရန် တောင်းဆိုကြောင်း၊ ထိုအတွက် မလေးရှားနိုင်ငံသားတို့အနေဖြင့် ပေါက်ကွဲဒေါသထွက်လျှက်ရှိပြီး မလေးရှားက ဒုက္ခသည်အဖြစ် လက်ခံထားသော ရိုဟင်ဂျာဆိုသူများအား ပြန်ပို့ရန် တောင်းဆိုလျှက်ရှိကြောင်း သတင်းများတွေ့ရပါသည်။ အပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။ ။ သတင်းဘာသာပြန်သူ )))
((( Japan Times., June 09,2020, “Malaysia to ask Bangladesh to take back Rohingya refugees found at sea.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
#ရိုဟင်ဂျာဆိုသူများအားပြန်လည်ခေါ်ယူရန်ဘင်္ဂလားဒက်ရှ်ကိုမလေးရှားတောင်းဆို။ #မြန်မာနိုင်ငံတွင်တာဝန်ရှိသည်ဟုဘင်္ဂလားဒက်ရှ် ငြင်းပယ်။