ရုရှားသံအရာရှိ ၂-ဦးကို ဂျာမနီနှင်ထုတ်။ ဘာလင်ပန်းခြံအတွင်း ချေချင်းသူပုန် ပြည်ပြေး အသတ်ခံရမှုတွင် ရုရှားနှင့် ဆက်နွယ်နေဟုဆို

ဘာလင်မြို့ တီယာဂါတင်ဥယျာဉ်အတွင်း ဂျော်ဂျီယာနိုင်ငံသား ချေချင်းညာသူပုန်ဟောင်း ပြည်ပြေးဖြစ်သူ အသတ်ခံရမှု အတွက် တရားစွဲဆိုရာတွင် လုံလောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော ရုရှားသံရုံးအရာရှိ ၂-ဦးအား တိုင်းပြည်မှ နှင်ထုတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဂျာမနီနိုင်ငံက ယနေ့ပြောဆိုသည်ဟု Al Jazeera က ယနေ့ရေးသားသည်။

“ တောနစ်-ကေ“ အမည်ရှိ Zelimkhan Khangoshvili ဇီလင်ခန် ခန်ဂိုရှက်ဗ်ီလီ အသတ်ခံရမှုတွင် ရုရှား သို့မဟုတ် ချေချင်းညာတို့ ပါဝင်ပတ်သက်သည်ကို ညွန်ပြလျှက်ရှိကြောင်း၊ ဂျာမန်တရားရုံးတော်က အကြိမ်ကြိမ် စစ်မေးခဲ့သော်လည်း ရုရှားသံရုံးအရာရှိ ၂-ဦးက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွက်သည်ဟု ဂျာမန်ရှေ့နေချုပ်က ပြောဆိုခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ဘာလင်အခြေစိုက် အဆိုပါ ရုရှားသံရုံးအရာရှိ ၂-ဦးကို နှင်ထုတ်ရန်ဆုံးဖြတ်လိုက်ကြောင်း ဂျာမန်နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာနက ယနေ့ကြေညာသည်။

ဂျာမနီ၏ ယခုဆုံးဖြတ်ချက်သည် လွန်ခဲ့သည့်နှစ် ဗြိတိန်နိုင်ငံ၌ ရုရှားနှစ်ဖက်လွှသူလျှို ဆာဂီစကာရီပယ်နှင့် သမီးဖြစ်သူတို့ ဓါတုအာရုံကြောအဆိပ်ဖြင့် လုပ်ကြံခံရခြင်းကြောင့် ဆက်ဆံရေးတင်းမာခဲ့ရသော ရုရှားနှင့် အနောက်အုပ်စုတို့အကြား အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိလာစေသည်။

ရုရှားနိုင်ငံကမူ “ တောနစ်-ကေ“ အသတ်ခံရမှုတွင် ၎င်းနိုင်ငံ ပါဝင်ပတ်သက်သည်ဆိုခြင်းကို ပယ်ချလိုက်ပြီး ဂျာမနီ၏ မိတ်ဆွေမဆန်သော လုပ်ရပ်အား လက်တုန့်ပြန်ရလိမ့်မည်ဖြစ်ကြောင်း ခြိမ်းခြောက်လျှက်ရှိသည်။

” တောနစ်-ကေ ” အမည်ရှိ ဇီလင်ခန် ခန်ဂိုရှက်ဗ်ီလီသည် ရုရှားမှ ခွဲထွက်ရေး ဒုတိယချေချင်းညာစစ်ပွဲ ( ၁၉၉၉-၂၀၀၉ ခုနှစ် ) တွင် ချေချင်းသူပုန်တပ်မှူးတစ်ဦးဖြစ်သည်။ ထို့ပြင် ၂၀၀၈-ခုနှစ် ရုရှား-ဂျော်ဂျီယာစစ်ပွဲ၌ ဂျော်ဂျီယန်စစ်ဖက် ထောက်လှမ်းအရာရှိတစ်ဦးဖြစ်ပြီး ရုရှားအစိုးရအာဏာပိုင်များအား အကြမ်းဖက်တိုက်ခိုက်ရာတွင် တာဝန်ရှိသူတစ်ဦး အဖြစ် စွပ်စွဲခြင်းခံရသည်။

၂၀၁၆-ခုနှစ်တွင် ခန်ဂိုရှက်ဗ်ီလီနှင့် ဇနီး၊ သားသမီး ၄-ဦးပါ မိသားစုတို့သည် နိုင်ငံရေးခိုလှုံခြင်းဖြင့် ဂျာမနီ၌ ရောက်ရှိနေခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် သြဂုတ်လ ၂၃-ရက်နေ့တွင် ဗလီမှ ဝတ်ပြုပြီး ထွက်ခွာလာသော ခန်ဂိုရှက်ဗ်ီလီအား ဘာလင်မြို့ လယ် တီယာဂါတင်ဥယျာဉ်အတွင်း နေ့အလင်းရောင်ရှိနေဆဲ၌ပင် အမည်မသိသူတစ်ဦးက အသံတိတ်ကိရိယာ တပ် သေနတ်ဖြင့် ဦးခေါင်းတွင် နှစ်ချက်ဆင့် ပစ်ခတ် သတ်ဖြတ်ခဲ့သည်။

ဂျာမန်ရဲတပ်ဖွဲ့က အသက် ၄၉ နှစ်အရွယ် ရုရှားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဗာဒင်ဆိုကိုလော့ဗ်အား ဖမ်းဆီးခဲ့သည်။ နောက်ပိုင်းတွင် ဖမ်းဆီးရမိသူ၏ အမည်မှန်မှာ ဗာဒင်ကရာဆီကော့ဗ် ဖြစ်ကြောင်း ဂျာမန်သတင်း စာ Der Spiegel က ရေးသားသည်။ ကရာဆီကော့ဗ်သည် မော်စကိုမှ ထွက်ခွာလာပြီး ပိုလန်နိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း၊ ထိုမှတဖန် ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ ရောက်ရှိလာပြီး မော်စကိုသို့ ပြန်လည်ထွက်ခွာရန် အပြန်လေယာဉ်လက်မှတ်ကိုင်ဆောင်ထားကြောင်း၊ အခင်းဖြစ်ပွားချိန်မတိုင်မီ စက်ဘီးစီးသွားသော ကရာဆီကော့ဗ်ကို ဆယ်ကျော်သက်၌နှစ်ဦးက တွေ့မြင်ခဲ့ကြောင်း ဖော်ပြသည်။

“ တောနစ်-ကေ “ အသတ်ခံရမှု့တွင် ဥယျာဉ်အတွင်း CCTV ကင်မရာများမှ မှတ်တမ်းတင်နိုင်ခဲ့သည်။ လူသတ်ရာတွင် အသုံးပြုသည့် Glock 26 ပစ္စတိုသေနတ်နှင့် စက်ဘီးကို မလှမ်းမကမ်းမြစ်အတွင်း စွန့်ပစ်ထားသည်ကို ရဲတပ်ဖွဲ့က ရေငုတ်၍ ရှာဖွေတွေ့ရှိသည်။ ဂျာမန်ရဲတို့က ဗာဒင်ကရာဆီကော့ဗ်သည် ရုရှားလျှို့ဝှက်စစ်ထောက်လှမ်းရေးမှဖြစ်ပြီး ရုရှားဖက်ဒရေး နိုင်ငံဖြစ်သော ချေချင်းညာတို့လည်း ပါဝင်ပတ်သက်သည်ဟု စွပ်စွဲထားသည်။

((( Al Jazeera., 4 Dec, 2019, “Germany expels Russian embassy staff over Georgian’s murder.” နှင့် BBC., 4 December 2019.” Berlin murder: Germany expels two Russian diplomats

.” ကို #HtayOung, #OungMarine ဆီလျောအောင် ကောက်နှုတ်ဘာသာာပြန်ဆိုသည်။ )))

https://www.aljazeera.com/news/2019/12/germany-expels-russian-embassy-staff-georgian-murder-191204121924993.htmlhttps://www.bbc.com/news/world-europe-49483090

http://24-my.info/a-suspect-in-the-murder-in-berlin-is-associated-with-the-russian-special-services-media/

https://www.bbc.com/news/world-europe-50643591

https://www.bbc.com/news/world-europe-49483090

https://www.bbc.com/news/world-europe-50659179

https://www.theguardian.com/world/2019/dec/03/germany-suspects-russian-agencies-zelimkhan-khangoshvili-chechen-exile-killing

#ရုရှားသံဝန်ထမ်း၂-ဦးဂျာမနီနှင်ထုတ် #ချေချင်းခွဲထွက်ရေးသူပုန်တပ်မှူးဟောင်း #ဂျော်ဂျီယာနိုင်ငံ #ရုရှားစစ်ဖက်ထောက်လှမ်းရေး #ဆာဂီစကာရီပယ် #တောနစ်-ကေ #ဇီလင်ခန်ခန်ဂိုရှက်ဗ်ီလီ

0

Leave a Reply

Your email address will not be published.