ရုရှားရေတပ်မတော်တွင် ဟိုက်ပါဆောနစ် တိုက်ခိုက်ရေးညူကလီယာလက်နက်နှင့် ရေအောက်ညူကလီယာဒရုန်းများ တပ်ဆင်မည်ဟု သမ္မတပူတင်ပြောဆို။ အသံထက် ၅-ဆ ကျော် လျှင်မြန်သဖြင့် ကြိုတင်ထောက်လှမ်းရန်နှင့် ကြားဖြတ်ဟန့်တားရန် ခဲယဉ်း

ရုရှားရေတပ်မတော်တွင် ဟိုက်ပါဆောနစ်စံနစ် ညူကလီယာတိုက်ခိုက်ရေးလက်နက်များနှင့် ရေအောက်ညူကလီယာဒရုန်းများ တပ်ဆင်သွားမည်ဖြစ်ကြောင်း သမ္မတဗလာဒီမာပူတင်က တနင်္ဂနွေနေ့၌ ပြောကြားလိုက်ရာ နောက်ဆုံးအဆင့် လက်နက်စမ်းသပ်ခြင်းအကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ်ပြန်ချက်အတိုင်း ဖြစ်သည်ဟု Reuters က ယမန်နေ့ရေးသားသည်။ 

  
လက်နက်ပြိုင်ပွဲ ခင်းကျင်းလိုခြင်းမရှိကြောင်း ပြောဆိုလေ့ရှိသော ပူတင်သည် အင်အားမညီမျှခြင်းနှင့် ရုရှား၏မျိုးဆက်သစ်ညူကလီယာလက်နက်များအကြောင်းကိုလည်း မကြာခဏပြောဆိုတတ်သည်။ ယခုတစ်ကြိမ် ပူတင်ပြောဆိုသည်မှာ အသံ၏အလျှင်ထက်အဆပေါင်းများစွာ မြန်ဆန်ပြီး ကမ္ဘာ့နေရာဒေသအားလုံးနီးပါးသို့ ထိမှန်စေနိုင်သော အဆင့်မြင့်လက်နက်ဖြစ်နေသည်။ အနောက်ကျွမ်းကျင်သူအချို့အတွက် မည်မျှအထိ အဆင့်မြင့်သည်ကို မေးခွန်းထုတ်ရန်ဖြစ်ပေါ်လာသည်။

  
ရေငုပ်သင်္ဘောများတွင် သယ်ဆောင်ရန်ဒီဇိုင်းဆွဲထားသော “ ပိုဆိုက်ဒွန် “ ရေအောက် ညူကလီယာ ဒရုန်းနှင့် ရေပြင်သွား ယာဉ်များတွင် တပ်ဆင်နိုင်သည့် “ ဇာကွန် “ ဟိုက်ပါဆောနစ် ခရုစ်ဇ် မစ်ဆိုင်းလ်များဖြစ်သည်။ အချို့မှာ တပ်ဆင်ခြင်း မပြုရသေးဟု ဆိုသည်။ 


အမြင့်ပျံ ဟိုက်ပါဆောနစ် မစ်ဆိုင်း၊ သွက်လက်စွာ စစ်ကစားနိုင်မည့်လက်နက်မှာ အသံထက် ၅-ဆ ကျော် လျှင်မြန်သည့်နှုန်းဖြင့် ချဉ်းကပ်လာမည်ဖြစ်ရာ ကြိုတင်ထောက်လှမ်းရန်နှင့် ကြားဖြတ်ဟန့်တားရန် မဖြစ်နိုင်လောက်အောင် ခဲယဉ်းမည်ဖြစ်သည်။ 


စိန့်ပီတာစဘတ်တွင် ကျင်းပသည့် ရေတပ်မတော် နှစ်ပတ်လည်စစ်ရေးပြအခန်းအနားက  ရုရှားနိုင်ငံ၏အကောင်းဆုံးစစ်သင်္ဘောများ၊ ညူကလီယာရေငုပ်သင်္ဘောများနှင့်ရေတပ်သုံး လေယာဉ်များဖြင့် အဆိုပါအချက်ကို အဖြေပေးသွားခဲ့သည်။ ရုရှားရေတပ်မတော်သည် စွမ်းရည်ကြီးထွားလျှက်ပြီး ယခုနှစ်တွင် စစ်ရေယာဉ်သစ် ၄၀ တပ်တော်ဝင်လိမ့်မည်ဟု ပူတင်က ဆိုပါသည်။ ဟိုက်ပါဆောနစ်လက်နက်မျာ းမည်သည့်အချိန်ရရှိမည်ကို ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည် အလွန်နီးကပ်လာပြီဖြစ်ကြောင်းလောက်သာ မယုတ်မလွန် ဆိုခဲ့သည်။

  
ဟိုက်ပါဆောနစ်တိုက်ခိုက်ရေးစံနစ်များ၊ ရေအောက် ဒရုန်းများအပါအဝင် အဆင့်မြင့်ဒစ်ဂျစ်တယ်နည်းပညာများ ဖြန့်ကျက်မှုမှာ နိုင်ငံတကာတွင် တန်းတူညီမျှ မရှိကြောင်း၊ ရုရှား ရေတပ်မတော်သည် တမူထူးခြားသော အားသာချက်များနှင့် မြင့်မားသော တိုက်ခိုက်ရေးစွမ်းရည်များကို ပိုင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ 

ရုရှားမီဒီယာများမူ ရေငုပ်သင်္ဘော ဘယ်လ်ဂိုရော့ဒ်က “ ပိုဆိုက်ဒွန် “ ရေအောက် ညူကလီယာ ဒရုန်းကို ပထမဆုံးအကြိမ် စမ်းသပ်လျှက်ရှိပြီး၊ လက်နက်စနစ် စမ်းသပ်မှုများမှာ အပြီးသတ်လုနီးဖြစ်ကြောင်း၊ ရေတပ်မတော်အတွက် ခေတ်မီလက်နက်စနစ်များကိုဖန်တီးမှုမှာ အောင်မြင်လျှက်ရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်ဟု သီးခြား ဖော်ပြကြသည်ကို တွေ့ရှိရသည်။ 

  
ပြီးခဲ့သည့်နှစ်တွင် အမေရိကန်အနေဖြင့် ညူကလီယာထိပ်ဖူးတပ် တာလတ်ပစ် ဒုံးပျံများကို ဥရောပသို့ ရွှေ့ပြောင်းလာပါက ရုရှားကလည်း အမေရိကန်ရေပိုင်နက်အပြင်ဘက်မှ ချောင်းမြောင်းတိုက်ခိုက်နိုင်သော ဟိုက်ပါဆောနစ်မစ်ဆိုင်းလ်တင် စစ်သင်္ဘောများ၊ ရေငုပ်သင်္ဘောများ ဖြန့်ချရလိမ့်မည်ဟု သမ္မတ ဗလာဒီမာပူတင်က ခြိမ်းခြောက်ခဲ့သည်။

  
အမေရိကန်က ဥရောပ၌ မစ်ဆိုင်းလ်များ ဖြန့်ချခြင်းမရှိသော်လည်း ရုရှားကမူ စိုးရိမ်မြဲ စိုးရိမ်ခဲ့သည်။ 

  
(( နိုင်ငံကြီးများအချင်းချင်း အင်အားပြိုင်ကြသည်မှာ အဆန်းမဟုတ်ချေ။ များများပြိုင်လေလေ စစ်မဖြစ်လေဟု ထင်စရာရှိသည်။ သို့သော် “ စစ်ပူကြီး “ မတိုက်ကြပဲ သေဖော်ညှိ အုပ်စုဖွဲ၍ “ စစ်အေးကြီး “ တိုက်ခဲ့ကြဖူးသည်။ 


အမေရိကန်-ရုရှား တစ်ကျောပြန်စစ်အေးတိုက်ပွဲမှာ သမ္မတအိုဘားမားလက်ထက်ကတည်းက စတင်သည်ဟု ဆိုကြပါသည်။ တရုတ်-အမေရိကန်တို့သည် စစ်အေးတိုက်ပွဲစတင်ရင်း လောလောဆယ် တောင်တရုတ်ပင်လယ်၌ စစ်ပူကြီး တိုက်တော့မယောင် အင်အားပြလျှက်ရှိသည်။ 


ကျွန်တော့်အနေဖြင့် အမေရိကန်-ရုရှား- တရုတ်တို့အနေဖြင့် ၎င်းတို့ချည့်သက်သက် ဘယ်တော့မှ စစ်ဖြစ်မည် မထင်ပါ။ အနိုင်အရှုံး အဖြေမထွက်မီ ၎င်းတို့ကိုယ်တိုင်သာမက ကမ္ဘာ့လူသားအားလုံးအတွက်ပါ အန္တရာယ် မကင်းနိုင်သောကြောင့်ဖြစ်သည်။ ပြိုင်ဘက်အင်အား ယုတ်လျှော့စေရန်၎င်း မိမိအင်အားကြီးကြောင်း ကျောင်းမှန်း ကန်မှန်း သိလာကြစေရန်၎င်း ၎င်းတို့နိုင်ငံပြင်ပ အခြား နထူပလူ နိုင်ငံငယ်တို့တွင် Proxy War “ ကိုယ်စားပြုစစ်ခင်း “ ကြဖွယ်သာရှိသည်။ လက်နက်လည်းရောင်းရပြီး “ လူ့အခွင့်အရေး “ ဗန်းပြ၍ သနားကြင်နာတတ်သော လူကြီးလူကောင်းပုံ ဖမ်းနိုင်၍ ဖြစ်သည်။ 


မွဲကလဲ မွဲသေး၊ အနေလည်းမတတ်လျှင် အမြီးညပ်နိုင်ယုံမက လယ်အုပါ တစ်ပြုံလုံး ပြုတ်၍ ငုတ်စိမကျန် ဖြစ်နိုင်ပါသည်။  ။ သတင်းဘာသာပြန်သူ )) 

  
((( bdnews24., 26 Jul 2020, “Putin says Russian Navy to get hypersonic nuclear strike weapons.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 


#ရုရှားရေတပ်မတော် #အသံထက်၅ဆကျော်အလျှင်_ဟိုက်ပါဆောနစ်_တိုက်ခိုက်ရေးညူကလီယာလက်နက် 
#ရေအောက်ညူကလီယာဒရုန်းများ 

https://bdnews24.com/world/2020/07/26/putin-says-russian-navy-to-get-hypersonic-nuclear-strike-weapons 

0

Leave a Reply

Your email address will not be published.