ရုရှား၏ ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဋ္ဌာနက ထောက်ခံအတည်ပြုကြောင်း သမ္မတပူတင်ကြေညာ။ ၎င်း၏ သမီးလေးမှာ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ဟု ဆို။ ရုရှားက ကာကွယ်ဆေး ကမ်းလှမ်းချက်ကို ဖိလစ်ပိုင် ဒူတာတီး ဝမ်းသာအားရ လက်ခံ


 

Covid-19 ကပ်ရောဂါကျရောက်လျှက်ရှိသော ကမ္ဘာကြီးတွင် ကာကွယ်ဆေးဖော်ထုတ်နိုင်ရန် အပြိုင်အဆိုင်ကြိုးစားနေကြခိုက် နိုင်ငံတကာတွင် ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားကျန်းမာရေးဝန်ကြီးဋ္ဌာနက ထောက်ခံအတည်ပြုသည်ဟု သမ္မတဗလာဒီမာ ပူတင်က ကြေညာကြောင်း၊ လိုအပ်သည့်အဆင့်များအားလုံး စမ်းသပ်စစ်ဆေးပြီးစီးခဲ့သည် ၎င်း ကာကွယ်ဆေးသည် ကမ္ဘာတစ်လွှား ပျံ့နှံ့လျှက် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို ထိရောက်စွာ ခုခံပေးနိုင်ကြောင်း ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
ယနေ့နံနက်ပိုင်းတွင် ရုရှားနိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရန်အတွက် ကမ္ဘာ့ပထမဆုံးကာကွယ်ဆေးကို မှတ်ပုံတင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ တစ်ကမ္ဘာလုံးအတွက် အလွန်အရေးကြီးသည့်အချိန်တွင် ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်သည့်အတွက် အားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ရုရှား၌ ကာကွယ်ဆေးထိုးခြင်းကို မိမိတို့ ဆန္ဒအလျောက်သာ ပြုလုပ်သင့်ကြောင်း၊ ၎င်း၏ သမီးဖြစ်သူတစ်ဦးမှာမူ ကာကွယ်ဆေးထိုးနှံပြီးဖြစ်ကြောင်း၊ ဆန္ဒအလျောက် ကာကွယ်ဆေးထိုးနှံခံပြီးနောက် ကိုယ်အပူချိန်မှာ ၃၈ ဒီဂရီအထိ မြင့်တက်ခဲ့သော်လည်း နောက်ရက်တွင် ၃၇ သို့ ပြန်လည်ကျဆင်းလာကြောင်း ယခုအခါ ပုံမှန်ကျန်းမာလျှက်ရှိကြောင်း ရုရှားသမ္မတက ပြောဆိုသည်။ 

  
တရားဝင် ရောဂါကူးစက်မှုပေါင်း သန်း ၂၀ ကျော်ရှိနေပြီး သေဆုံးသူ ၇-သိန်းကျော်လာပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြပ်အတည်းကို ဖြေရှင်းရန် ကမ္ဘာတစ်ဝှမ်းက လိုလားလျှက်ရှိကြသည်။ ယေဘူယျအားဖြင့် ဇန်နဝါရီလတွင် ဖြန့်ဝေလိမ့်မည်ဟု မျှော်လင့်ရသည့် ရုရှား၏ ဗိုင်းရပ်စ်ကာကွယ်ဆေးသည် ကျန်းမာရေးဝန်ကြီး ဌာန၏အဆိုအရ ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါပိုးအား ခုခံနိုင်ခြေနည်းပါးသူတို့အား ဦးစားပေး ဖြန့်ချီမည်ဖြစ်ကြောင်း သိရှိရသည်။ 


ကာကွယ်ဆေးတွေ့ရှိပြီဖြစ်သော ရုရှားနိုင်ငံသည် ကူးစက်မှုပေါင်း ၉-သိန်းနီးပါး၊ သေဆုံးသူ ၁-သောင်း ၅-ထောင်ကျော်ဖြင့် ကမ္ဘာ့ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု  အဆင့်-၄ တွင် ရှိနေသည်။ ယနေ့နံနက်ပိုင်းအထိ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၅-ထောင်နီးပါးနှင့် လူပေါင်း ၁၃၀ အသက်ဆုံးရှုံးခဲ့ရသည်။ 


ဖိလစ်ပိုင်နိုင်ငံသည် ရုရှား၏ ကာကွယ်ဆေးကို ဆန္ဒအလျှောက် ပထမဆုံး ထိုးနှံခံယူရန် ကမ်းလှမ်းချက်ကို ယုံကြည်ကျေးဇူးတင်စွာ လက်ခံလိုက်သည်ဟု Bangkok Post က ယနေ့ရေးသားသည်။ 

  
ကာကွယ်ဆေးရောက်ရှိလာလျှင် မိမိကိုယ်တိုင် အများရှေ့မှောက်တွင် ထိုးနှံခံယူ၍ အဆင်ပြေသည်ကို စမ်းသပ်ပြသမည်ကြောင်း၊ ရုရှား၏ လက်တွေ့စမ်းသပ်မှုများနှင့် ဒေသတွင်း ထုတ်လုပ်ရာတွင် ကူညီရန် အသင့်ရှိနေကြောင်း သမ္မတ ဒူတာတီးက ပြောဆိုသည်။

  
ဖိလစ်ပိုင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၁-သိန်း ၄-သောင်းနီးပါး ရှိနေခဲ့ပြီး၊ သေဆုံးသူ ၂,၃၀၀ ကျော် ရှိနေခဲ့သည်။ ၂၄-နာရီအတွင်း ကူးစက်ခံရသူ ၃-ထောင်နီးပါးနှင့် အသက်ဆုံးရှုံးရသူ ၁၉-ဦး ရှိနေသည်။ 


လွန်ခဲ့သည့်လကလည်း သမ္မတဒူတာတီးသည် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိခဲ့လျှင် ဖိလစ်ပိုင်အား ဦးစားပေးရန် တရုတ်သမ္မတရှီကျင့်ဖျင်ထံ မေတ္တာရပ်ခံခဲ့သည်။ 


#ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး_ရုရှားနှင့်ဖိလစ်ပိုင် 


((( Russia Today., 11 Aug, 2020,” Putin says Russia’s Health Ministry has approved world’s FIRST Covid-19 vaccine – his own daughter has been vaccinated.” ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာာပြန်ဆိုသည်။ ))) 

https://www.rt.com/russia/497671-putin-covid-19-vaccine-first/?fbclid=IwAR0wjTieXY0P3bBgc4A0VRYf7kGwDXVtnS5rSwoCU5aR0zHwbnIL1eUeb-I. 

https://www.bangkokpost.com/world/1966363/philippines-duterte-accepts-russias-covid-19-vaccine-offer 

0

Leave a Reply

Your email address will not be published.