ရဲများလက်ချက်နှင့် တပ်မတော်အရာရှိဟောင်း သေဆုံးမှု ဘင်္ဂလားဒက်ရှ်အစိုးရ စုံစမ်းစစ်ဆေးမည်။ မသင်္ကာသူများအား စစ်ဆေးရာမှ အပြန်အလှန် အချင်းများဟုဆို။ မိမိ ကိုယ်မိမိ ခုခံကာကွယ်သည့်အနေဖြင့် ပစ်ခတ်ရခြင်းဖြစ်ဟု ရဲတပ်ဖွဲ့ဝင်များ ပြော

လွန်ခဲ့သည့်ရက်တွင် ကော့ခ်ဘဇားခရိုင် စစ်ဆေးရေးဂတ်တစ်ခု၌ ရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒက်ရှ်တပ်မတော် အရာရှိဟောင်းသေဆုံးရခြင်းအတွက် စုံစမ်းစစ်ဆေးရန်ကော်မတီတစ်ရပ်ကို ဘင်္ဂလားဒက်ရှ်အစိုးရက ဖွဲ့စည်းလိုက်သည်ဟု bdnews24 က ယနေ့ရေးသားသည်။ 

စနေနေ့၌ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ဖွဲ့စည်းပေးခဲ့သည့် စုံစမ်းစစ်ဆေးရေးကော်မတီကို ခရိုင်တရားသူကြီး မိုဟာမက်ရှာဂျဟန်အလီက ဦးဆောင်မည်ဖြစ်ပြီး တွဲဘက်ခရိုင်ရဲမှူးကြီး ၁-ဦးနှင့် အမှတ် ၁၀ ခြေလျှင်တပ်ရင်း တပ်ရင်းမှူးတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကြသည်ဆို၏။ စစ်တပ်အရာရှိဟောင်း သေဆုံးရခြင်းအတွက် အဖြစ်မှန် ရှာဖွေရန် ၇-ရက် အချိန်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ 

လွန်ခဲ့သည့် သောကြာနေ့ နံနက် ၁၀း၃၀ နာရီခန့်တွင် ကော့ခ်ဘဇား-တက္ကနဖ် လမ်းပေါ်ရှိ ရှမ်လာပူရ် စစ်ဆေးရေးဂိတ်တွင် တပ်မတော်အငြိမ်းစားအရာရှိ ဆင်ဟာမိုဟာမက်ရာရှစ်ခန် မောင်းနှင်လာသည့်ကားကို ရှာဖွေစစ်ဆေးခဲ့ကြောင်း၊ ထိုမှ အငြင်းအခုန်ဖြစ်ပွားပြီး ရာရှစ်ခန်က ဒေါသဖြင့် သေနတ်ကို ဝှေ့ရမ်းသည့်အတွက် မိမိကိုယ်မိမိ ခုခံကာကွယ်သည့်အနေဖြင့် ပစ်ခတ်ရာမှ ရာရှစ်ခန် သေဆုံးရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောဆိုသည်။ 

အခင်းဖြစ်ပွားရာတွင် သေနတ် ၁-လက်၊ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိပြီး အမှုနှင့် စပ်လျဉ်း၍ ကော့ခ်ဘဇားခရိုင် နီလီမာ အပန်းဖြေစခန်းမှ လူ ၁-ဦးကိုလည်း ဖမ်းဆီးထားပြီး အမှု့ ၂-မှု ဖွင့်လှစ်ထားကြောင်း ကနဦး သတင်းရရှိသည်။ 

ရာရှစ်ခန်သည် မှတ်တမ်းရုပ်ရှင်တစ်ခု ရိုက်ကူးရန် နီလီမာ အပန်းဖြေစခန်းတွင် ၁-လခန့်နေထိုင်ခဲ့သူ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားစဉ် မော်တော်ယာဉ်တွင် ရာရှစ်ခန်နှင့်အတူ အမျိုးသမီး ၁-ဦး နှင့် အခြားယောက်ျား ၃-ဦးတို့လည်း လိုက်ပါခဲ့ကြောင်း ခရိုင်ရဲမှူးကြီး မာဆွတ်ဟိုစိန်က ပြောဆိုသည်။ 

အကြောင်းအရာတူသတင်းကို Dhaka Tribune က ယနေ့ဖော်ပြရာတွင် သေဆုံးသူ ရာရှစ်ခန်သည် ဘင်္ဂလားဒက်ရှ်တပ်မတော်မှ ဗိုလ်မှူးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ကြောင်း၊ ကော့ခ်ဘဇား-တက္ကနဖ်လမ်းပေါ်ရှိ ရှမ်လာပူရ် စစ်ဆေးရေးဂိတ်တွင် တက္ကနဖ်ရဲတပ်ဖွဲ့ဝင်များက ဒါးပြမှု မသင်္ကာသူများကို စိစစ်နေခိုက်ဖြစ်ကြောင်း၊

ဒါဏ်ရာပြင်းထန်စွာရရှိသွားသော ရာရှစ်ခန်အား ကော့ခ်ဘဇား ဆာဒါဆေးရုံသို့ အလျှင်အမြန် ပို့ဆောင်ပေးခဲ့ကြောင်း၊ ရာရှစ်ခန်သည် စနေနေ့ နံနက် ၂-နာရီတွင် ဒါဏ်ရာကြောင့် ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း၊ ရာရှစ်ခန် မောင်းနှင်လာသည့် မော်တော်ယာဉ်ပေါ်တွင် ယာဘ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၊ ဆေး ခြောက်အချို့နှင့် နိုင်ငံခြားအရက် ၂-ပုလင်းတို့ကို သိမ်းဆည်းရမိကြောင်း ရေးသားသည်။ 

(( Dhaka Tribune က ယခုသတင်းဖော်ပြရာတွင် တနင်္ဂနွေနေ့ ဘင်္ဂလားဒက်ရှ်ပြည်ထဲရေးဝန်ကြီးနှင့် မီဒီယာများ တွေ့ဆုံပွဲသတင်းကို အနည်းငယ်မျှ ထည့်သွင်းထားကြောင်း တွေ့ရှိရသည်။ 

(ယခင် ဇူလိုင် ၃၀-ရက်နေ့တွင် ကျွန်တော် ဘာသာပြန်ဖော်ပြခဲ့သော) ဒါကာမြို့ ပါလာဗီရဲစခန်း ဗုံးပေါက်ကွဲ ခြင်း၊ စစ်သွေးကြွတို့တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း သတိပေးချက်ထုတ်ပြန်ခြင်း၊ အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်သူ အိုင်အက်စ် IS တို့နှင့် စပ်လျှဉ်း၍ မီဒီယာတို့က မေးမြန်းကြခြင်းဖြစ်သည်။

အိုင်အက်စ်တို့သည် အမြစ်ပြတ် ချေမှုန်းခံရခြင်း မရှိသေးကြောင်း၊ စစ်သွေးကြွတို့သည် နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးလှုပ်ရှားနေမည်ဖြစ်သော်လည်း ဘင်္ဂလားဒက်ရှ်မြေပေါ်တွင် ၎င်းအတွက် အထောက်အပံ့နှင့် ခြေကုတ်ရရန်လည်း မရှိ၊ လူသူအင်အားလည်း မရှိကြောင်း၊ သို့သော် လှုပ်ရှားမှု မရှိသော အိုင်အက်စ်ဆဲလ်များရှိကြောင်း၊ ဘင်္ဂလားဒက်ရှ်လုံခြုံရေးတပ်ဖွဲ့ဝင်များက အနီးကပ်စောင့်ကြည့်နေသည့်အတွက် အိုင်အက်စ် တိုက်ခိုက်မှုဟူ၍ မရှိသေးကြောင်း၊ 

စစ်သွေးကြွတိုက်ခိုက်မှုအပြီးတွင် ဝဘ်ဆိုဒ်အချို့က မတူညီသော အကြောင်းအရာများ ပြောဆိုခဲ့ကြကြောင်း၊ အိုင်အက်စ်တို့သည် တိုက်ခိုက်မှုဖြစ်ပွားတိုင်း ၎င်းတို့လက်ချက်ဖြစ်သည်ဟု ဂုဏ်တင်ကာ ပြောလေ့ပြောထရှိကြောင်း၊ သို့သော် ဝါဒဖြန့်ချီမှုအမျိုးမျိုးကို အလေးထားဆန်းစစ်ရန်မှာ တရားဥပဒေစိုးမိုးရေးအာဏာပိုင်တို့၏ တာဝန်ဖြစ်ကြောင်း၊ တာဝန်ရှိသူတို့အနေဖြင့် အသေးစိတ်လမ်းညွှန်ချက်များအရ ကောင်းမွန်စွာဆောင်ရွက်လျှက်ရှိကြောင်း ဘင်္ဂလားဒက်ရှ်ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။ 

၁၉၉၆-ခုနှစ်မှစတင်ကာ ဘင်္ဂလားဒက်ရှ်တွင် လူအသေအပျောက်များသော ဗုံးပေါက်ကွဲမှု၊ အကြမ်းဖက်တိုက်ခိုက်မှု နှစ်စဉ်အကြိမ်ကြိမ် ဖြစ်ခဲ့ဖူးသည်ဘင်္ဂလားဒက်ရှ်၏ ပြည်ပအခြေစိုက် ဘာသာရေးအစွန်းရောက်-အကြမ်းဖက်အဖွဲ့များ လှုပ်ရှားမှုတို့ အကြောင်းကို အိန္ဒိယအပါအဝင် နိုင်ငံတကာထောက်လှမ်းရေးတို့က ပြောဆိုလေ့ရှိသည်။ လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာအပါအဝင် အာရှဒေသအတွင်း အကြမ်းဖက်ခြိမ်းခြောက်မှုရှိနေကြောင်း သတင်းများ ထွက်ပေါ်သည်။ အိုင်အက်စ်သာမက အယ်လ်ကိုင်ဒါများဟု ဖော်ပြသတိပေးသူများ တွင် ကမ္ဘာ့ကုလသမဂ္ဂလည်း ပါဝင်သည်။ 

သို့သော် ဘင်္ဂလားဒက်ရှ်က ၎င်းတို့နိုင်ငံအတွင်း ပြည်ပအခြေစိုက် အကြမ်းဖက်အဖွဲ့ မရှိကြောင်း အစဉ်တစ်စိုက် ငြင်းဆိုလေ့ရှိပါသည်။ အထူးသဖြင့် နိုင်ငံတကာ စိတ်ဝင်စားခြင်းခံရသော ARSA အကြမ်းဖက်အဖွဲ့ဆိုသည်မှာ ဘင်္ဂလားဒက်ရှ်တွင် မရှိဟု အခိုင်အမာ ငြင်းဆိုထားပြီး ဘင်္ဂလားဒက်ရှ်မီဒီယာများကလည်း တစ်လေသံတည်း ထွက်ကြပါသည်။ ။ သတင်းဘာသာပြန်သူ ))) 

((( bdnews24., 02 Aug 2020,” Government opens probe into police killing of ex-army officer in Cox’s Bazar.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 
#ရဲများလက်ချက်ဖြင့်စစ်တပ်အရာရှိဟောင်းသေဆုံး #ဘင်္ဂလားဒက်ရှ်အစိုးရစုံစမ်းရေးကော်မတီဖွဲ့ 

https://bdnews24.com/bangladesh/2020/08/02/government-opens-probe-into-police-killing-of-ex-army-officer-in-coxs-bazar 

https://www.dhakatribune.com/bangladesh/dhaka/2020/08/02/home-minister-probe-committee-formed-over-killing-of-ex-army-officer-in-cox-s-bazar

0

Leave a Reply

Your email address will not be published.