ရဲများ၏ ရက်စက်ကြမ်းကြုတ်မှု အဆုံးသတ်ရန် ကန့်ကွက်ဆန္ဒပြရာမှ နိုင်ဂျီးရီး ယား၌ ပြန်ပေးဆွဲ-အကြမ်းဖက်-လူသတ်-ဂိုဒေါင်ဖောက်-အများပိုင်ပစ္စည်း ဖျက်ဆီးခြင်းများ ဖြစ်ပွားလျှက်ရှိ ။ ရဲနှင့် စစ်သားအပါအဝင် အရပ်သားအများစု ၆၉-ဦး သေဆုံး

  
နိုင်ဂျီးရီးယားနိုင်ငံတွင် လမ်းမပေါ်အကြမ်းဖက်မှုများနှင့် လုယက်မှုများအား အဆုံးသတ်ရန်အတွက် ရဲအင်အား အားလုံးကို အမြန်ဆုံး ဖြန့်ချထားကြရန် ရဲတပ်ဖွဲ့အကြီးအကဲ မိုဟာမက်အဒါမူက အမိန့်ပေးလိုက်သည်ဟု BBC က ယနေ့ ရေးသားသည်။ 

  
ရာဇဝတ်မှုကျုးလွန်သူများသည် ရဲများ၏ ရက်စက်ကြမ်းကြုတ်မှု အဆုံးသတ်ရန် ကန့်ကွက်ဆန္ဒပြသူများအား ပြန်ပေးဆွဲလျှက်ရှိပြီး အများပိုင်အဆောက်အအုံ-နေရာများကို သိမ်းပိုက်ထားကြကြောင်း၊ အကြမ်းဖက်ခြင်း၊ လူသတ်ခြင်း၊ ဂိုဒေါင်ဖောက်လုယက်ခြင်းနှင့် အများပိုင်ပစ္စည်း ဖျက်ဆီးခြင်းများ ဖြစ်ပွားလျှက်ရှိရာ ဆက်လက်သည်းခံ၍ မဖြစ်နိုင်တော့ကြောင်း အမူဒါက ရှင်းလင်းသည်။ 


နိုင်ဂျီးရီးယားနိုင်ငံ၌ ရဲတပ်ဖွဲ့ဝင်များ၏ ရက်စက်မှုကို ရပ်ဆိုင်းရန် တောင်းဆိုဆန္ဒပြမှုများမှာ အောက်တိုဘာ ၇ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်သည်။ လူငယ်အများစုပါဝင်သော ဆန္ဒပြသူများသည် ရဲတပ်ဖွဲ့နှင့် လုယက်မှု ဆန့်ကျင်ရေး အထူးရဲတပ်ဖွဲ့ ( SARS ) အား ဖျက်သိမ်းရန် တောင်းဆိုခဲ့ကြသည်။ 


ရက်အနည်းငယ်အကြာတွင် ငွေညှစ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် တရားဥပဒေမဲ့ သတ်ဖြတ်ခြင်းများဖြင့် စွပ်စွဲ ခြင်းခံနေရသော SARS အထူးရဲတပ်ဖွဲ့ကို နိုင်ဂျီးရီးယားသမ္မတ မဟာမေဒူဘူဟာရီက ဖျက်သိမ်းခဲ့သည်။ သို့သော်လည်း ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး နိုင်ဂျီးရီးယားအစိုးရ၏ အုပ်ချုပ်မှုပုံစံတွင် ပိုမိုကျယ်ပြန့်သော ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းဆိုခဲ့သည်။ 


အင်္ဂါနေ့တွင် နိုင်ငံ၏အကြီးဆုံးမြို့ ဖြစ်သော လာဂို့စ်၌ လက်နက်မဲ့ဆန္ဒပြသူများအား သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ဆန္ဒပြမှုများ အရှိန်မြင့်တက်လာခဲ့သည်။ Amnesty International အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောကြားရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် အနည်းဆုံးလူ ၁၂ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြသည်။ သိူ့သော်လည်း နိုင်ဂျီးရီးယားတပ်မတော်ကမူ မည်သို့မျှ  ၎င်းတို့ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆန်ခဲ့သည်။ ကန့်ကွက်ဆန္ဒပြသူများအား လုံခြုံရေးတပ်များက အရမ်းကာရော သေနတ်နှင့် ပစ်သတ်သည်ဆိုသည့် သတင်းများ အွန်လိုင်းတစ်ခွင် ပြန့်နှံခဲ့ပြီး အချို့မှာ ကောလဟလများ၊ သတင်းမှားများနှင့် လိုရာဆွဲရေးသားထားသော သတင်းများလည်း ရောနှောလျှက်ရှိကြောင်း BBC ( Oct 22, 2020 ) က ဖော်ပြသည်။ 

  
လတ်တလောရက်များအတွင်း လာဂို့စ်မြို့တစ်ဝှမ်း၌ ဈေးဆိုင်များ၊ ကုန်တိုက်များနှင့် ဂိုဒေါင်များကို လုယက်မှုများနှင့် ထင်ရှားသောနိုင်ငံရေးသမားတို့၏ စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားကာ ဖျက်ဆီးမှုများ ဖြစ်ပွားလျှက်ရှိသည်။ ပစ္စည်းဥစ္စာ ပိုင်ဆိုင်မှုများ ပျက်စီးခဲ့၍ အဆောက်အဦး အတော်များများမှာ မီးတင်ရှို့ခံရပြီး အကျဉ်းထောင်များမှာလည်း တိုက်ခိုက်ခြင်းခံခဲ့သည်။ 


စနေနေ့၌လည်း နေရာအနှံ့ဖြစ်ပွား၍ အလယ်ပိုင်းရှိမြို့တော် ဂျို့ စ် အနီး ဘူကူရာ၌ အစိုးရ ဂိုဒေါင်များကို ရာနှင့်ချီ သောလူများက ဝင်ရောက်လုယက်ခဲ့သည်။ 

  
အဆိုပါ ဂိုဒါင်များမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် Lockdowns တားဆီးပိတ်ဆို့ခြင်းများ ပြဋ္ဌာန်းထားရစဉ် အများပြည်သူတို့အား ဖြန့်ဖြူးမည့် အစားအစာ ထောက်ပံ့ရေးပစ္စည်းများ သိုလှောင်ထားကြောင်း သိရှိရသည်။ 



သမ္မတဘူဟာရီ၏ မိန့်ခွန်းတွင် နိုင်ဂျီးရီးယားနိုင်ငံတစ်ဝှမ်း ဆန္ဒပြမှုများ စတင်ခဲ့ချိန်မှစ၍ လမ်းပေါ်အကြမ်းဖက်မှုများကြောင့် အနည်းဆုံးလူ ၆၉ ဦး သေဆုံးခဲ့ရာ အများစုမှာ အရပ်သားများဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများလည်း သေဆုံးရာတွင် ပါဝင်သည်ဟု ပြောကြားသည်။ 

  
စနေနေ့တွင် နိုင်ဂျီးရီးယားရဲတပ်ဖွဲ့မှ ရဲချုပ် အဒါမူက ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားရာ၌“ လက်ရှိ ပရမ်းပတာဖြစ်ပွားနေမှုများမှာ ရပ်တန်းက ရပ်သင့်ပြီ” ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ဥပဒေမဲ့မှုများကို ဖြိုခွင်းရန်အတွက် တရားဝင်နည်းလမ်းအားလုံးကို အသုံးပြုရန် အမိန့်ပေးကြောင်း၊ ပြဿနာဖန်တီးသူတို့သည် တရားဥပဒေ ချိုးဖောက်ခြင်းဖြင့် နိုင်ငံနှင့်နိုင်ငံသားတို့၏ လိုအင်ဆန္ဒသဘောထားကို သွေးတိုးမစမ်းသင့်ကြောင်း သတိပေးလိုက်သည် ပါရှိသည်။ 


သောကြာနေ့၌ လာဂို့စ် ဆန္ဒပြပွဲများအား စီစဉ်ရာတွင် အဓိကကျသူတစ်စုတို့က လူအများအနေဖြင့် မိမိတို့၏ နေအိမ်များ၌သာ နေထိုင်ကြရန်တိုက်တွန်းခဲ့သည်။ အခြား ထင်ရှားသော ဆန္ဒပြသူ အုပ်စုတစ်စုကလည်း ၎င်းတို့၏ ဝန်းရံသူများအား ညမထွက်ရအမိန့်ကို လိုက်နာရန် အကြံပြုလိုက်ပြီး SARS ဖျက်သိမ်းရေး ကန့်ကွက်ဆန္ဒပြပွဲများအတွက် လှူဒါန်းမှုများပြုလုပ်တော့မည် မဟုတ်ကြောင်း သတင်းထုတ်ပြန်သည်။ 



#နိုင်ဂျီးရီးယားကန့်ကွက်ဆန္ဒပြပွဲများမှလုယက်အကြမ်းဖက်ဖျက်ဆီး 



((( BBC., Oct 25, 2020, “Nigeria protests: Police chief deploys ‘all resources’ amid street violence.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.bbc.com/news/world-africa-54678345 
https://www.bbc.com/news/world-africa-54630592 
https://www.bbc.com/news/world-africa-54628292 
https://www.nytimes.com/2020/10/20/world/africa/Nigeria-protests-shooting.html 

0

Leave a Reply

Your email address will not be published.