ရှီကျင့်ဖျင်တွင် ဒီမိုကရေစီသန္ဓေမရှိ-နိုင်ငံတည်ဆောက်ရာတွင် ဒီမိုကရေစီက သာလွန်ကြောင်း လက်တွေ့ပြမည်ဟု ဘိုင်ဒင်ပြော။ ကန်၏ဒီမိုကရေစီက မြင်တွေ့ရသည်မှာ ကိုဗစ်ကြောင့် ၅-သိန်း-သေနတ်ကိုင်အကြမ်းဖက်၍ နှစ်စဉ် လူ ၄-သောင်းသေဆုံးနေခြင်းဖြစ်ဟု တရုတ်ချေပ။ လင်းယုန်နှင့်နဂါး ဒီမိုကရေစီ စကားစစ်ထိုး


တရုတ်သမ္မတ #ရှီကျင့်ဖျင်သည်_ဒီမိုကရေစီသန္ဓေမရှိသူဖြစ်ကြောင်း၊ နိုင်ငံတည်ဆောက်ရာတွင် ဒီမိုကရေစီက သာလွန်သည်ကို မိမိတို့လက်တွေ့ပြသမည်ဟု သမ္မတရာထူးလက်ခံရရှိပြီးနောက် ကြာသပတေးနေ့၌ ကျင်းပသည့် ၎င်း၏ ပထမဆုံးတစ်ကိုယ်တော် မီဒီယာတွေ့ဆုံပွဲတွင် ဂျိုးဘိုင်က  ပြောဆိုသည်။ ထိုအတွက် နိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီ မည်မျှရနေပြီဟု တံဆိပ်ကပ်ရန်ကိစ္စ မှာ ၎င်းနိုင်ငံ၏ နိုင်ငံသားများအပေါ် ကျွေးမွေးစောင့်ရှောက်ခြင်းလောက် အရေးမကြီးကြောင်းတရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြင်းထန်စွာဝေဖန်ရှတ်ချ၍ အမေရိကန်သမ္မတ၏ မှတ်ချက်ကိုပယ်ချလိုက်ကြောင်း Russia Today က ယမန်နေ့ ရေးသားသည်။


သောကြာနေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်းရင်က ချေပရာ၌ မည်သည့်နိုင်ငံက ဒီမိုကရေစီကျင့်သုံးသည် မည်သည့်နိုင်ငံက ဗဟိုကြိုးကိုင်စံနစ်ဖြင့် အုပ်ချုပ်သည်ဆိုခြင်းမှာ ၎င်းနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှု၊ လူမှုဘဝဖွံ့ဖြိုးမှု၊ နိုင်ငံသားတို့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုတို့လောက် အရေးမကြီးလှကြောင်း၊ #ပြည်သူကိုဗဟိုပြုသည့်_အတွေးအခေါ်ကို အလေးထားသည့် တရုတ်နိုင်ငံသည် #နိုင်ငံရေးပါတီများ၏_အကျိုးစီးပွားကို_ဗဟိုပြုသည့်_ရွေးကောက်ပွဲနိုင်ငံရေးစံနစ် အမေရိကန်နှင့် လုံးဝခြားနားကြောင်း၊ အမေရိကန်သည် ချမ်းသာကြွယ်ဝ၍ အင်အားကြီးသော်လည်း ၎င်းနိုင်ငံပြည်သူတို့အတွက် အကျိုးမရှိကြောင်း အမေရိကန်၏ ဒီမိုကရေစီအားနည်းချက်များကို ထောက်ပြခဲ့သည်။

…   
အမေရိကန်သည် ၎င်း၏ ပြည်တွင်းရေးစိန်ခေါ်ချက်များကို အများအာရုံလွဲအောင် (အခြားနိုင်ငံများအား လက်ညှိုးထိုးနေကြောင်း၊ အမေရိကန်၏ ဒီမိုကရေစီသည် မည်၍ မည်မျှရှိနေသည်ဟု ၎င်းဖာသာ ကြွားလုံးထုတ်နေသကဲ့သို့ လက်တွေ့ မဟုတ်ကြောင်း၊ ကူးစက်ကပ်ရောဂါကြောင်း လူ ၅-သိန်းကျော်သေဆုံးနေခြင်း၊ သေနတ်ကိုင်အကြမ်းဖက်ခြင်းများကြောင့် နှစ်စဉ် လူ ၄-သောင်းကျော် အသတ်ခံနေရခြင်းတို့ကို (အမေရိကန်အစိုးရအနေဖြင့်) မည်သို့မျှ မတတ်နိုင်ပဲ ငုတ်တုတ်ကြည့်နေရကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနပြောခွင့်ရအမျိုးသမီးက ချေပသည်။

…   
တရုတ်၏ ရပ်တည်ချက်သည် အမေရိကန်အတွက် ကြီးမားသော စိန်ခေါ်မှုများ ရှိနေကြောင်း ကြာသပတေးနေ့ မီဒီယာတွေ့ဆုံပွဲတွင် ဂျိုးဘိုင်ဒင်က ဝန်ခံလိုက်သည်။

…   
တရုတ်သည် အမေရိကန်ကို ကျော်တက်ကာ ကမ္ဘာ့အချမ်းသာဆုံး၊ အင်အားအကြီးဆုံး နံပါတ်-၁ နိုင်ငံအဖြစ်အရောက်လှမ်းရန် အလုံးစုံရည်မှန်းချက်ရှိနေကြောင်း၊ သို့သော် ၎င်းတို့ မျှော်မှန်းထားသကဲ့သို့ ဖြစ်မလာနိုင်သည်မှာ ကျွန်ုပ်၏ အမြင်တွင် သေချာလျှက်ရှိကြောင်း၊ နိုင်ငံတည်ဆောက်ရာတွင် ဒီမိုကရေစီက သာလွန်သည်ကို ကျွနု်ပ်တို့ လက်တွေ့ပြသမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုပြီး တရုတ်ခေါင်းဆောင်နှင့် ပတ်သက်၍ “ သူဟာ ဒီမိုကရေစီ သန္ဓေပါသူ မဟုတ်ဖူး၊ ဒါပေမဲ့ အတော် စမတ်ကျသူ တစ်ယောက်ပါပဲ “ ဟု အမေရိကန် သမ္မတက မှတ်ချက်ပြုခဲ့သည်။

…  
အမေရိကန်နှင့်တရုတ်နိုင်ငံ၏ဆက်ဆံရေးသည် ဘိုင်ဒင်အစိုးရ အာဏာရချိန်မှစ၍ တိုးတက်မည့်လက္ခဏာ အနည်းငယ်သာရှိသည်။ တရုတ်၏ ရှင်းကျန့်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အမေရိကန်နှင့်၎င်း၏မဟာမိတ်နိုင်ငံများ၏ ကျယ်လောင်စွာ ပြောဆိုမှုများမှာ တရုတ်အား ဒေါသပုန်ထစရာ ဖြစ်ခဲ့ရသည်။

…  
((ဒီမိုကရေစီအေပါ် အရှေ့နှင့် အနောက် ခံယူပုံမတူကြောင်း ကျွန်တော်တစ်ဦးတည်းအနေဖြင့် ထင်ထင်ရှားရှား စတင်ကြားဖူးသည်မှာ ကွယ်လွန်သူ စင်္ကာပူခေါင်းဆောင် လီကွမ်းယူ၏ အဆိုအမိန့်များဖြစ်သည်။ ဒီမိုကရေစီထက် စည်းကမ်းပြည့်ဝခြင်းက အရေးကြီးသည်၊ အနောက်နိုင်ငံများ၏ ပါလီမန်စံနစ် နိုင်ငံရေးသည် အာရှနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်မည်မဟုတ်ဟူသော လီကွမ်ယူ၏ ဒဿနများမှာ ၁၉၉၂-၁၉၉၈ ခုနှစ်တစ်ဝှိုက် ဖိလစ်ပိုင်နိုင်ငံတွင် ပွဲအဆူဆုံး ခေါင်းစဉ်များဖြစ်သည်။

…  
ထိုစဉ်က ဖိလစ်ပိုင်နိုင်ငံသည် ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ဖီဒယ်ရာမို့စ်က ဆက်လက်ဦးဆောင်သည့် ကာလဖြစ်သည်။ အသတ်ခံလိုက်ရသော အတိုက်အခံခေါင်းဆောင် အကွီနို၏ ဒီမိုကရေစီ လှုပ်ရှားမှုများ ခါးဆက်မပြတ်စေရန် အနောက်နိုင်ငံများက ထပ်မံပွဲထုတ်အရောင်တင်သည့် ကိုရာဇွန်အကွီနို၏ မအောင်မြင်သော နှစ်များအပြီး၌ ဖြစ်သည်။

…   
သမ္မတရာမို့စ်သည် အာဏာရှင် မားကို့စ်လက်ထက်၌ ဒုတိယ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့ဖူးသည်။ ဖိလစ်ပိုင်၏ ဒီမိုကရေစီအရေး လူထုအုံကြွမှုတွင် မားကို့စ်အား ပုန်ကန်လျှက် စက်သေနတ်ကိုင်ဆွဲကာ ကိုရာဇွန်အကွီနိုအား မာလကန် နန်းတော်အရောက် ပို့ပေးခဲ့ဖူးသူဖြစ်သည်။

…  
တနည်းအားဖြင့် #နိုင်ငံရေးတွင်_တော်လှန်ရေးသမားနှင့်_တည်ဆောက်ရေးသမား လိုင်းချင်းမတူကြောင်း၊ အာဏာရှင်အလွန် နိုင်ငံတစ်ခုလုံး ချုံးချုံးကျနေချိန်တွင် တော်လှန်ရေးသမားနှင့် အပြောချည့် လေပတ်ကား ရိုက်ယုံသာ ကျွမ်းကျင်သော နိုင်ငံရေးသမားတို့ကိုကြည့်ကာ ရာမိုစ့်နှင့်တကွ ဖိလစ်ပိုင်ပြည်သူတို့ ဘာဆက်လုပ် မှန်းမသိပဲ အကြီးအကျယ် စိတ်ပျက်နေချိန်လည်းဖြစ်သည်။

(((Russia Today.,26 Mar, 2021, Democracy has seen 500,000 US Covid deaths: China hits back as Biden says Xi Jinping ‘doesn’t have a democratic bone in his body’” နှင့်” Beijing blasts US for historical use of slave labor, dismissing Nike and H&M allegations on rights abuses in Xinjiang.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

လင်းယုန်နှင့် နဂါး ဒီမိုကရေစီ စကားစစ်ထိုးပွဲ

https://www.rt.com/news/519255-china-biden-democracy-values-covid19/
https://www.rt.com/news/519134-china-nike-america-xinjiang-labor/
https://www.washingtonpost.com/opinions/the-us-admires-lee-kuan-yew-because-he-did-what-we-cant/2015/03/30/564b4610-d6fa-11e4-8103-fa84725dbf9d_story.html
https://www.panaynews.net/an-ageless-encounter-edsa-people-power-revolution-remembered/ 

0

Leave a Reply

Your email address will not be published.