လက်နက်ဒါဏ်ကာကွယ်ပစ္စည်းနှင့် လက်နက်ကိရိယာ ကြော်ငြာများကို အမေရိကန်နိုင်ငံအတွင်း Facebook တားဆီး၊ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် ယင်းမတိုင်မီ ဝါရှင်တန်ဒီစီနှင့် ပြည်နယ် မြို့ကြီး ၅၀ တို့၌ လက်နက်ကိုင်ကန့်ကွက်ပွဲများ ပေါ်ပေါက်နိုင်ဟု FBI သတိပေး


၎င်း၏ လူမှုကွန်ယက်ပလက်ဖောင်းပေါ်ရှိ လက်နက်ဒါဏ်ကာကွယ်ပစ္စည်းနှင့် လက်နက်ကိရိယာဆိုင်ရာ အရောင်းမြှင့်တင်ရေး ကြော်ငြာများကို တားဆီးလျှက်ရှိရာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင်၏ ကျမ်းသစ္စာ ကျိန်ဆိုမည့် ဇန်နဝါရီ ၂၀ ရက် နောက်ပိုင်း အနည်းဆုံး ၂ -ရက်မတိုင်မီအထိ အမြန်ဆုံး အကောင်အထည်ပေါ်မည်ဖြစ်ကြောင်း Facebook က စနေနေ့၌ ပြောဆိုသည်ဟု Reuters က ယနေ့ရေးသားသည်။

..   
ဇန်နဝါရီ ၆ ရက်တွင် အမေရိကန်ပါလီမန်အဆောက်အအုံအား လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်အပေါ် ထောက်ခံသူတို့က တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုအတွင်း၌ ကျည်ကာအင်္ကျီ၊ ပစ္စတိုသေနတ်စလွယ်အိတ်ကဲ့သို့ ပစ္စည်းကိရိယာဆိုင်ရာ ကြော်ငြာများကို တားဆီးမည်ဖြစ်ကြောင်း လူမှုကွန်ယက်မီဒီယာများက ပြောဆိုခဲ့သည်။ မိမိတို့အနေဖြင့် လက်နက်၊ ခဲယမ်းမီးကျောက်နှင့် အသံတိတ်ကိရိယာကဲ့သို့ သေနတ်၏စွမ်းရည်ကို မြှင့်တင်ပေးသည့် ပစ္စည်းကြော်ငြာများအား တားဆီးခဲ့ပြီးဖြစ်ကြောင်း၊ သို့သော်လည်း လက်နက်နှင့် ဆက်စပ်သည့် ပစ္စည်းကြော်ငြာများကိုလည်း တားဆီးမည်ဖြစ်ကြောင်း Facebook က ၎င်း၏ ဘလော့ဂ်စာမျက်နှာ၌ ဖော်ပြထားကြောင်း တွေ့ရှိရသည်။ 

..
သောကြာနေ့တွင် အမေရိကန်အထက်လွှတ်တော်အမတ် ၃-ဦးတို့က Facebook ၏ အမှုဆောင်အရာရှိချုပ် မတ်ခ်ဇူကာဘတ်ထံ ပေးပို့သည့်စာတွင် လက်နက်ကိုင်တိုက်ခိုက်ရာ၌ အသုံးပြုရန် ရှင်းလင်းစွာ ဒီဇိုင်းပြုလုပ်ထားသော ပစ္စည်းထုတ်ကုမ္ပဏီများ၏ ကြော်ငြာများကို အမြဲတမ်း ပိတ်ဆို့ထားရန်၊ အမေရိကန်၏ ပြည်တွင်းရန်သူများသည် အဆိုပါကုမ္ပဏီတို့က ထုတ်လုပ်သော ပစ္စည်းကိရိယာများနှင့် လူမှုကွန်ယက် ပလက်ဖောင်းတို့ကို ၎င်းတို့၏ တရားမဝင်ရည်ရွယ်ချက်များအတွက် အသုံးချခဲ့ခြင်းနှင့် နောက်နောင် အသုံးပြုခြင်းများအပေါ် တာဝန်ယူရန် အပြင် အခြားအရေးယူမှုများပြုလုပ်ရန် အထက်လွှတ်တော်ရှိ ဒီမိုကရက်အမတ်အားလုံးတို့က တောင်းဆိုကြောင်း ပါရှိသည်ဟု သိရှိရသည်။

..  
ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်နှင့် အမေရိကန်ကက်ပီတိုလ် အဆောက်အအုံကဲ့သို့ အရေးပါနေရာများ၊ ပြည်နယ်ပါလီမန်အဆောက်အအုံများနှင့် နီးကပ်သောနေရာတို့နှင့် ဆက်စပ်လျှက် “ Events“ အသစ်များ လွှင့်တင်ခြင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့အထိ တားဆီးခြင်းများအား Facebook က သောကြာနေ့၌ ပြုလုပ်ခဲ့သည်။ 

..
အမေရိကန်ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို FBI ကလည်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲနှင့် ယင်းမတိုင်မီ ဝါရှင်တန်ဒီစီနှင့် ပြည်နယ်မြို့ကြီး ၅၀ တို့၌ လက်နက်ကိုင် ကန့်ကွက်ပွဲများ ပေါ်ပေါက်နိုင်ကြောင်း သတိပေးထား ပြီး ဖြစ်သည်ဆို၏။ 
..
ရွေးကောက်ပွဲဆိုင်ရာ သတင်းမှား လှုံ့ဆော်ခြင်းများ၊ ဇန်နဝါရီ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သောအကြမ်းဖက်မှု ဆက်စပ်သတင်းများနှင့် စစ်ဘက်သုံးဆိုင်ရာပစ္စည်းကြော်ငြာများကို Facebook တွင် လွှင့်တင်လျှက်ရှိကြောင်း BuzzFeed မီဒီယာက ယခုရက်သတ္တပတ်၌ ဖော်ပြခဲ့သည်။ 

..
Facebook ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ BuzzFeed တွင် ဖော်ပြသည့် အကြောင်းအရာနှင့် ပတ်သက်သည့် စာမျက်နှာအားလုံးတို့ကို ဖယ်ရှားပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် ထောက်လှမ်းရေး၊ အကြမ်းဖက်မှုဆန့်ကျင်ရေးနှင့် တရားဥပဒေစိုးမိုးရေးကျွမ်းကျင်သူများ၏ အကူအညီရယူလျှက် ဆောင်ရွက်လျှက်ရှိကြောင်း Facebook က ရှင်းလင်းပြောဆိုသည်။ 

..
(( အမေရိကန်နိုင်ငံတွင် ၂၀၂၀-ခုနှစ် ရွေးကောက်ပွဲရလဒ်အငြင်းပွားမှုနှင့် လက်ရှိဖြစ်ပွားနေဆဲ စိုးရိမ်ဖွယ်အကြပ်အတည်း၏ မူလအစမှာ ရွေးကောက်မတိုင်မီကပင် စာတိုက်မဲများနှင့် ပတ်သက်၍ မသမာနိုင်ဖွယ်ရှိကြောင်း ဒေါ်နယ်ထရမ့်၏ သင်္ကာမကင်းခြင်း ဖြစ်လေသည်။

..  
ရွေးကောက်ပွဲရလဒ်တွင် #Popular_Vote တိုက်ရိုက်လူထုမဲတွင် ဘိုင်ဒင်က ၅၁.၃ % ထရမ့်က ၄၆.၉ % ရရှိသဖြင့် ၄.၄ ရာခိုင်နှုန်း နှာတစ်ဖျားအသာဖြင့် ဘိုင်ဒင်က အနိုင်ရရှိသည်။ #Electoral College ခေါ် ရွေး ကောက်ပွဲအဖွဲ့မဲတွင်မူ ထရမ့်က ၂၃၂ မဲသာ ရရှိပြီး ဘိုင်ဒင်က ၃၀၆ မဲရရှိ၍ အနိုင်ရရှိရန်လိုအပ်သည့် မဲ ၂၇၀ ကျော်လွန်သည်။ သို့သော် ဘိုင်ဒင်အနိုင်ရသည့် မဲများမှာ စာတိုက်မှ ပေးပို့သည့် ကြိုတင်မဲများကြောင့် ဖြစ်နေသည်။ ရွေးကောက်ပွဲကျင်းပချိန်တွင် ဖြစ်ပွားလျှက်ရှိသည့် Covid-19 ကူးစက်ကပ်ရောဂါကြောင့် စာတိုက်မှ မဲပေးခွင့်ပြုသည့် စည်းကမ်းသတ်မှတ်ချက်များကို လျော့ပေါ့ခဲ့ရာမှ ယခုကဲ့သို့ သမိုင်းဝင်အငြင်းပွားမှု ဖြစ် ပွားရသည်ဟု ဆိုနိုင်သည်။ 

..  
#လူသိရှင်ကြားစွပ်စွဲချက်တစ်ရပ်မှာ_မှန်ကန်ခြင်းမရှိကြောင်း #စွပ်စွဲခံရသူက_သက်ရှိသက်မဲ့အထောက်အထားများဖြင့် #အခိုင်အလုံသက်သေမပြသနိုင်မချင်း #အဆိုပါစွပ်စွဲချက်မှာ_အမှန်ဖြစ်သည်ဟု_မှတ်ယူနိုင်ပါသည်။ ရွေးကောက်ပွဲအငြင်းပွားမှုဆိုသည်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးတို့က ၎င်းတို့နှစ်သက်သည့်အစိုးရတစ်ရပ်အား အခွင့်အာဏာအပ်နှင်းခြင်းဖြစ်၍ နိုင်ငံတော်-နိုင်ငံသားအားလုံးနှင့်သက်ဆိုင်ပါသည်။ #ပွင့်လင်းမြင်သာမှုမရှိပဲ_တစ်ဦးတစ်ဖွဲ့၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်ဆိုခြင်းမှာ ထိုနိုင်ငံ၏ အနာဂါတ်ဘဝတို့အား အသေသတ်ခြင်းဖြစ်ပါသည်။ 

..
ရွေးကောက်ပွဲ အငြင်းအခုန်ဆိုသည်မှာ ကမ္ဘာအရပ်ရပ်တွင် မကြာခဏ တွေ့ရမြဲဖြစ်ပြီး ငြင်းခုန်လာလျှင် တရားဝင် ဖြေရှင်းပေးရမြဲဖြစ်ပါသည်။ ၂၀၂၀-ခုနှစ် ရွေးကောက်ပွဲမှာ မဲမသမာကြောင်း ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်တို့ကို သက်ဆိုင်ရာတို့က တစ်ဖက်သပ် ပယ်ချခြင်း မရှိခဲ့ပါ။ ပြည်နယ်အချို့တွင် ဆန္ဒမဲများကို လက်ဖြင့် ပြန်လည် ရေတွက်ခြင်း၊ မဲရေတွက်သည့် ကွန်ပျူ တာများအား ပြန်လည်စစ်ဆေးခြင်းစသည်ဖြင့် ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ တရားရုံးများအားကောင်းသော အမေရိကန်၏ ပြည်နယ်နှင့် ဖက်ဒရယ်တရားရုံးများက ထရမ့်၏ စောဒကကို ပယ်ချခဲ့ကြပြီးဖြစ်သည်။ သို့သော်လည်း ထရမ့်က စာတိုက်မဲများအား မသမာမဲများအဖြစ် ဆက်လက်စွပ်စွဲနေခြင်းဖြစ်ပြီး ထရမ့်ထောက်ခံသူများကလည်း ဂျိုးဘိုင်ဒင်အနိုင်ရသည်ဆိုခြင်းကို လက်မခံကြပါ။ ဤတွင် ဇန်နဝါရီ ၆-ရက်နေ့၌ အမေရိကန်ပါလီမန်နှစ်ရပ်ကျင်းပရာ ကက်ပီတိုအဆောက်အအုံကို ဝင်ရောက်စီးနင်းမှု ဖြစ်ပွားရလေသည်။ 

..
ရွေးကောက်ပွဲရလဒ်အရ ထရမ့်ထောက်ခံသူတို့မှာ ၇၄ သန်းကျော်ရှိသဖြင့် ထရမ့်၏ အကောင့်အား တားဆီးသည့် Fecebook, Twitter နှင့် YouTube စသည့် လူမှုကွန်ယက်ပလက်ဖောင်းများအပေါ် ဂယက်ပြင်းစွာ ရိုက်ခတ်ခဲ့သည်။ အသုံးပြုသူများ စွန့်ခွာခြင်းခံရသော Twitter သည် ရှယ်ယာတန်ဖိုးများ ၁၂%ကျဆင်း၍ ဒေါ်လာ ၅-ဘီလီယံ၊ Facebook သည် ရှယ်ယာ ၄.၅% ကျဆင်း၍ ဒေါ်လာ ၃၃.၆ ဘီလီယံ ဆုံးရှုံးသွားခဲ့သည်။ ရုရှား၏ Telegram သည် အမေရိကန်၌ ဒုတိယ အသုံးအများဆုံး လူမှုမီဒီယာအဖြစ် နေ့ချင်း ညချင်း ရောက်ရှိ လာခြင်းမှာ အမေရိကန် အမျိုးသားလုံခြုံရေးအတွက် ရတက်မအေးစရာဖြစ်သည်။

..  
မဲဆန္ဒရှင် ပြည်သူလူထုသာ နှစ်ခြမ်းကွဲသည်မဟုတ် မီဒီယာများသည်လည်း နှစ်ခြမ်းမက ကွဲလေသည်။ သို့သော် မီဒီယာအမာခံများတွင် ဘိုင်ဒင်လိုလားသူများက ထရမ့်ထက် ၄-ဆ သာသဖြင့် နိုင်ငံတကာအမြင်တွင် ထရမ့်ရှုံးကြောင်းသာ ပေါ်လွင်လျှက်ရှိသည်။

..     
ဇန်နဝါရီ ၁၃-ရက်နေ့တွင် လက်ရှိသမ္မတထရမ့်အား စွပ်စွဲပြစ်တင်ကြောင်း ၂၃၂ မဲ-၁၉၇ မဲဖြင့် ဆုံးဖြတ်ခဲ့သော ဒီမိုကရက်တစ်တို့ ကြီးစိုးရာ အောက်လွှတ်တော်သည် ဘိုင်ဒင်အား သမ္မတရာထူးလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ထရမ့်က ကတိပြုခဲ့သည့်တိုင် ၎င်း၏ နိုင်ငံရေးဘဝနှင့် ရီပတ်ဘလစ်ကင်တို့၏ အမျိုးသားရေးဝါဒကိုပါ ရာသက်ပန် နလံမထူနိုင်အောင် ထိုးနှက်လိုကြောင်း သိသာလာပါသည်။ 

..  
အခြေခံဥပဒေပြင်ဆင်ချက်၂၅ အရ သမ္မတတာဝန်ထမ်းဆောင်ရန် မသင့်လျော်ကြောင်း စွပ်စွဲချက်ဖြင့် ဖြုတ်ချ ရန်မှာ အဓိကတာဝန်ယူဆောင်ရွက်ရမည့် ဒုတိယသမ္မတ မိုက်ပင့်စ်က မလုပ်နိုင်ကြောင်း ငြင်းဆိုခြင်းဖြင့် အလုပ်မဖြစ်တော့ချေ။ သက်တမ်းရက်ပိုင်းမျှသာ ကျန်ရှိသည့် ထရမ့်အား ရာထူးမှ ထုတ်ပယ်ရန် အောက်လွှတ်တော်က စွပ်စွဲချက်ကို အထက်လွှတ်တော်သို့ ဆက်လက်တင်သွင်းကြမည်ဟု ဆိုသည်။ 

..  
သို့သော်လည်း ရီပတ်ဘလစ်ကင်တို့ကြီးစိုးရာ အထက်လွှတ်တော် တွင် လိုအပ်မဲ ၃-ပုံ ၂-ပုံရရှိရန် ခဲယဉ်းသည့်အပြင် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုသည့် ဇန်နဝါရီ ၂၀ နောက်ပိုင်း အတော်ကြာမှ အပြီးသတ် အဆုံးအဖြတ် ပေါ်ပေါက်လာဖွယ်ရှိသည်။ 

..
လောလောဆယ် Facebook တွင် လက်နက်နှင့် ဆက်စပ်ပစ္စည်းကြေငြာများ တားဆီးမည်ဆိုခြင်းမှာ လုံခြုံရေးအမြင်အရ ဆီလျော်သော်လည်း နိုင်ငံသားများလွတ်လပ်စွာလက်နက်ကိုင်ဆောင်ခြင်းကို ဆန့်ကျင်သည့် ဒီမိုကရက်တစ်တို့ အာဘော်ဘက်မှ အခွင့်ကောင်း ရရှိသွားခြင်းဖြစ်သည်။ 

..
သို့သော် ၁၉၆၃-ခုနှစ်တွင် လက်သည်မပေါ်သော ဒီမိုကရက်တစ်သမ္မတဂျေအက်ဖ်ကနေဒီ လုပ်ကြံခံရခြင်း၏ နောက်ကွယ်တွင် သေနတ်အလွန်ပေါသည့် အမေရိကန်၌ သူ၏ လက်နက်ကိုင်ဆောင်ခွင့် တားဆီးရေးမူဝါဒကို အကောင်အထည်ဖော်လာခြင်းလည်း ပါဝင်သည်ဟု ဆိုကြပါသည်။ 

..
Black Lives Matter သည် နောက်ပိုင်းတွင် လူဖြူဆန့်ကျင်ဝါဒဖြစ်လာသည်ဟု စွပ်စွဲကြပါသည်။ ထို့ပြင် လူဖြူ ကြီးစိုးရေးဝါဒီတို့ကလည်း ခြေကုတ်ရနေပြီးဖြစ်သည်။ ထိုအတောအတွင်း ကက်ပီတိုလ်နှင့် အစိုးရအဆောက်အအုံများ၌ လက်နက်ကိုင် အမေရိကန်တပ်ဖွဲ့ဝင် ၂၅,၀၀၀ တပ်စွဲထားသည်။    ။ သတင်းဘာသာပြန်သူ )) 

..

#အမေရိကန်ပြည်တွင်း၌လက်နက်ကြော်ငြာများကို #Facebook_တားဆီး

..

((( Reuters., Jan 16 2021, ” Facebook to ban ads promoting weapon accessories, protective gear in US” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
… 
https://www.reuters.com/article/usa-trump-protests-facebook/facebook-to-ban-ads-promoting-weapon-accessories-protective-gear-in-us-idUSL4N2JR080 
https://www.dhakatribune.com/world/north-america/2021/01/17/facebook-to-ban-ads-promoting-weapon-accessories-protective-gear-in-us 
https://www.npr.org/2020/10/23/926258497/when-will-mail-in-ballots-be-counted-see-states-processing-timelines 
https://www.dhakatribune.com/world/north-america/2021/01/16/us-state-capitals-on-edge-for-armed-pro-trump-protests 
https://www.nytimes.com/2020/11/12/us/politics/election-polls-trump-biden.html 
https://news.yahoo.com/trump-wants-supreme-court-overturn-215117642.html 
https://www.chicagotribune.com/news/sns-wp-blm-guns-4832d1f2-a97b-11e5-b596-113f59ee069a-20151226-story.html

0

Leave a Reply

Your email address will not be published.