လက်ယာယိမ်းဝါဒီများနှင့် ဂျော့ချ်ဖလွိုက် လူမျိုးကြီးဝါဒဆန့်ကျင်သူများ လန်ဒန်မြို့လည်တွင် လုံးထွေးသတ်ပုတ်။ ဝန်ကြီးချုပ်ဟောင်း ချာချီ၏ ရုပ်ထုအား လက်သရမ်းဖျက်ဆီးခြင်းမှ ကာကွယ်ရန် သံမဏိပြားများဖြင့် အလုံပိတ်ကာရံထားရ

လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဆန္ဒပြသူများ၏ သမိုင်းဝင်အထိမ်းအမှတ်များကို လက်သရမ်းဖျက်ဆီးနေခြင်းမှ ကာကွယ်ရန် ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်လမ်းများပေါ်သို့ လက်ယာယိမ်းဝါဒီများ စုရုံးရောက်ရှိလာသည်ကို တွေ့မြင်နေကြရသည်။ ပြိုင်ဘက်ဆန္ဒပြသူများအကြား အချင်းချင်း ရုန်းရင်းဆန်ခတ်ဖြစ်ရင်း ရဲတပ်ဖွဲ့ဝင်များနှင့်လည်း ထိပ်တိုက်တွေ့လျှက်ရှိကြောင်း Russia Today က ယနေ့ရေးသားသည်။

လူမျိုးရေးခွဲခြားမှုနှင့် ရဲတပ်ဖွဲ့၏ရက်စက်ကြမ်းကြုတ်မှုများအပေါ် ကန့်ကွက်ဆန္ဒပြမှုများကြောင့် မငြိမ်မသက်ဖြစ်ပွားသည့် ရက်အနည်းငယ်အကြာတွင် Black Lives Matter ဆန္ဒပြသူများအား တန်ပြန်ဆန္ဒပြသည့် လက်ယာဝါဒီတို့၏ စုရုံးမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

မကြာသေးမီရက်များအတွင်း လန်ဒန်နှင့်အခြားနေရာများတွင် ဗြိတိန်နိုင်ငံ၏ အတိတ်ကာလ ကိုလိုနီခေတ်နှင့် ဆက်နွယ်သည့် အချို့သောအထိမ်းအမှတ် များစွာတို့မှာ ဖျက်ဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့တွင် ပါလီမန်ပြင်ပရှိ ဒုတိယကမ္ဘာစစ် ဝန်းကျင်ကာလ ဗြိတိသျှကိုလိုနီအင်ပါယာအား ခုခံကာကွယ်ခဲ့သူ ဝင်စတန်ချာချီ၏ ရုပ်ထုမှာလည်း တစ်ခုအပါအဝင်ဖြစ်ရာ အာဏာပိုင်များက ရုပ်ထုပတ်လည်၌ သံမဏိပြားများ အလုံပိတ်၍ ကာကွယ်ပေးထားရသည်။

လူအများအပြားစုရုံးလျှက်ရှိသည့် လန်ဒန်မြို့လည်ဆန္ဒပြပွဲများသည် တစ်ခဏမျှ တည်ငြိမ်အေးချမ်းသော်လည်း နောက်ပိုင်းတွင် ဆန္ဒပြသူအချို့နှင့် ရဲတပ်ဖွဲ့ဝင်တို့ လုံးထွေးသတ်ပုတ်ကြသည်အထိ ဖြစ်ပေါ်ခဲ့သည်။ လက်ယာယိမ်း ဆန္ဒပြသူ အချို့သည် နာဇီများ နှုတ်ဆက်သည့်သဏ္ဍာန် အမူအရာများ ပြုလုပ်ကြသည်ကို တွေ့မြင်ခဲ့ရသည်။

အချို့သောဆန္ဒပြသူများသည် စာနယ်ဇင်းမျာကိုး ရန်ဘက်သဖွယ် ရှု့မြင်လာပုံရပြီး သတင်းထောက်များကိုလည်း တိုက်ခိုက်ခဲ့ကြရာ နှာခေါင်းမှ သွေးများယိုစီးကျလျှက်ရှိသည့် သတင်းထောက်တစ်ဦးအား ဝိုင်းဝန်းထိုး ကြိတ်လျှက်ရှိသည့် ဆန္ဒပြသူများအလည်မှ ရဲများက ကယ်ထုတ်ခဲ့ရသည်ဆို၏။

လက်ယာယိမ်းဆန္ဒပြသူများသည် ထရာဖော်လ်ဂါရင်ပြင်ရှိ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြသူများထံသို့ ဒေါသတကြီး ပြေးဝင်သွားကြသည်။ ဆန့်ကျင်ဘက် အုပ်စုများတို့အကြား မီးရှူးမီးပန်းများအပါအဝင် ရရာပစ္စည်းများဖြင့် အပြန်အလှန် ပစ်ပေါက်လျှက်ရှိသဖြင့် ရဲများက ကြားဝင်လူစုခွဲစဉ် ရုန့်ရင်းဆန်ခတ်ဖြစ်ခဲ့ရသည်။

ဆန့်ကျင်ဘက် လူစုလူဝေးများသည် ဝါတာလူးဘူတာရုံအပြင်ဖက်နှင့် အချို့သောအဆောက်အ ဦးများအတွင်းဖက်တွင်လည်း နှစ်ဖက်ထိပ်တိုက်တွေ့ကြကြောင်း သတင်းရုပ်သံမှတ်တမ်းများအရ သိရှိရသည်။

((( BLM ဆန္ဒပြသူပွဲများသည် အမေရိကန်သာမက အင်္ဂလန်နှင့် ဥရောပနိုင်ငံများသို့ ပြန့်နှံ့လျှက်ရှိသည်။ သို့သော် ရှိသမျှ ခုနှစ်ရက်သားသမီးအားလုံး တစ်စိတ်တည်း တစ်ဝမ်းတည်း ညီညွတ်စွာဆန္ဒပြနေကြခြင်းမဟုတ်ပါ။

အချို့မှာ ဆန္ဒပြပွဲများကြောင့် မငြိမ်မသက်ဖြစ်ခိုက် စတိုးဆိုင်နှင့် ရှော့ပင်းစင်တာတို့အား ဝင်ရောက်လုယက်ကြသည်။ Black Lives Matter ဆန္ဒပြသူများအား ကားဖြင့် ဝင်တိုက်သူလည်းရှိသည်။ ထို့ကြောင့် အမေရိကန် BLM ဆန္ဒပြပွဲများသည် မာတင်လူသာကင်းခေတ်လို တော်လှန်ရေးအသွင်ဆောင်ရန် အတော် အလှမ်းဝေးမည်ဟု ယူဆပါသည်။

အတိတ်သမိုင်းတွင် ကောင်းကောင်းကြီး အရသာတွေ့ခဲ့သည့် အဆိုပါနိုင်ငံတို့တွင် လူမျိုးကြီးကြီးဝါဒ၊ လူမျိုးခြားမုန်းတီးဖိနှိပ်မှုနှင့် ကိုလိုနီအင်ပါယာအား ပြန်လည်တမ်းတမှုများများ အမြစ်ပြတ် ပျောက်ကွယ်လိမ့်မည်ဟု ကျွန်တော်လုံး၀ မယုံကြည်ပါ။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 13 Jun, 2020 , “Right-wing & BLM protesters face off in London, police intervene (VIDEOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆို သည်။ )))

#လက်ယာယိမ်းဝါဒီများနှင့်_လူမျိုးကြီးဝါဒဆန့်ကျင်သူများ_လန်ဒန်မြို့လည်တွင် လုံးထွေးသတ်ပုတ်

https://www.rt.com/uk/491721-london-statues-blm-protest/

https://www.rt.com/uk/491613-absurd-churchill-monument-risk-johnson/

https://www.rt.com/uk/491714-britain-churchill-statue-online/

0

Leave a Reply

Your email address will not be published.