လင်းနို့မှ “ နစ်ပါဗိုင်းရပ်စ်” ကူးစက်ခြင်းကြောင့် ဘင်္ဂလားဒက်ရှ်တွင် လူ ၆-ဦး ဖျားနာ၊ ၄ – ဦး သေဆုံး။ လင်းနို့၏ ကျင်ငယ်နှင့် သွားရည်တို့တွင် ဗိုင်းရပ်စ်ရှိတတ်ပြီး ဦးနှောက်ရောင်နှင့် ရုတ်တရက်အတက်ရောဂါ ဖြစ်ပွားနိုင်

ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် Nipah virus “ နစ်ပါဗိုင်းရပ်စ် “ ကူးစက်မှု့နှင့် စပ်လျှဉ်း၍ ဘင်္ဂလားဒက်ရှ် ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် သုတေသနဆိုင်ရာအင်စတီကျုဒ့် ( IEDCR ) က ၎င်းတို့၏ ဝဘ်ဆိုဒ်တွင် ဖော်ပြထားရာ ၂၀၂၀ – ခုနှစ်၌ ကူးစက်ခံရမှု့ ၆ – မှု့တွင် လူ ၄-ဦးသေဆုံးကြောင်း ပါရှိသည်ဟု Outbreak News Toady က ဇန်နဝါရီ – ၃၀၊ ၂၀၂၀ ရက်နေ့တွင် ဖော်ပြသည်။

ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယတို့တွင် ဖြစ်ပွားလျှက်ရှိသော နစ်ပါးဗိုင်းရပ်သည် သစ်သီးစားလင်းနို့၏ ကျင်ငယ်၊ သွားရည်များမှတဆင့် အများဆုံးကူးစက်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာအရ သိရှိရသည်။ သစ်သီး သို့မဟုတ် စွန်ပလွံရည်ကဲ့သို့ အချိုရည်ထွက်ကုန်ကြမ်းများကို စားသောက်လေ့ရှိသည့် လင်းနို့တို့တွင် အဆိုပါ ဗိုင်းရပ်စ်ကို တွေ့ရသည်။ နစ်ပါးဗိုင်းရပ်စ်သည် တိရစ္တာန်မှတစ်ဆင့် လူသို့ ရောဂါဖြစ်ပွားစေသော်လည်း လင်းနို့တွင်မူ ရောဂါဖြစ်ပွားသည်ဟူ၍ မရှိချေ။

မကြာသေးခင်က ရောဂါဖြစ်ပွားမှု့မှာ အိန္ဒိယနှင့် ဘင်္ဂလားဒက်ရှ်တွင် လူ-လူချင်း ဗိုင်းရပ်စ်ကူးစက်ရာမှ အများဆုံးဖြစ်သည်ဆို၏။ ဗိုင်းရပ်စ်ကူးစက်ခံရသူသည် ရောဂါလက္ခဏာ မပြသတတ်သည်မှ ဦးနှောက်ရောင်ရမ်းသေဆုံးသည်အထိ ဖြစ်ပွားနိုင်သည်။ Encephalitis “အင်ကဖလိုက်တစ် ဦးနှောက်ရောင်ရောဂါ “ နှင့် ရုတ်တရက်တက်ခြင်း အပြင်းစားတို့သည် ၂၄ နာရီမှ ၄၈ နာရီအတွင်း “ ကိုမာ ” သတိလစ်မေ့မျောခြင်း ဖြစ်စေနိုင်သည်။ ထိုသို့ ဖြစ်ပွားပြီးလျှင် အသက်ဆုံးရှုံးရန် ခန့်မှန်းခြေ ၄၀ မှ ၇၅ ရာနှုန်းရှိသည်။ သို့သော်လည်း ရောဂါဖြစ်ပွားခြင်းအပေါ် စောင့်ကြည့်စစ်ဆေးနိုင်မှု့ကိုလိုက်၍ ထိုနှုန်းထားမှာ ပြောင်းလဲနေကြောင်း WHO က ဆိုပါသည်။

ဦးနှောက်ရောင်ရောဂါ ပြင်းထန်စွာဖြစ်ပွားပြီးနောက် ပြန်လည်နလံထူလာအောင် ကုသပေးနိုင်သည်များ ရှိသော်လည်း လူနာ ၂၀ ရာခိုင်နှုန်းခန့်မှာမူ အကြောဆွဲခြင်း၊ ကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်းကဲ့သို့ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာပြဿနာအကျိုးဆက်များ ဖြစ်ပွားလေ့ရှိသည်။

(( လင်းနို့သည် လေတွင် ပျံသန်းနိုင်သော နို့တိုက်သတ္တဝါဖြစ်သည်။ လင်းနို့ ၇၀ ရာခိုင်နှုန်းသည် အင်းဆက်စားသတ္တဝါများဖြစ်ကြပြီး ကျန်လင်းနို့တို့မှာ သစ်သီးစားသတ္တဝါများဖြစ်သည်။ အရွယ်အစားအားဖြင့် ဝ.၀၇ အောင်စသာလေး၍ တောင်ပံဖြန့်လိုက်လျှင် ၁-လက်မကျော်ကျော်အရွယ်မှ အလေးချိန် ၃-ပေါင်နှင့် ၅ ပေနီးပါး အထိ ရှိတတ်သည်။ တစ်နေကုန် အိပ်နေလေ့ရှိပြီး ညပိုင်းတွင် အစားအသောက်ရှာဖွေသည်။ အမေရိကတိုက် အလယ်ပိုင်းနှင့် တောင်အမေရိကတို့တွင် တွေ့ရသော လင်းနို့မှာ ကျွဲ၊နွား၊ မြင်းတို့၏ ကျောပေါ်တွင် နား၍ သွေးစုတ်လေ့ရှိသည်။

အလွန်အေးသော အရပ်ဒေသများမှတစ်ပါး ကျန်ဒေသများတွင် တွေ့ရှိရသည့် လင်းနို့မျိုးစိတ် ၃၀၀ ခန့်မှာ ဝတ်မှုန်ကူးခြင်းနှင့် သစ်စေ့များ ပြန့်နှံ့ခြင်းတို့ကို ဖြစ်စေနိုင်သည်။ အပူပိုင်းဒေသ သစ်စေ့များပြန့်နှံ့ရခြင်းတွင် လင်းနို့ အပေါ် လုံးလုံးမူတည်နေသည်။ ဂူများ၊ သစ်ခေါင်းများ၊ တောတောင်တို့တွင်သာမက ချုံပိတ်ပေါင်းများ၊ စပါးကျီ များ၊ ဘုရားရှိခိုးကျောင်း၊ မျှော်စင်များနှင့် အိမ်အိုများအတွင်း၌ ပုန်းအောင်းကာ တစ်နေ့လုံး အိပ်စက်နေတတ်ကြသည်။ မြန်မာနိုင်ငံတွင်တွေ့ရသော လင်းနို့မျိုးစိတ်အချို့သည် လူတို့စိုက်ပျိုးထားသော သစ်သီးဝလံတို့ကို ညဉ့်အချိန်စားသောက်ဖျက်ဆီးတတ်သည်။

သို့ရာတွင် လင်းနို့မျိုးစိတ်အတော်များများမှာ ကောက်ပဲသီးနှံနှင့် သစ်သီးဝလံတို့ကို ဖျက်ဆီးသော ဖလံ-ပိုးမွှား တို့ကို စားသောက်သဖြင့် ကောက်ပဲသီးနှံစိုက်ပျိုးသူတို့၏ ညဉ့်စောင့်စစ်စစ်များဖြစ်သည်။ လင်းနို့ချေးသည် အလွန်ကောင်းသော မြေသြဇာဖြစ်၍ လူတို့၏ မိတ်ဆွေကောင်းများလည်းဖြစ်သည်။ အမေရိကန်နှင့် သြစတေးလျတို့တွင် လင်းနို့တို့အတွက် အိပ်တန်းနှင့် ခိုအောင်းရန် အဆောက်အအုံများ တမင်ဆောက်လုပ်ပေး ထားတတ်သည်။

အိပ်တန်းတစ်ခုတည်းတွင် လင်းနို့ပေါင်းများစွာစု၍ အိပ်လေ့ရှိသည်။ မှောင်စပျိုး၍ မှောင်ရိပ်လွှမ်းလာချိန်ရောက်မှ ပျားအုပ်ကြီးသဖွယ် အပြင်သို့ အုပ်စုဖွဲ့ ပျံထွက်လေ့ရှိကြသည်။ လင်းနိ့များသည် ပေါက်ပွားလာသော သားငယ်များအတွက် အသိုက်ဖွဲ့ပေးလေ့မရှိပါ။ လင်းနို့မတို့သည် သူတို့၏သားငယ်များကို အတောင်ဖြင့်ပိုက်ထွေးလျှက် နို့ချိုတိုက်ကျွေးကြသည်။ သားငယ်သည် မိခင်၏ကိုယ်တွင် ခြေလက်မြဲမြံစွာ တွယ်ကပ်နိုင်စွမ်းရှိလာသည့်အခါ မိခင်သည် သားငယ်နှင့် အတူ ညဉ့်အချိန်၌ အစာရှာထွက်လေ့ရှိသည်။ သို့မဟုတ်လျှင်လည်း သားငယ်ကို တစ်နေရာရာတွင် ဝှက်ထားခဲ့ပြီး အစာရှာဖွေသည်။ ။ ပျံသန်းချိန်မှလွဲလျှင် စောက်ထိုးနေလေ့ရှိသော သတ္တဝါသည် မည်သို့ကလေး မီးဖွားသည်ဆိုခြင်းနှင့် ပြုတ်ကျမသွားသော မွေးကင်းစသားငယ်ကို နို့ချိုတိုက်ပုံမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Outbreak News Toady., January 30, 2020, “Nipah virus: Bangladesh IEDCR reports 6 cases, 4 deaths. “ ကို Mal Nyeinn ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#အင်ကဖလိုက်တစ်ဦးနှောက်ရောင်ရောဂါ #လင်းနို့ #နစ်ပါးဗိုင်းရပ်စ်

https://www.newindianexpress.com/states/kerala/2020/jan/31/keralas-first-coronavirus-patient-brings-back-memories-of-2018-nipah-outbreak-2096918.html

https://edition.cnn.com/2020/01/29/health/bats-viruses-coronavirus-scn/index.html

https://www.who.int/csr/disease/nipah/en/.

0

Leave a Reply

Your email address will not be published.