လစ်ဗျားပဋိပက္ခသို့ ငြိမ်းချမ်းရေးတပ်များစေလွှတ်ပေးမည်ဟု ဂရိကမ်းလှမ်း၊ ရန်စောင်နေသော နေတိုးအဖွဲ့ဝင်ဥရောပနှစ်နိုင်ငံတို့ လစ်ဗျားတွင် ကိုယ်စားပြုစစ်ခင်းမည့်အရိပ်အယောင်ပြသ။ Safe Zone သတ်မှတ်ခြင်းနှင့် R2P ခံလိုက်ရပြီး လစ်ဗျားပြည်တွင်းစစ်နှင့် ပထဝီနိုင်ငံရေး အရေးပါမှု့

အီရန်ဗိုလ်ချုပ်ကာဆင်စူလမန်နီအား အမေရိကန်က ဘဂ္ဂဒက်လေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ခြင်းမှအစပြုကာ တတိယကမ္ဘ္ဘာစစ်ချောက်ကမ်းပါးအတွင်း ကျအံ့ဆဲဆဲဖြစ်ခဲ့ရသည်ကို ကမ္ဘ္ဘာသူကမ္ဘာသားတို့ မြင်တွေ့လိုက်ရ သည်။ ယခုတစ်ဖန်လစ်ဗျားနိုင်ငံအတွင်း စင်ပြိုင်အစိုးရနှစ်ဖွဲ့အကြား လက်နက်ကိုင်အဖြေရှာပွဲတွင် ဒေသတွင်းနိုင်ငံများ၏ အားပြိုင်မှု့ ကိုယ်စားပြုစစ်ခင်းလျှက်ရှိသည်ကို စိတ်မသက်သာဖွယ်မြင်တွေ့နေရသည်။ ထိုအချိန်တွင် လစ်ဗျားသို့ ငြိမ်းချမ်းရေးတပ်များစေလွှတ်ရန် ကမ်းလှမ်းခြင်းဖြင့် နေတိုးအဖွဲ့ဝင် ဂရိနှင့်တူရကီ ရှားစောင်းစေး နှင့်မျက်ချေး အိမ်နီးချင်းဥရောပနှစ်နိုင်ငံတို့လည်း အတိအလင်းပါဝင်လာသည်ဟု Russia Today က ဇန်နဝါရီ ၁၇-ရက်နေ့၌ ရေးသားသည်။

စင်ပြိုင်အစိုးရနှစ်ဖွဲ့အကြား ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲပျက်ပြားသွားသည့် လစ်ဗျားနိုင်ငံသို့ မိမိတို့၏ ငြိမ်းချမ်းရေးတပ်များစေလွှတ်ရန် ဆန္ဒရှိကြောင်း ဂရိနိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။ ဤသည်မှာ လစ်ဗျားတိုဘရုခ်အစိုးရ ဗိုလ်ချုပ်ခလီဖာဟဇ်တာ၏ LNA တပ်များထိုးစစ်ကို အသေအလဲခုခံနေရသည့် ထရီပိုလီအစိုးရအား ကူညီရန် စစ်တပ်ဖွဲ့များ စေလွှတ်လျှက်ရှိသည့် တူရကီနိုင်ငံနှင့် ထိပ်တိုက်တွေ့လိုကြောင်း သွယ်ဝှိုက်ဖော်ပြခြင်းဖြစ်သည်ဆို၏။

ဂျာမနီနိုင်ငံဘာလင်မြို့တွင် လစ်ဗျားစင်ပြိုင်အစိုးရနှစ်ဖွဲ့ ထိပ်သီးချင်းတွေ့ဆုံပွဲရက်မတိုင်မီ ယခုကဲ့သို့ ခင်းကျင်းလာခြင်းမှာ လစ်ဗျား၏ ပထဝီနိုင်ငံရေး အရေးပါမှု့ဂယက်ရိုက်ခတ်ခြင်းဖြစ်ကြောင်း ဂရိသံတမန်ဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။ တူရကီ-ဂရိ-လစ်ဗျား သုံးပွင့်ဆိုင်အလယ်တည်တည့်တွင် ဂရိအုပ်ချုပ်ရေးအဏာသက်ရောက်ရာ “ ကရီတီကျွန်း “ တည်ရှိသည်။ ဂရိဒဏ္ဍာရီလာ ဇုစ်နတ်ဘုရင် ဖွားမြင်ရာဟု မှတ်ယူကြသည့် အဆိုပါကျွန်းကမ်းလွန်ရေပြင်တွင် တူရကီနှင့် လစ်ဗျားထရီပိုလီအစိုးရတို့က ရေနံရှာဖွေထုတ်ယူရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ ဂရိနိုင်ငံ၏ ကိုယ်ပိုင်စီးပွားရေးဇုံကို ရန်သူတော်ဟောင်း တူရကီက ခြိမ်းခြောက်လာသည့် အနေအထားမှာ ဂရိနိုင်ငံအား ပဋိပက္ခအတွင်း သွယ်ဝှိုက်ဆွဲသွင်းရာ ရောက်စေခဲ့သည်။

ဂရိ၏ သဘောထားမှာ လစ်ဗျားတင်းမာမှု့တွင် တူရကီနှင့် ထိပ်တိုက်တွေ့မည့် အလားအလာ တိုးမြင့်လာစေသဖြင့် ဂျာမနီ၊ ပြင်သစ်ကဲ့သို့ အီးယူထိပ်သီးနှင့် အခြားဥရောပနိုင်ငံများအနေဖြင့် အာရုံစိုက်ဖွယ်ဖြစ်လာခဲ့သည်။ သို့သော် တူရကီနှင့်ယှဉ်လျှင် စစ်အင်အားချိနဲ့သော ဂရိသည် ဥရောပအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အပြင် လစ်ဗျားအရေး၌ ပြည်တွင်းနိုင်ငံရေးအုပ်စုများကလည်း စိတ်ပါဝင်စားခြင်းမရှိချေ။ လက်နက်ကိုင်တပ်များ အမှန်တကယ် စေလွှတ်ရန် အလားအလာနည်းပါးသည်။ ဂရိ၏ စစ်ရေးအကူအညီမှာလည်း ဟဖ်တာ၏ LNA တပ်များ အပြတ်အသာစီးဖြင့် အဆုံးအဖြတ်အဖြေထွက်သည်အထိ လုံလောက်ရန်ခဲယဉ်းသည်။

သို့သော်လည်း ဂရိက တပ်များစေလွှတ်ရန်ဆန္ဒရှိသည်ဆိုခြင်းမှာ ထရီပိုလီအစိုးရအား ကူညီရန်လစ်ဗျားသို့ တပ်များစေလွှတ်နေပြီဖြစ်သော တူရကီနှင့်အပြိုင် Proxy War ကိုယ်စားပြုစစ်ခင်းမည့်အကြောင်း ကနဦးခြေလှမ်းပြသခြင်းအဖြစ် ပထဝီနိုင်ငံရေးလေ့လာသူများက မှတ်ယူကြသည်။ ထိုအတွက် သဘောကွဲလွဲနေသော နေတိုးစစ်စာချုပ်အဖွဲ့ဝင် စူပါနိုင်ငံများအကြား အခြေအတင်နက်ရှိုင်းလာစေနိုင်သည်။ တူရကီနှင့် ဂရိအိမ်နီးချင်းနှစ်နိုင်ငံတို့သည် အာမေးနီးယားတွင် ဂရိလူမျိုးများကို အော့တိုမန်တူရကီက အစုအပုံလိုက် သတ်ဖြတ်ခြင်းကြောင့် ၁၉၁၉-၁၉၂၂ ခုနှစ်များအပါအဝင် စစ်ခင်းခဲ့ကြဖူးသော သမိုင်းရှိသည်။ မြေထဲပင်လယ် ဆိုက်ပရပ်စ် ကျွန်းအရေးနှင့်ပတ်သက်၍ အိမ်နီးချင်းနှစ်နိုင်ငံအကြား ဝေဟင်နှင့် ရေပြင်တွင် အနီးကပ်ထိပ်တိုက်တွေ့လျှက်ရှိသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီဖြစ်သည်။

ကုလသမဂ္ဂနိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားထရီပိုလီ GNA အစိုးရအားဖြုတ်ချရန် ထိုးစစ်ဆင်နေခြင်းကို လစ်ဗျားတိုဘရုခ်အစိုးရက ရပ်ဆိုင်းခြင်းမရှိလျှင် တူရကီက တပ်ဖွဲ့ဝင်များ စေလွှတ်ရန်အသင့်ရှိနေကြောင်း၊ LNA ဦးစီးချုပ် ခလီဖဟဇ်တာ ထွက်ပြေးရသည်အထိ သင်ခန်းစာပေးမည်ဖြစ်ကြောင်း တူရကီသမ္မတတေရစ် အာဒိုဂန်က ကြုံးဝါးသည်ဟု Russia Today ၏ အခြားသတင်းတစ်ပုဒ်တွင်တွေ့ရှိသည်။ ခလီဖာဟဖ်တာကလည်း ကြေးစားစစ်သားမှန်သမျှ လစ်ဗျားမြေပေါ်မှ မောင်းထုတ်မည်ဖြစ်ကြောင်းကြေညာခြင်းဖြင့်တုန့်ပြန်သည်။

လစ်ဗျားစင်ပြိုင်အစိုးရနှစ်ဖွဲ့တို့ ထိပ်သီးအဆင့် ဆွေးနွေးရန် မော်စကိုသို့ ထွက်ခွာခြင်းမတိုင်မီ အပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သော ခလီဖာဟဇ်တာသည် ကတိအတိုင်းအကောင်အထည်ဖော်ရန်ပျက်ကွက်ကြောင်း တူရကီက အပြစ်တင်လျှက်ရှိသည်။ အပစ်အခတ်ရပ်စဲရေး ရုရှား၏ ကြားဝင်စေ့စပ်မှု့သည် လစ်ဗျားစင်ပြိုင် အစိုးရနှစ်ရပ်ကြား အပြန်အလှန်စွပ်စွဲခြင်းဖြင့် ပျက်ပြားသွားသည်။ အပစ်အခတ်ရပ်စဲရေးသတ်မှတ်ချက်များသည် LNA ၏ အတိမ်းအစောင်းမခံသော အခြေအနေအား ထည့်သွင်းထားခြင်းမရှိဟုဆိုကာ ဇန်နဝါရီ ၁၄-ရက်နေ့တွင် ခလီဖာဟဖ်တာလည်း လစ်ဗျားသို့ ပြန်ရောက်လာသည်။

ယခုနောက်ဆုံးရရှိသော သတင်းများအရ နိုင်ငံအရှေ့ပိုင်း ရေနံတင်ပို့ရာဆိပ်ကမ်းများအနီး ခလီဖာဟဖ်တာ၏ LNA တပ်များ ချဉ်းကပ်လာသဖြင့် ထရီပိုလီအစိုးရ လစ်ဗျားအမျိုးသားရေနံကုမ္ပဏီ NOC က “ နိုင်ငံတော်အရေးပေါ်အခြေအနေ “ ကြေညာကြောင်း သိရှိရသည်။ နေ့စဉ်စည်ပေါင်း ၈၀၀,၀၀၀ ထုတ်လုပ်သည့် အဆိုပါရေနံများကို ပြည်ပတင်ပို့နိုင်ခြင်းမရှိလျှင် ဆုံးရှုံးရမည့် ဘဏ္ဍာငွေမှာ နေ့စဉ်အမေရိကန်ဒေါ်လာ ၅၅-သန်းရှိကြောင်း NOC ကုမ္ပဏီက သတိပေးသည်။

(( ၂၀၁၁-ခုနှစ်တွင် လစ်ဗျားသို့ “ အာရပ်နွေဦး “ ကူးစက်လာခြင်းနှင့်အတူ အာဏာရှင် ကဒါဖီဖယ်ရှားရေး လူထုအုံကြွမှု့ဖြစ်ပေါ်သည်။ လက်နက်မဲ့ ကန့်ကွက်ဆန္ဒပြသူများအား စစ်အင်အားသုံး၍ ရက်စက်စွာဖြိုခွင်းသည်ဟုဆိုကာ အမေရိကန်ဦးဆောင်သော နေတိုးအုပ်စုနိုင်ငံများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီခွင့်ပြုချက်ယူကာ စစ်ရေးကျူးကျော်စွက်ဖက်ခြင်းဖြင့် R2P လေတော့သည်။ လစ်ဗျားဝေဟင်တွင် သတ်မှတ်ထားသော လေယာဉ်များမှတစ်ပါး မည်သူမျှ မဝင်ရသည့် Safe Zone ပြဋ္ဌာန်းကာ ကဒါဖီအစိုးရအား ဗုံးကြဲ ဆုံးမလေသည်။

ဤတွင် ကဒါဖီ ထွက်ပြေးရပြီး မကြာမီ အသတ်ခံရသည်။ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးပျက်ပြားသွားသော လစ်ဗျားသည်လည်း ရက်သတ္တပတ် ၉၀ ကျော်တည်းနှင့် နိုင်ငံပြိုကွဲသွားတော့သည်။ ပေါ်ပေါက်လာသည့် ကဒါဖီ ဆန့်ကျင်သော လစ်ဗျားအသွင်ကူးပြောင်းရေးကောင်စီ၏ ကြားဖြတ်အစိုးရသည် နိုင်ငံအား ပြန်လည်စုစည်း၍ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးထက် အာဏာခွဲဝေမှု့တွင် ပဋိပက္ခများစွာရင် ဆိုင်ခဲ့ရသည်။

၂၀၁၄-ခုနှစ်တွင် လက်နက်စွဲကိုင်အဖြေရှာခြင်းဖြင့် ဒုတိယအကြိမ်ပြည်တွင်းစစ်မီးလောင်သည်။ ယနေ့တိုင် မငြိမ်ချမ်းနိုင်သော လစ်ဗျားတွင် စင်ပြိုင်အစိုးရ ၂- ရပ် ကွဲပြားလျှက်ရှိသည်။ နိုင်ငံ့အနောက်ပိုင်း ထရီပိုလီ အစိုးရသည် ကုလသမဂ္ဂအသိအမှတ်ပြုဖြစ်သော်လည်း အရှေ့ပိုင်း တိုဘရုခ်အစိုးရက အင်အားပိုမိုကြီးမားပြီး နိုင်ငံ၏နယ်မြေအများစုကို စိုးမိုးထားသည်။ အခြားသော တောင်ပိုင်းပြည်တွင်းနယ်မြေများမှာလည်း ဒေသန္တရလက်နက်ကိုင်များက မင်းမူလျှက် ဖရိုဖရဲဖြစ်လျှက်ရှိသည်။

လစ်ဗျားစင်ပြိုင်အစိုးရတို့ နောက်ကွယ်တွင် အစ္စလာမ်နိုင်ငံများ ကွဲပြားစွာ ရပ်တည်ထောက်ခံလျှက်ရှိသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အီဂျစ်တို့က ကဒါဖီအလွန် လစ်ဗျား ထရီပိုလီအစိုးရကို အရှေ့အလယ်ပိုင်း၏ ကြောက်စရာအကောင်းဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သော “ မွတ်စလင် ဘရားသား ဟုဒ် တို့၏ ရှေ့တန်းတပ်ဦးကြီး “ အဖြစ် ရှု့မြင်ကြသည်။ ပြင်သစ်၊ ရုရှားတို့က လစ်ဗျားတွင် အသာစီးရနေသော တိုဘရုခ်စင်ပြိုင်အစိုးရကို ထောက်ပံ့ပေးသည်။

#လစ်ဗျားပြည်တွင်းစစ်နှင့်ဂရိတူရကီ #လစ်ဗျားပြည်တွင်းစစ်ပထဝီနိုင်ငံရေး အရေးပါမှု့

((( Russia Today., 17 Jan, 2020,” Greek offer to send peacekeeping troops to Libya could spark ‘indirect’ conflict between Ankara and Athens.” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ဆက်စပ်ပူးတွဲသတင်းများမှာ ပေးထားပါ Links များအတိုင်းဖြစ်သည်။ )))

https://www.rt.com/news/478527-greece-indirect-conflict-turkey-libya/

https://www.rt.com/news/478516-greece-send-forces-haftar/

https://www.rt.com/news/478208-erdogan-haftar-teach-lesson-libya/

https://www.rt.com/news/478196-nato-destroyed-libya-statehood/

0

Leave a Reply

Your email address will not be published.