လစ်ဗျားပြည်တွင်းစစ် ဘင်္ဂလားဒက်ရှ် နိုင်ငံသား ၂၆-ဦး အသတ်ခံရကြောင်း ထရီပိုလီ အစိုးရပြောဆို။ အာဖရိကတိုက်သား အခြားရွှေ့ပြောင်းအလုပ်သမား ၄-ဦးအပါအဝင် လူ ၃၀ အသတ်ခံရ

ပြည်တွင်းစစ်ဖြစ်ပွားလျှက်ရှိသော လစ်ဗျားနိုင်ငံတွင် တိုက်ခိုက်မှု၌ လူကုန်ကူးသူမိသားတစ်စု၏ လက်စားချေ သတ်ဖြတ်မှုကြောင့် သေဆုံးသူ အယောက် ၃၀ တွင် ဘင်္ဂလားဒက်ရှ်နိုင်ငံသား ၂၆-ဦး ပါဝင်ကြောင်း လစ်ဗျား အနောက် ပိုင်း ထရီပိုလီအစိုးရက ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် Dhaka Tribune က ယမန်နေ့ ရေး သားသည်။

အရှေ့ပိုင်း တိုဘရုခ်စင်ပြိုင်အစိုးရ၏  ထိုးနှက်မှုကို ခုခံလျှက်ရှိသော နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျား ထရီ ပိုလီ ( GNA ) အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြာသပတေးနေ့ သတင်းထုတ်ပြန်ချက်၌ အဆိုပါ သတ်ဖြတ် မှုမှာ ( ထရီပိုလီ တောင်ဖက် မိုင် ၁၁၀-ခန့်အကွာ ) မစ်ဇ်ဒါမြို့၌ ဖြစ်ပွားကြောင်း၊  ဘင်္ဂလားဒက်ရှ် နိုင်ငံမှ ၂၆ ဦး နှင့်အတူ အာဖရိကရွှေ့ပြောင်းအလုပ်သမား ၄ ဦး သေဆုံးပြီး၊ ဒဏ်ရာရသူ ၁၁ ဦးကို  ဇင်တန်ရှိ ဆေးရုံတစ်ရုံ သို့ ပို့ဆောင်ခဲ့ကြောင်း ပါရှိသည်ဟု Reuters က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရ်ှအစိုးရ ပြည်ပရောက်နိုင်ငံသားများဆိုင်ရာ လူမှုဖူလုံရေးဝန်ကြီးဌာနက ပြောဆိုရာတွင်မူ  ၎င်းတို့ အနေဖြင့် ထရီပိုလီရှိ ဘင်္ဂလားဒက်ရှ်မစ်ရှင်အဖွဲ့နှင့်ဆက်သွယ်ရန်ကြိုးစားနေဆဲဖြစ်ကြောင်း၊ လစ်ဗျားရောက် ဘင်္ဂလားဒက်ရှ်နိုင်ငံသားများမှာ ပြန်ပေးဆွဲပြီး သတ်ဖြတ်ခြင်း ခံခဲ့ရဟန်တူကြောင်း မှတ်ချက် ပြုသည်။

အဆိုပါ သတင်းကို မကြာသေးမီက မိမိတို့ ကြားသိကြောင်း၊ အသေးစိတ်အချက်အလက်များ ရရှိရန် ကြိုးစား လျှက်ရှိပြီး အသက်ရှင်ကျန်ရစ်သူများအား အကူအညီပေးအပ်လျှက်ရှိကြောင်း ကုလသမဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်မှုများဆိုင်ရာအဖွဲ့အစည်း (IOM) က ပြောဆိုသည်။

တစ်ချိန်က လစ်ဗျားနိုင်ငံသည် ရေနံအထောက်အကူ စီးပွားရေးဖွံ့ဖြိုးခြင်းကြောင့် ရွှေ့ပြောင်းအလုပ်သမားများ ပျော်မွေ့ရာ စားကျက်အဖြစ် နှစ်ပေါင်း အတော်ကြာ ရပ်တည်ခဲ့သည်။ ( ၂၀၁၁-ခုနှစ် အမေရိကန်ဦးဆောင် နေတိုး၏ R2P စစ်ရေးလေကြောင်း ကျူးကျော်စွက်ဖက်စဉ် လစ်ဗျား ခေါင်းဆောင် ကဒါဖီ အသတ်ခံရခြင်း နှင့်အတူ နိုင်ငံ၏ အုပ်ချုပ်ရေး-လုံခြုံရေး-ကာကွယ်ရေးများလည်း ပျက်ပြားကာ နိုင်ငံ ပြိုကွဲသွားသည်။ )

အရှေ့-အနောက် စင်ပြိုင်အစိုးရ နှစ်ဖွဲ့အကြားတွင် အာဏာလွန်ဆွဲပွဲ၌ လက်နက်ကိုင်ခြင်းဖြင့် အဖြေရှာ လျှက် ရှိရာ တူရကီကဲ့သို့ ပြည်ပနိုင်ငံများ စစ်ရေးဖြင့် ဗြောက်ကျကျ ဝင်ရောက်စွက်ဖက်လာပြန်သည်။ နိုင်ငံတောင် ပိုင်းတွင် ဒေသန္တရ စစ်ဘုရင်အသီးသီးတို့က ပြည်သူ့စစ်များ ဖွဲ့စည်း မင်းမူလျှက်ရှိပြီး၊ ဘာသာရေး အစွန်း ရောက်များ၊ အကြမ်းဖက်အဖွဲ့အစည်းများ၊ လူကုန်ကူးဂိုဏ်းများ သောင်းကျန်းရာ နယ်မြေကြီးဖြစ်နေသည်။  

ဖရိုဖရဲ ပရမ်းပတာဖြစ်လျှက်ရှိသော လစ်ဗျားသည် မြေထဲပင်လယ်ကို ဖြတ်ကျော်၍ ဥရောပသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသူများအတွက် အရေးပါသောလမ်းကြောင်းဖြစ်နေသည်။

(( ပြိုကွဲလျှက်ရှိသော လစ်ဗျားတွင် အရှေ့ပိုင်း တိုဘရုခ်၊ အနောက်ပိုင်း ထရီပိုလီဟူ၍ အစိုးရနှစ်ဖွဲ ဖြစ်နေသည်။ နှစ်ဖွဲ့စလုံးသည် နီးစပ်ရာနယ်မြေအသီးသီးမှ မဲပေးနိုင်သူများ၏ ထောက်ခံမှုဖြင့် အစိုးရဖွဲ့စည်းထား ကြခြင်း ဖြစ်ပြီး GNA ထရီပိုလီအစိုးရအား ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိအမှတ်ပြုထားသည်။ တိုဘရုခ်အစိုးရ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာ၏ LNA တပ်များသည် နိုင်ငံ၏ နယ်မြေအများစုကို သိမ်းပိုက် ထားနိုင်သည်။ GNA ဘက်တွင် တူရကီက စစ်ရေးဖြင့် ဗြောင်ကျကျ ကူညီလျှက်ရှိပြီး၊ တိုဘရုခ်အစိုးရကိုမူ ဆော်ဒီအုပ်စု၊ အီတလီ၊ ပြင်သစ်တို့က နောက်ကွယ်မှ ကူူညီလျှက်ရှိကြောင်း သတင်းများ ထွက်ပေါ်သည်။  ။ သတင်းသာသာပြန်သူ ))

 ((( Dhaka Tribune., May 28, 2020, “26 Bangladeshis killed in Libya revenge attack.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/world/africa/2020/05/28/26-bangladeshis-killed-in-libya-revenge-attack
https://www.quora.com/Was-Libya-better-under-the-rule-of-Gaddafi
0

Leave a Reply

Your email address will not be published.