လစ်ဗျား ထရီပိုလီအစိုးရ စစ်တက္ကသိုလ်ကို ဒရုန်းဖြင့်တိုက်ခိုက်သဖြင့် ဗိုလ်လောင်း ၃၀ ထက်မနည်းသေဆုံး။ လစ်ဗျားသို့ တူရကီတပ်ဖွဲ့ဝင်များ စေလွှတ်နေပြီ။ တူရကီအား လစ်ဗျား တိုဘရုခ်စင်ပြိုင်အစိုးရက ဂျီဟဒ်စစ် ကြေညာ။

လစ်ဗျားနိုင်ငံတွင် ကုလသမဂ္ဂအသိအမှတ်ပြု ထရီပိုလီ GNA အစိုးရ၏ စစ်တက္ကသိုလ်အား ဒရုန်းလေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် သွေးသံရဲရဲနှင့် ရုပ်ပျက်ဆင်းပျက်သေဆုံးနေကြပုံ အနိဋ္ဌာရုံဓါတ်ပုံများမှာ အွန်လိုင်းတွင် ပြန့်နှံ့လျှက်ရှိသည်ဟု Russia Today က ယနေ့ရေးသားသည်။

တိုက်ခိုက်ခံရခြင်းကြောင့် ဗိုလ်လောင်း ၃၀ ထက်မနည်း သေဆုံးပြီး ၃၃-ဦး ဒါဏ်ရာရရှိကြောင်း၊ ဒါဏ်ရာပြင်းထန်သဖြင့် သေဆုံးသူအရေအတွက် ဆက်လက်တိုးမြင့်နေဆဲဖြစ်သည်ဟု GNA အစိုးရ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

အွန်လိုင်းတွင် ပျံနှံ့လျှက်ရှိသော ဗွီဒီယိုမှာ တန်းစီ အမိန့်နာခံလျှက်ရှိသော အရာရှိလောင်းတစ်စုကို ခပ်လှမ်းလှမ်းမှ ရိုက်ကူးထားခြင်းဖြစ်သည်။ ဒရုန်းမှ ပစ်ခတ်မှု့သည် အဆိုပါ အရာရှိလောင်းများအား တိုက်ရိုက်ထိမှန်သွားခဲ့ပြီး အနည်းငယ်မျှသာ လွတ်မြောက်ကြောင်း တွေ့မြင်နေရသည်။

ဒုတိယမြောက်ဗွီဒီယိုသည် တိုက်ခိုက်ခံရပြီးနောက် တစ်ခဏအတွင်း တွေ့မြင်ရသည့် မြင်ကွင်းဖြစ်၍၊ အော်ဟစ်ညည်းတွားသံ၊ တုန်လှုပ်စွာ ရှိခိုးဆုတောင်းသံများကို ကြားကြရလျှက် တစ်စစီဖြစ်နေသော လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများနှင့် အပျက်အစီး၊ သွေးကွက်များ ဖုံးလွှမ်းနေသည့် စစ်တက္ကသိုလ်စစ်ရေးုပြကွင်းကို တွေ့မြင်ကြရသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့ ထရီပိုလီစစ်တက္ကသိုလ်ကို ဒရုန်းအသုံးပြု ပစ်ခတ်တိုက်ခိုက်သူအား အတိအကျ မသိရှိရသေးသော်လည်း တိုဘရုခ်စင်ပြိုင်အစိုးရထောက်ခံသော ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာ၏ LNA တပ်များ၏ လက်ချက်ဖြစ်နိုင်ကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးက ပြောဆိုသည်။ ကုလသံအမတ်၏ ပြောဆိုချက်မှာ မဟုတ်မမှန်ကြောင်း LNA ပြောရေးဆိုခွင့်ရှိသူက ငြင်းပယ်သည်။

နည်းလမ်းအမျိုးမျိုးဖြင့် ပြည်ပစွက်ဖက်မှု့ကို နာကျင်စွာ ခံစားနေရသော လစ်ဗျားနိုင်ငံသည် ရှိနှင့်ပြီး လက်နက်များနှင့်ပင် လုံလောက်နေပြီဖြစ်ကြောင်း၊ အခြားလက်နက်အပိုများ ထပ်မံမလိုအပ်တော့သဖြင့် ပြည်ပကြေးစားတပ်များစေလွှတ်နေကြခြင်းများကို ရပ်ဆိုင်းကြပါရန်နှင့် လောလောဆယ်တွင် လူပေါင်း ရာချီသေဆုံးနေကြရခြင်းများမှ ထောင်ချီအသက်ဆုံးရှုံးရသည်ကို မြင်တွေ့လာရဖွယ်ရှိသည်ဟု လစ်ဗျားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံအမတ်ကြီးက ပြောဆိုသည်။

လစ်ဗျားသို့ တူရကီ စစ်ဖက်က တပ်များစတင်စေလွှတ်နေပြီဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ညှိနှိုင်းဆောင်ရွက်ရေးအတွက် လစ်ဗျားတွင် စစ်ဆင်ရေးဗဟိုဋ္ဌာနဖွင့်လှစ်မည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က လွန်ခဲ့သည့် ဇန်နဝါရီ ၄-ရက်နေ့က ပြောဆိုသည်။

ကုလသမဂ္ဂအသိအမှတ်ပြု ထရီပိုလီအစိုးရ၏ မေတ္တာရပ်ခံချက်အရ လစ်ဗျားသို့ တပ်များစေလွှတ်ရန် တူရကီပါလီမန်က ခွင့်ပြုခဲ့ပြီးနောက် သမ္မတအာဒိုဂန်က ယခုကဲ့သို့ အတည်ပြုပြောဆိုခြင်းဖြစ်သည်။

၂၀၁၁-ခုနှစ် အမေရိကန်ဦးဆောင်နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ R2P ခံရပြီးနောက် ပရမ်းပတာဖြစ်လျှက်ရှိသော လစ်ဗျားသို့ တူရကီတပ်များ စေလွှတ်ခြင်းမှာ အာဒိုဂန်၏ လက်နက်အင်ပါယာရှင်ရူး အရူးထခြင်းသာဖြစ်ကြောင်း နိုင်ငံတကာက ရှုတ်ချလျှက်ရှိသည်။ အပြည်ပြည်ဆိုင်ရာစစ်အင်အားတွင် ၁၃၇-နိုင်ငံအနက် အဆင့် ၉ ၌ ရပ်တည်နေသည့် တူရကီသည် မြောက်အာဖရိကနိုင်ငံ လစ်ဗျားသို့ စစ်တပ်စေလွှတ်ခြင်းမှာ စွန့်စားလွန်းရာ ရောက်သည်ဟု ဝေဖန်ခြင်းခံရသည်။

တူရကီက လစ်ဗျားစင်ပြိုင်အစိုးရအား ကူညီရန် တပ်များစေလွှတ်ကြောင်း သတင်းထွက်ပေါ်လာပြီးနောက် လစ်ဗျားသို့ ခြေချလာသည့် မည်သည့် ပြည်ပတပ်များကိုမဆို မိမိတို့ LNA တပ်မတော်က မောင်းထုတ်ရန် အသင့်ရှိနေကြောင်း တိုဘရုခ်အစိုးရထောက်ခံ ဗိုလ်ချုပ်ကြီး ခလီဖာဟဖ်တာက ကြေညာသည်။ တစ်ဆက်တည်းမှာပင် တူရကီ၏ မိတ်ဆွေနိုင်ငံများသည် လစ်ဗျားအား သိမ်းယူရန် တူရကီ၏ အားထုတ်မှု့ကို တားဆီးကြရန်နှင့် ကျူးကျော်သူ တူရကီတို့အား မိမိတို့က မဆုတ်မနစ် ရင်ဆိုင်မောင်းထုတ်ရန် ဂျီဟဒ်ကြေညာသည်ဟု သတင်းထုတ်ပြန်သည်။

ခလီဖာဟဖ်တာ၏ ဂျီဟဒ်ကြေညာချက် ထွက်ပေါ်လာပြီးနောက် ထရီပိုလီဝေဟင်တွင် GNA အစိုးရပ်များအား အကူအညီပေးလျှက်ရှိသည့် တူရကီဒရုန်းလေယာဉ်ကို မိမိတို့က အောင်မြင်စွာ ပစ်ချလိုက်ကြောင်း လစ်ဗျားနိုင်ငံ၏ နယ်မြေအများစုကို စိုးမိုးထားသည့် LNA တပ်မတော်က သတင်းထုတ်ပြန်သည်။

(( လွန်ခဲ့သည့်နှစ်များမှ စတင်၍ အရှေ့အလယ်ပိုင်း ဆွန်နီမွတ်စလင်ကမ္ဘ္ဘာတွင် တူရကီ-ကာတာအုပ်စုနှင့် ဆော်ဒီ-ယူအေအီး-အီဂျစ်အုပ်တို့ အားပြိုင်မှု့မှာ တစ်နေ့တစ်ခြား နက်ရှိုင်းလာကြောင်း ထင်ရှားပြသချက်တစ်ခုပင်ဖြစ်သည်။ လစ်ဗျားအား တူရကီက အတိအလင်းစစ်အင်အားအသုံးပြု ကျူးကျော်စွက်ဖက်ခြင်း နောက်ဆက်တွဲဖြစ်လာနိုင်သည်များမှာ စိတ်ဝင်စားဖွယ်ရှိနေပါသည်။ ။ သတင်းဘာသာပြန်သူ ))

((( Russia Today., 7 Jan, 2020, “‘Keep out of Libya!’ Gruesome videos of Tripoli military academy strike emerge as UN envoy decries foreign meddling.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/477607-libya-military-academy-bombing/.

https://www.rt.com/news/477531-turkish-troops-moving-libya/

https://www.rt.com/news/477430-haftar-expel-turkish-troops/

https://www.rt.com/news/477432-libya-haftar-turkey-plan-shot/

https://www.rt.com/news/477343-turkey-libya-erdogan-imperial-ambitions/

https://www.aljazeera.com/news/2020/01/libya-haftar-forces-announce-capture-large-parts-sirte-200106164909544.html

#လစ်ဗျားထရီပိုလီအစိုးရစစ်တက္ကသိုလ်ဒရုန်းတိုက်ခိုက်ခံရ #တူရကီအားလစ်ဗျားစင်ပြိုင်အစိုးရဂျီဟဒ်ကြေညာ

0

Leave a Reply

Your email address will not be published.