လမ်းသွားလမ်းလာများအား မျက်နှာဖုံးများ အခမဲ့ပေးဝေလျှက်ရှိစဉ် အများပြည်သူဆိုင်ရာနေရာတို့၌ မျက်နှာဖုံးဝတ်ဆင်ရန်ပျက်ကွက်ပါက ဒါဏ်ငွေပေးဆောင်ရမည်။ မေးစေ့ပေါ်တွင် မျက်နှာဖုံးဝတ်ဆင်လျှင် ပုံမှန်ထက် ဒါဏ်ငွေ ၂-ဆ တပ်ရိုက်။


ဘင်္ဂလားဒေ့ရှ်အစိုးရသည် အများပြည်သူဆိုင်ရာနေရာတို့၌ Mask မျက်နှာဖုံးဝတ်ဆင်သည့် အလေ့အထ ဖြစ်ထွန်းလာစေရန် တွန်းအားပေးဆောင်ရွက်လျှက်ရှိသည်။ သို့သော် လျှပ်တပြက်တိုက်ခိုက်ရေးအထူးရဲတပ်ရင်း ( RAB ) ၏ ” ရွေ့လျားတရားရုံး “ အနေဖြင့် မျက်နှာဖုံးဝတ်ဆင်ခြင်း မရှိသူ အတော်များများကို တွေ့မြင်နေရပြီး မျက်နှာဖုံးကို နေအိမ်တွင် မေ့လျော့ထားရစ်ခဲ့မိကြောင်း ပြောဆိုကြသူများ၊ မေးစေ့တွင် မျက်နှာဖုံးဝတ်ဆင်ထားသူများကိုလည်း တွေ့ရှိနေရသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

 မေးစေ့တွင် မျက်နှာဖုံးဝတ်ဆင်ထားသူမှာ Covid-19 ပြန့်ပွားမှုကို တားဆီးရန် ရည်ရွယ်သည့် အစိုးရညွှန်ကြားချက်ကို တမင်တကာ လျစ်လျူရှုရာရောက်သည်ဟု ရွေ့လျားတရားရုံးတော်တစ်ခုမှ တရားသူကြီးက သုံးသပ်ကာ ဒဏ်ငွေ ၂-ဆ ချမှတ်ခဲ့သည် ဆို၏။ 

ဒါကာမြို့တော်၏ နေရာအချို့တွင် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၀၁း၃၀ နာရီအတွင်း မျက်နှာဖုံးများ မဖြစ်မနေ ဝတ်ဆင်ကြရန် ကြေညာထားပြီး ပျက်ကွက်သူ ၃၀ ခန့်အား တာကာငွေ ၂၀၀ မှ ၅၀၀ ( ကျပ်ငွေ ၃,၀၀၀ ကျော်မှ ၇,၈၀၀ ခန့် ) ဒါဏ်တပ်ရိုက်ခဲ့ရသည်။ တစ်ပြိုင်နက်တည်းမှာပင် မျက်နှာဖုံး ၇၀၀-၈၀၀ ခန့်ကို လမ်းသွားလမ်းလာများအား အခမဲ့ ဝေငှပေးပြီး တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာစည်းကမ်းများကို လိုက်နာကြရန်နှင့် ကျန်းမာရေးအသိမြင့်ပညာပေးမှုများပြုလုပ်ခဲ့သည်။ 

ဒါကာမြို့တော်တွင် မျက်နှာဖုံးဝတ်ဆင်မှုမှာ ယခင်ကထက်စာလျှင် ပိုမိုများပြားလာသည်။ ယခုအခါတွင် လူအများသတိထားမိလာချိန်၌ အသိပညာပေးရေးကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ 

အကယ်၍ လူအများသည် အစိုးရ၏ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိပဲ ဆက်လက်ပျက်ကွက်နေကြပါလျှင် ဒဏ်ငွေကို တိုးမြှင့်ခြင်းဖြင့် ပိုမိုတင်းကျပ်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။

မျက်နှာဖုံး မပါပဲ နေအိမ်မှ ထွက်ခွာလာသူများသည် RAB ရွေ့လျားတရားရုံးနှင့် တွေ့မှ ဆင်ခြေအမျိုးမျိုးပေးတတ်ကြသည်။ ဒဏ်ငွေကြီးလေးစွာ ချမှတ်ရခြင်းမှာ ယခုစီမံကိန်း၏ အဓိက ရည်ရွယ်ချက် မဟုတ်ပါ။ ကပ်ရောဂါကာလ သာမန် အများသူငါ အကြား ကျန်းမာရေး အသိအမြင် မြင့်မားစေရန်ဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကို အခြားသူများထံ မပျံ့နှံ့စေခြင်းနှင့် မိမိကိုယ်တိုင် ဘေးအန္တရာယ်ကင်းရှင်းအောင် နေနိုင်စေရေးတို့အတွက်ဖြစ်သည်။

ဘဏ်သို့ သွားစဉ် မျက်နှာဖုံးမပါ၍ အရေးယူခံရအချို့ကမူ ဘဏ်တွင် ဝန်ထမ်းအားလုံးက မျက်နှာဖုံးဝတ်ဆင်ထားကြသဖြင့် မိမိတို့အနေဖြင့် မျက်နှာဖုံး ဝတ်ဆင်ရန် မလိုအပ်ကြောင်း ထုချေသည်လည်း တွေ့နေရသည်။  ကူးစက်ရောဂါ တားဆီးကာကွယ်ခြင်းမှာ တစ်ဖက်သပ်တည်း မဟုတ်ကြောင်း ရှင်းပြကာ ဒဏ်ငွေ တာကာ ၃၀၀ ( ကျပ်ငွေ ၄,၆၀၀ ကျော် ) ပေးဆောင် စေရသည်။ 

လူတစ်ဦးဆိုလျှင် အအေးမိခြင်းနှင့် အဖျားရောဂါခံစားနေရသည်မှာ ၃-ရက်ရှိပြီဆို၏။ သို့သော် မျက်နှာဖုံး မဝတ်ပဲ လမ်းမပေါ်ထွက်လာသည်။ နှာချေ ချောင်းဆိုးသည့်အခါ တစ်သျှူးစက္ကူ အသုံးပြုပြီး လူအများနှင့် အတတ်နိုင်ဆုံး ဝေးဝေးနေခဲ့သည်။ သည်လိုနှင့် မျက်နှာဖုံးဝတ်ဆင်ရန်မေ့လျော့သွားရကြောင်း ဆင်ခြေပေးသူလည်း ရှိသည်။ 

ကပ်ရောဂါတိုက်ဖျက်ရေးကာလအတွင်း အိမ်အပြင်ဘက် ထွက်သူတိုင်း မျက်နှာဖုံးများ ဝတ်ဆင်ရေးတွင် အစိုးရရုံးဋ္ဌာနတို့ကလည်း ရွေ့လျားတရားရုံးများနှင့် ပူးပေါင်းဆောင်ရွက်ရန် သက်ဆိုင်ရာက ညွှန်ကြားထားသည်။ ရွေ့ လျားတရားရုံး ၄-ခုတို့မှာ မြို့တော်အတွင်း နေ့စဉ် စောင့်ကြည့် အရေးယူမှုများ ပြုလုပ်နေသည်။ 

(( မြန်မာနိုင်ငံတွင် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ကြောင့် Covid-19 ရောဂါဖြစ်ပွားမှုကို ၂၃-ရက်၊ မတ်လ ၂၀၂၀ တွင် ပထမဆုံး စတင်တွေ့ရှိသည်။ ဘင်္ဂလားဒေ့ရှ်သည် ၈-ရက်၊ မတ်လ ၂၀၂၀ တွင် စတင်တွေ့ရှိသဖြင့် မြန်မာထက် ရက်သတ္တ ၂-ပတ်မျှ စောသည်။ မြန်မာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ပထမလှိုင်းဟု ဆိုကြသည့်ကာလတွင် သေဆုံးနှင့် ပိုးတွေ့လူနာ အလွန်နည်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်တွင်မူ စတင်ဖြစ်ပွားချိန်ကတည်းက တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။ 

သို့သော် လောလောဆယ်တွင် ဘင်္ဂလားဒေ့ရှ်၌ နေ့စဉ် ပိုးတွေ့ ဦးရေ ၂,၀၀၀ ကျော်နှင့် လူ ၃၀ ခန့် အသေအပျောက်ရှိသည်။ ထို့ကြောင့် မြန်မာနှင့် ရောဂါဖြစ်ပွားမှုတွင် မတိမ်းမယိမ်းဟု ဆိုရပါမည်။ ၎င်းအရေအတွက်မှာ နေ့စဉ် တက်ချည် ကျချည်ရှိနေသည်။ 

ကူးစက်ကပ်ရောဂါ မပျံ့နှံ့စေရန် ဥပဒေထုတ်၍ တားဆီးသည်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့်အလုပ်ဖြစ်သည်။ စည်းကမ်းဥပဒေ ကျူးလွန်/ပျက်ကွက်လျှင် ဆီလျော်စွာ အပြစ်ပေးခြင်းမှာ လိုအပ်၍ ဖြစ်သည်။ 

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကျရောက်သဖြင့် ကမ္ဘာတစ်ဝှမ်းလုံး ပညာရေး၊ စီးပွားရေးသာမက နေ့စဉ်လူမှုဘဝကိုပါ ပြင်းထန်စွာ ထိခိုက်သည်။ ဆင်းရဲကြပ်တည်းသူများ တစ်နေ့တစ်ခြားများပြားလာသည်။ 

ဤတွင် ကူးစ်ရောဂါပျံ့နှံ့မှုတားဆီးကာကွယ်ရေး ပြဋ္ဌာန်းချက်များကို မတော်တဆ ကျူးလွန်/ပျက်ကွက်မိပြီး ဒါဏ်ငွေပေးဆောင်ရန် မတတ်နိုင်သူများကို မည်ကဲ့သို့ အရေးယူသည်ဆိုခြင်းမှာ အလွန်စိတ်ဝင်စားစရာ ကောင်းပါသည်။    ။ သတင်းဘာသာပြန်သူ )) 

#ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ရေးဘင်္ဂလားဒေ့ရှ် 

((( Dhaka Tribune., December 2, 2020, “Double fine for wearing masks on chin.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.dhakatribune.com/bangladesh/2020/12/02/double-fine-for-wearing-mask-on-chin

https://www.dhakatribune.com/bangladesh/2020/12/02/double-fine-for-wearing-mask-on-chin

Leave a Reply

Your email address will not be published.