လာမည့်လအတွက် ဝန်ထမ်းများအား လစာပေးရန် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၌ ငွေမရှိတော့။ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး လိုငွေပြ

ယခုလတွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၌ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံး လိုငွေပြမှုဖြစ်ပေါ်ခဲ့ရာ နိုဝင်ဘာလ ဝန်ထမ်းများ လစာငွေစာရင်းရေးဆွဲရန် ငွေလုံလောက်မှုမရှိသည့်အခက်အခဲကြုံတွေ့နေရကြောင်း အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတားရက်စ်က ပြောဆိုသည်ဟု Dhaka Tribune က ယမန်နေ့ရေးသားသည်။ 

  
အဖွဲ့ဝင်နိုင်ငံများက ပေးရန်ရှိသောငွေကို အချိန်မီ မပေးအပ်ခဲ့လျှင် လာမည့်လအတွက် ဝန်ထမ်းများအား လစာပေးရန် ငွေမရှိတော့ကြောင်း၊ ဇန်နဝါရီလကတည်းက အသုံးစရိတ်ဖြတ်တောက်ခြင်း ဆောင်ရွက်၍ မရခဲ့ပဲ အထောက်အပံ့၌ ငွေပေါ်လွယ်ခြင်း မရှိခဲ့ကြောင်း ကုလသမဂ္ဂဘတ်ဂျက်ကော်မတီ၌ ဂူတားရက်စ်က ပြောဆိုသည်။ 

အများဆုံးငွေကြေးထည့်ဝင်သူဖြစ်သော အမေရိကန်သည် ကုလသမဂ္ဂ၏ဘတ်ဂျက်၏ ၂၂ ရာခိုင်နှုန်းကို ထည့်ဝင်ပြီး ၂၀၁၉ ခုနှစ်တွင် ပုံမှန် ဒေါ်လာ ၃.၃ ဘီလျှံပေးရမည်ဖြစ်သည်။ သို့သော် ယခင် ပေးရန် ၃၈၁ သန်း နှင့် ၂၀၁၉ ခုနှစ်အတွက် ၆၇၄ သန်း ပုံမှန်ပေးရန် ကျန်ရှိနေသည်။ ထို့ပြင် ကုလသမဂ္ဂ၏ အခြားသော စေတနာ့ဝန်ထမ်းအစီအစဉ်များတွင် အမေရိကန်ထည့်ဝင်ငွေပါပေါင်းလျှင် အကြမ်းအားဖြင့် နှစ်စဉ် ၁၀ ဘီလျှံကျော်ရှိသည်။

  
ကုလသမဂ္ဂငြိမ်းချမ်းရေးမစ်ရှင်များသည် သီးခြားဘတ်ဂျက်ဖြစ်ပြီး လွန်ခဲ့သည့် ကာလ၌ နှစ်စဉ် ၆ ဘီလျှံကျော်မျှရှိသည်။ အမေရိကန်သည် ကုလငြိမ်းချမ်းရေးဘတ်ဂျက်၏ ၂၈ ရာနှုန်းထည့်ဝင်ရန် တာဝန်ယူထားရာမှ ၂၅ ရာနှုန်းသို့ ဥပဒေပြင်ဆင်ခဲ့ပြီး ပေးရန် ၂.၄ ဘီလျှံကျန်ရှိနေသည်။ 


အမေရိကန်အစိုးရသည် ကုလသမဂ္ဂ၏ မညီမျှသော ဝန်ထုတ်ဝန်ပိုးများကို ထမ်းဆောင်နေရပြီး၊ အဖွဲ့ကြီး၏ ပုံသဏ္ဍာန်ကို ပြင်ဆင်ဖွဲ့စည်းရန် ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့သည်။ အထွေထွေအတွင်းရေးမှူးသည် ကာလတို ရာထူးတာဝန်များအဖြစ်ပြောင်းလဲခြင်း၊ လိုအပ်မှသာခရီးသွားခြင်း၊ အစည်းအဝေးအချို့ကို ဖျက်သိမ်းခြင်း ရွှေ့ဆိုင်းခြင်းဖြင့် စီမံခန့်ခွဲမှုပြောင်းလဲခဲ့ရာ နယူးယောက်၊ ဂျီနီဗာ၊ ဗီယင်နာနှင့် နိုင်ရိုဘီတို့ရှိဒေသဆိုင်ရာ မစ်ရှင်များစွာ ထိခိုက်ခဲ့ရသည်။ 


ကုလသမဂ္ဂက အများဆုံးထောက်ပံ့ရသည့် နိုင်ငံများမှာ အီသီယိုပီးယား၊ အိန္ဒိယ၊ ဘင်္ဂလားဒက်ရှ်၊ နီပေါနှင့် ရဝမ်ဒါတို့ဖြစ်ကြသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်များအတွက် သက်ဆိုင်ရာနိုင်ငံ၏ အမျိုသားလစာငွေစာရင်းမှ ယာယီထုတ်ပေးပြီး ကုလသမဂ္ဂက အစားပြန်ထုတ်ပေးသည်။ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တစ်ဦး လစာငွေမှာ ၂၀၁၉ ဇူလိုင်လတွင် ၁၄၂၈- အမေရိကန်ဒေါ်လာရှိသည်။ 


https://www.dhakatribune.com/world/2019/10/09/guterres-warns-un-may-not-have-enough-money-to-pay-staff-next-month?fbclid=IwAR2iZWHoJyRQxtBGnF2QBpykljBkrI1vrVyLb68BU1ev60UGwHQ7qBlvs2c 

https://www.worldatlas.com/articles/top-countries-contributing-to-the-united-nations.html 

1+

Leave a Reply

Your email address will not be published.