လူမျိုးသုဉ်းပြုသည်ဟု မြန်မာအပေါ်နိုင်ငံတကာ၏ ဖိအားပေးနေခြင်းကို ရပ်ဆိုင်းရန် အင်ဒိုနီးရှားတောင်းဆို။ OIC အဖွဲ့ဝင် ကမ္ဘာ့မွတ်စလင်အများဆုံးတိုင်းပြည်၏ ICJ ရောက် မြန်မာအပေါ် သဘောထား။

ဒုက္ခသည်ဘင်္ဂါလီ ( မူရင်းရိုဟင်ဂျာဟုဖော်ပြ ) သောင်းသိန်းချီ၍ မောင်းနှင်ထုတ်ခြင်းအားဖြင့် လူမျိုးသုဉ်းပြုသည်ဟု နိုင်ငံတကာက လတ်တစ်လော ဖိအားပေးနေကြခြင်းများကို ရပ်တန့်၍  ဗုဒ္ဓဘာသာအများစု မြန်မာနိုင်ငံအား ဝိုင်းဝန်းလက်ညှိုးထိုးနေမည့်အစား ဆွေးနွေးပြောဆိုခြင်းများမှတဆင့် ယုံကြည်မှု့တည်ဆောက်ကြရန် အင်ဒိုနီးရှားနိုင်ငံက တောင်းဆိုလိုက်သည်ဟု Jakata Post က နိုဝင်ဘာ ၁၈-ရက်နေ့၌ ရေးသားသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇- နှစ်လွန်ကာလများ၌ ရခိုင်ပြည်နယ်အတွင်း စစ်ရေးဖြိုခွင်းမှုများမှာ ဒုက္ခသည်ဘင်္ဂါလီတို့အပေါ် လူမျိုးသုဉ်းစေရန် ရည်ရွယ်ဆောင်ရွက်သည်ဟု ကမ္ဘာ့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက စွပ်စွဲခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။ ရက်စက်ကြမ်းကြုတ်မှုများအတွက် လူပေါင်း ၇၃၀,၀၀၀ ကျော် ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ထွက်ပြေးခဲ့ရသည်ဆို၏။

ထိုအတွက် အာဖရိကနိုင်ငံငယ်လေးဖြစ်သော ဂမ်ဘီယာက အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုယ်စား နိုင်ငံတကာတရားခုံရုံး ICJ တွင် မြန်မာနိုင်ငံအား ဒုက္ခသည်အကြပ်အတည်းဖြစ်ပွားစေရန် တာဝန်ရှိ သူအဖြစ် အရေးယူပေးပါရန် တိုင်ကြားခဲ့သည်။

ဒုက္ခသည်ဘင်္ဂါလီများနှင့် အခြားသောမျိုးနွယ်စုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ပတ်သက်၍ ဥရောပသမဂ္ဂကိုယ်စား ဖင်လန်နိုင်ငံနှင့် OIC ကိုယ်စား ယူအေအီးနိုင်ငံတို့၏ အင်္ဂါနေ့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ အဆိုပြုချက်တင်သွင်းသည်။ ၎င်းအဆိုပြုချက်ကို အတည်ပြုကြောင်း ညီလာခံက အဆုံးအဖြတ်ပေးခဲ့သည်။

ထိုသို့ဆုံးဖြတ်ခြင်းမှာ မြန်မာနိုင်ငံနှင့် ဆက်စပ်သည့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့အား စုံစမ်းစစ်ဆေး၍ တရားစွဲဆိုရန် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က ခွင့်ပြုပေးပြီးနောက် ဖြစ်သည်။ မြန်မာက ICC က ဆုံးဖြတ်ချက်ကို ပယ်ချခဲ့ကြောင်း တွေ့ရှိရသည်။

OIC ၏ ထိုသို့ဆောင်ရွက်ခြင်းများ၏ ရလာဒ်အစိတ်အပိုင်းအဖြစ် မြန်မာနှင့် ဆက်သွယ်လျှက်ရှိသော OIC အဖွဲ့ဝင်နိုင်ငံအချို့သို့ သက်ရောက်သွားပြီး ဒုက္ခသည်ဘင်္ဂါလီအရေး မဟာဗျူဟာ၌ မဖြစ်မနေ ချိန်ဆစေရန် ဖန်တီးသလို ရှိခဲ့ကြောင်း၊  OIC အဖွဲ့ဝင်ဖြစ်သော အင်ဒ်ုနီးရှားကမူ မြန်မာကိုယ်တိုင် လိုလားသည့်အနေအထားဖြင့် ယုံကြည်မှုတည်ဆောက်သည့် လမ်းကြောင်းဖြင့် ချဉ်းကပ်မည်ဖြစ်ကြောင်း၊  OIC  အအုပ်အသင်းဝင်အဖြစ် ICJ မှတစ်ဆင့် လက်ညှိုးထိုး ဖိအားပေးနေပုံမျိုးမှာ အလုပ်မဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဖွံ့ဖြိုးဆဲနိုင်ငံများရေးရာ ညွှန်ကြားရေးမှူးက ပြောဆိုသည်။

OIC အဖွဲ့ဝင် ကမ္ဘာ့မွတ်စလင်ဦးရေအများဆုံးတိုင်းပြည်ဖြစ်သည့် အင်ဒိုနီးရှားက ICJ ရောက် အရှေ့တောင် အာရှအိမ်နီးချင်း မြန်မာအပေါ်တွင် ဆုပေးဒါဏ်ပေးပေါ်လစီမျိုး ချမှတ်ရန် ငြင်းဆိုလိုက်သည်။

ပဋိပက္ခရှုတ်ထွေးမှု့ အနေအထားအရ ဒုက္ခသည်ဘင်္ဂါလီတို့ အတိဒုက္ခခံစားရသည့် လူသားချင်းစာနာမှုအကြပ် အတည်းကျယ်ပြန့်ပုံအဖြစ်သာ ချဉ်းကပ်မည်ဖြစ်သည်။

မြန်မာကို ဆက်လက်ထောက်ခံရန် ကွဲပြားလင့်ကစား နိုင်ငံသားအခွင့်အရေး ငြင်းပယ်ခံရခြင်းကြောင့် တွန့်ဆုတ်လျှက်ရှိသည့် ဒုက္ခသည်များနေရပ်ပြန်ရေးတွင် အင်ဒိုနီးရှားအနေဖြင့် ဒေသတွင်းနှင့် နှစ်နိုင်ငံအကျိုးတူအပြန်အလှန် ပူးပေါင်းခြင်းဖြင့် အောင်မြင်သည်အထိ ဆက်လက်ကူညီနေမည် ဖြစ်သည်။

အင်ဒိုနီးရှားဒုတိယသမ္မတနှင့် တွေ့ဆုံခဲ့သော မြန်မာသံအမတ်ကြီး ဒေါ်အိအိခင်အေးကမူ နေရပ်ပြန်ရေးလုပ်ငန်းစဉ်၌ လုံခြုံရေးပေးအပ်ရန် မြန်မာဘက်က သန္နိဋ္ဌာန်ချဖော်ဆောင်နေသော်လည်း တစ်ဖက်က လှေနံ ဓါးထစ်အဆိုးမြင်နေပါက ကြန့်ကြာသွားနိုင်၍ အစိုးရအတွက်လည်း အခက်အခဲကြုံရလိမ့်မည်ဖြစ်ကြောင်း၊ နေရပ်ပြန်ရေးမှာ နှစ်ဦးနှစ်ဖက် နားလည်မှု့အပေါ် မူတည်လျှက်ရှိကြောင်း၊ ဒုက္ခသည်ဘင်္ဂါလီတို့အား နိုင်ငံသားအဖြစ် မဖြစ်မနေပေးအပ်ရမည်ဟု တောင်းဆိုခြင်းက မြန်မာအစိုးရတွင် လိုက်လျှောရန် အခက်အခဲများစွာကြုံတွေ့ရဆဲဖြစ်ကြောင်း ဒေါ်အိအိခင်အေးက သတင်းထောက်များအား ပြောဆိုသည်။

(( ၁၉၄၉-၅၀ တွင် မြန်မာပြည်အနှံ့ ရောင်စုံသောင်းကျန်းမှု့များဖြစ်ပွားခဲ့ရာ ရန်ကုန်မြို့ကွက်ကွက်လေးသာ ရုံးစိုက်ကျန်ရစ်သည့် မြန်မာအစိုးရအတွက် ဘေးကြပ်နံကြပ် ကြုံတွေ့ခဲ့ရပါသည်။ ရခိုင်မြောက်ဖျားတွင်လည်း မူဂျာဟစ်သောင်းကျန်းမှု့ ပြင်းထန်လျှက်ရှိသည်။

ရန်ကုန်ပါ ကျဆုံးတော့မည် ယုံကြည်ကြ၍ မည်သည့်နိုင်ငံ ကမျှ လက်နက် ခဲယမ်း မရောင်းတော့ပါ။ ထိုစဉ်က ရိုင်ဖယ်သေနတ်နှင့် ခဲယမ်းအမြောက်အများ ကူညီသူမှာ အိန္ဒိယဖြစ်သည်၊ မြန်မာ့တပ်မတော်၌ တောမခိုပဲ လက်ကျန် တပ်အင်အားအနည်းငယ်မှ သေနတ်ကိုင် တပ်ရင်း(၅) ကို ရခိုင်သို့ ပို့ပေးခြင်း၊ မူဂျာဟစ်တို့၏ တောင်ပြိုလက်ဝဲဋ္ဌာနချုပ်အား သိမ်းယူနိုင်ပြီးနောက် ရခိုင်မှ ရန်ကုန်သို့ တပ်များ ပြောင်းရွှေ့ပေးခဲ့သည်မှာ အင်ဒိုနီးရှား “ ဂရူးဒါးလေကြောင်းလိုင်း “ ဖြစ်သည်ကို တွေ့ရရှိရပါသည်။      ။ သတင်းဘာသာပြန်သူ ))

((( Jakarta Post, November 18, 2019,” Indonesia defends approach to Rohingya problem as international pressure mounts.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။ )))

https://www.thejakartapost.com/news/2019/11/18/indonesia-defends-approach-to-rohingya-problem-as-international-pressure-mounts.html?fbclid=IwAR0S8MO3rn-pqotsfee2wWtVxX9eHhZfQOji98RvFWH6D21bs0XY5GudWGk


0

Leave a Reply

Your email address will not be published.