လူမျိုးကြီးဝါဒဆန့်ကျင်ရေး ကင်ဘာရာလူစုလူဝေးများအား နှိမ်နင်းရလိမ့်မည်ဟု သြစတေးလျနိုင်ငံဝန်ကြီးချုပ် သတိပေး၊ ဆန္ဒပြသူများ နှစ်ထပ်ကွမ်း မှားယွင်းနေဟု ပြော။ တရုတ်နိုင်ငံသားများလုံခြုံရေး သြစတေးလျ အကာအကွယ်ပေးရန် ပေကျင်းအစိုးရ တောင်းဆို

အမေရိကန်နိုင်ငံ မင်နီယာပိုလိစ်မြို့၌ လူမည်းအမျိုးသား ဂျော့ချ်ဖလွိုက်သေဆုံးရခြင်းအတွက် Black Lives Matter ( BLM ) ဆန္ဒပြပွဲများမှာ ရက်ပိုင်းအတွင်း အမေရိကန်မြို့ကြီးများသာမက အင်္ဂလန်၊ ဥရောပ သြစတေးလျနှင့် နယူဇီလန်နိုင်ငံများသို့ ကူးစက်ပျံ့နှံ့သွားသည်။ လူမျိုးကြီးဝါဒ ဆန့်ကျင်ရေး ဆန္ဒပြလျှက်ရှိသော လူဖြူ အများစု တိုင်းပြည်များတွင် အတိတ်သမိုင်း၌ လူကိုလူချင်း ကိုလိုနီပြုခြင်း၊ ကျွန်ကုန်ကူးခြင်းနှင့် အသားအရောင်ခွဲခြားခြင်းတို့၌ ထင်ရှားသူတို့၏ သမိုင်းဝင်ရုပ်ထုများကို ပြောင်လှောင်လက်သရမ်းခြင်း၊ ဖျက်ဆီးခြင်း ၊ ဖယ်ရှားခြင်းများ ဖြစ်ပွားလျှက်ရှိသည်။

ထိုစဉ်အတောအတွင်း နောက်နောင်တွင် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးဆန္ဒပြပွဲများ၌ ပါဝင်သူများအား ဖမ်းဆီး၊ တရားစွဲဆိုရလိမ့်မည်ဖြစ်ကြောင်း သြစတေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က သတိပေးလိုက်သည်ဟု Canberra Times က ယနေ့ ရေးသားသည်။

ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူ တစ်ဦး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လျှက်ရှိကြောင်း အတည်ပြုခဲ့ရပြီးနောက် 2GB Radio မှတစ်ဆင့် ဝန်ကြီးချုပ်မောရစ်ဆင်က ပြောကြားရာတွင် BLM ဆန္ဒပြပွဲများကြောင့် ပြည်တွင်းခရီးသွားလာခြင်းနှင့် သာရေး နာရေးကိစ္စရပ်များတွင် ထိခိုက်စေပြီး၊ ကူးစက်ကပ်ရောဂါကျရောက်လျှက်ရှိစဉ် အတားအဆီးပြဋ္ဌာန်းချက်များကို ချိုးဖောက်ခြင်းဖြင့် ကျန်းမာရေးပျက်ပြားစေခြင်းကြောင့် သြစတေးလျ နိုင်ငံသားများအတွက် “ နှစ်ထပ်ကွမ်း “ နစ်နာစေသော လုပ်ရပ်များသာဖြစ်ကြောင်း၊

ရောဂါအန္တရာယ်ကျရောက်နေခြင်းမှ ပြန်လည်ကောင်းမွန်လာစေရေးနှင့် ရှေ့ဆက်လုပ်ရမည့်လုပ်ငန်းစဉ်များကို စိတ်ပျက်ဖွယ် နောက်ပြန်ဆွဲလျှက် အကြပ်အတည်းအတွင်း တွန်းပို့ရာရောက်ခြင်းကြောင့် လုံးဝလက်မခံနိုင်ကြောင်း၊ လွတ်လပ်သောနိုင်ငံဖြစ်၍ လွတ်လပ်ခွင့်ရှိကြောင်း၊ သို့သော် ထိုလွတ်လပ်မှု၏ တစ်စိတ်တစ်ပိုင်းသည် သြစတေးလျနိုင်ငံသားများကို တန်ဖိုးထားလေးစားရေးဖြစ်ကြောင်း၊ ဆန္ဒပြပွဲများတွင် ပါဝင်ခြင်းဖြင့် မိမိတို့အိမ်နီးနားချင်းများအပေါ် မလေးမစားပြုခြင်းပင်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

သြစတေးလျအစိုးရ၏ BLM ဆန္ဒပြပွဲများနှင့်ပတ်သက်၍ နောက်နောင်ပါဝင်လျှင် ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သတိပေးချက်ထွက်ပေါ်လာပြီးနောက် သြစတေးလျနှင့် ဆက်ဆံရေးဆိုးရွားမှုမြင့်တက်လျှက်ရှိသော တရုတ်နိုင်ငံက သြစတေးလျရောက် ၎င်း၏ ပညာတော်သင်ကျောင်းသားများနှင့် ခရီးသွားများအား သတိ-ဝီရိယရှိကြရန် သတင်းထုတ်ပြန်လိုက်သည်။ ထို့ပြင် သြစတေးးလျအစိုးရအနေဖြင့် တရုတ်နိုင်ငံသားများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ သတင်းထုတ် ပြန်ချက်၌ ပါရှိသည်။

ပေကျင်းအစိုးရ သတိပေးချက်နှင့် ပတ်သက်၍ သြစတေးလျရောက် တရုတ်နိုင်ငံသားများတွင် လုံခြုံမှုမရှိဟု အဓိပ္ပါယ်သက်ရောက်နေခြင်းကို သြစတေးလျအစိုးရက ပယ်ချလိုက်ပြီး ထိုသို့သတိပေးခြင်းကို ကန့်ကွက်လိုက်သည်ဟု သတင်း၌ ဖော်ပြသည်။

(( အမေရိကန်- အင်္ဂလန်-ဥရောပ-သြစတေးလျနှင့် နယူးဇီလန်တို့၏ Black Lives Matter ဆန္ဒပြပွဲများနှင့် အတွင်းသရုပ်အစစ်အမှန်ကို ကျွန်တော်နားလည်ရန် အတော်ကြိုးစားရလိမ့်မည်ထင်ပါသည်။

ကိုရိုနာဗိုင်းရပ်စ်မှာ ဝူဟန်တွင် စတင်ဖြစ်ပွားပြီး ကမ္ဘာအရပ်ရပ်တွင် ကူးစက်လျှက်ရှိခြင်းကြောင့် အဆိုပါနိုင်ငံများ၌ တရုတ်သာမက အာရှတိုက်သားများကိုပါ သိမ်းကြုံးလျှက် ခွဲခြားဆက်ဆံသည့် အမြင်တစ်မျိုးဖြင့် ကြည့်နေခဲ့သည်မှာ ဘာမှ မကြာသေးချေ။

ယခုတစ်ဖန် လူမျိုးကြီးဝါဒဆန့်ကျင်သည်ဆိုရာ၌ အဆိုပါနိုင်ငံများရှိ တရုတ်နှင့် အာရှနွယ်ဖွားများပါ လက်ရည်တစ်ပြင်တည်း ရောနှော ဆန္ဒပြနေခြင်းကြောင့်ဖြစ်သည်။ ရက်ပိုင်းအတွင်း ပြောင်းလဲသွားသလိုရှိသည်။

လူသန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရသော ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နှင့် ဥရောပနိုင်ငံသားများ သည်းခြေကြိုက်ဖြစ်လာသည်မှာ “ လူ့အခွင့်အရေး “ ဖြစ်ပါ၏။ သို့သော် ၎င်းနိုင်ငံကြီးများ၏ အစိုးရတို့ ပုံဖော်သည်မှာ လူ့အခွင့်အရေးကို အကြောင်းပြု၍ ၎င်းတို့ ကြည့်မရသောတိုင်းပြည်များ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်နေသည်။

မိမိတို့၏ ရင်တွင်းဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခြင်းမှာ နိုင်ငံတစ်နိုင်ငံရှိ မဲဆန္ဒရှင်နိုင်ငံသားများ၏ အခွင့်အရေးဖြစ်သည်။

သို့သော် နိုင်ငံရေးရာပေါ်လစီများချမှတ်သည်မှာ ထိုနိုင်ငံများ၏ နိုင်ငံရေးသမားများသာဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

((( Canberra Times., JUNE 11 2020,” PM urges crackdown on anti-racism rallies.” နှင့် Russia Today “Beijing urges Australia to safeguard Chinese citizens’ safety as Canberra protests against warnings “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.canberratimes.com.au/story/6788862/pm-urges-crackdown-on-anti-racism-rallies/?cs=14264#gsc.tab=0

https://www.rt.com/newsline/491482-china-australia-citizens-warnings/

#လူမျိုးကြီးဝါဒဆန့်ကျင်ရေးလူစုလူဝေးများအားနှိမ်နင်းဟုသြစတေးလျနိုင်ငံဝန်ကြီးချုပ်သတိပေး၊ #တရုတ်နိုင်ငံသားများလုံခြုံရေးသြစတေးလျ အကာအကွယ်ပေးရန်ပေကျင်းအစိုးရတောင်းဆို

0

Leave a Reply

Your email address will not be published.