လူ ၅၃-ဦး လိုက်ပါသည့် ပျောက်ဆုံး အင်ဒိုနီးရှားရေငုပ်သင်္ဘောကို ရှာဖွေ။ သက်တမ်း ၄၄-နှစ်ရှိ ဂျာမန်လုပ်ရေငုပ်သင်္ဘော တိုပီဒိုပစ်ခတ်မှု လေ့ကျင့်စဉ် အဆက်အသွယ်ပြတ်တောက်။ ရေအနက် ၆၀၀-၇၀၀ မီတာသို့ ထိုးစိုက်ဆင်းသွားသည်ဟု ယူဆရ။


လူ ၅၃-ဦး လိုက်ပါလျှက် ပျောက်ဆုံးနေသော အင်ဒိုနီးရှား ရေငုပ်သင်္ဘောကို ရှာဖွေလျှှက်ရှိသော ကယ်ဆယ်ရေးသမားများသည် ၎င်းရေငုပ်သင်္ဘော ငုပ်လျှိုးသွားသည့် နေရာအနီးတဝှိုက်တွင် ဗုဒ္ဓဟူးနေ့၌ ရေနံကွက်များတွေ့ရှိရကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောဆိုသည်ဟု South China Morning Post က ယမန်နေ့ ရေးသားသည်။

…   
သက်တမ်း ၄၄-နှစ်ရှိ ဂျာမန်လုပ် ရေငုပ်သင်္ဘော KRI Nanggala-402 သည် ဘာလီကျွန်း မြောက်ဖက်ရေပြင်၌ တိုပီဒိုပစ်ခတ်မှု လေ့ကျင့်စဉ် ဗုဒ္ဓဟူးနေ့ နံနက် ၀၄း၃၀ နာရီမှ စတင်၍ မျှော်လင့်ရလဒ်များကို ပြန်လည်သတင်းပို့နိုင်ခြင်း မရှိကြောင်း၊ ရေနံကွက်များကို ဝေဟင်ရှာဖွေသူများက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရှာဖွေရာ၌ ကူညီရန် #ဆိုနာကိရိယာသုံး ရေတပ်သင်္ဘော ၂-စီးကို စေလွှတ်ထားကြောင်း၊ သြစတြေးလျ၊ စင်္ကာပူနှင့် အိန္ဒိယနိုင်ငံတို့ထံ အကူအညီတောင်းခံခဲ့ရာ အကြောင်းပြန်ကြားခဲ့ကြကြောင်း၊ ဘာလီကျွန်းမှ မိုင် ၆၀ အကွာရေပြင်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း အင်ဒိုနီးရှားရေတပ်အကြီးအကဲက သတင်းထုတ်ပြန်သည်။

…    
အင်ဒိုနီးရှားရေတပ်မှ အရာရှိတစ်ဦးကမူ ရေငုပ်သင်္ဘောသည် ရေအနက် ၆၀၀-၇၀၀ မီတာ တိုင်အောင် ထိုးစိုက်ဆင်းသွားကြောင်း သံသယရှိသည်ဟု CNN က ဖော်ပြသည်။ သြစတြေးလျနှင့် စင်္ကာပူ ကာကွယ်ရေးဌာနတို့က မှတ်ချက်ပေးရန်တောင်းဆိုမှုများကို လောလောဆယ် တုံ့ပြန်ခြင်း မရှိပါ။

…  
ဘာလီရေပြင် ရှာဖွေမှုနှင့် ပတ်သက်၍ နောက်ထပ်သတင်းအချက်အလက်များကို ကြာသပတေးနေ့ တပ်မတော်အကြီးအကဲက မီဒီယာရှင်းလင်းမှုပြုလုပ်လိမ့်မည်ဟု ပြောခွင့်ရပုဂ္ဂိုလ်ထံမှ သိရှိရသည်။

…  
စစ်ရေးလေ့လာသူ တစ်ဦးကမူ ရေငုပ်သင်္ဘော၏ ကံကြမ္မာကို အဆုံးအဖြတ်ပေးရန်မှာ စောလွန်းနေသေးကြောင်း၊ ဆက်သွယ်ရေးကိရိယာများ ချို့ယွင်းသွားခြင်း သို့မဟုတ် နစ်မြုပ်နေခြင်း ဟုတ်-မဟုတ် တိကျသေချာ မသိရသေးကြောင်း အနည်းဆုံး ၃ ရက်ခန့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

…   
တန်ချိန် ၁,၃၉၅ ရှိ KRI Nanggala-402 ရေငုပ်သင်္ဘောကို ၁၉၇၇ ခုနှစ်တွင်ဂျာမနီ၌ တည်ဆောက်ခဲ့ပြီး ၁၉၈၁-ခုနှစ်တွင် တပ်တော်ဝင်ရောက်ခဲ့ကြောင်း၊ ၂-နှစ်ကြာ မွန်းမံပြင်ဆင်မှုများကို တောင်ကိုရီးယားနိုင်ငံတွင် ပြုလုပ်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

…   
အင်ဒိုနီးရှားသည် ပြန့်ကျဲတည်ရှိနေသည့် ကျွန်းစုများနှင့် ရေပြင်တွင် ကင်းလှည့်ရန်အတွက် ယခင် ဆိုဗီယက်ယူနီထံမှ ဝယ်ယူခဲ့သည့် ရေငုပ်သင်္ဘော ၁၂-စီးဖြင့် ဆောင်ရွက်ခဲ့သည်။ သို့သော် လက်ရှိအင်ဒိုနီးရှား ရေတပ်မတော် တွင် Type 209 အတန်းအစား ဂျာမန်လုပ် ရေငုပ်သင်္ဘော ၂-စီးနှင့် တောင်ကိုရီးယားလုပ် ရေငုပ်သင်္ဘောသစ် ၃-စီးအပါအဝင် စုစုပေါင်း ၅-စီးသာလျှင် ကျန်ရှိနေသည်။

…   
ကာကွယ်ရေးစွမ်းရည်ကို ခေတ်မီအောင်ကြိုးပမ်းနေဆဲ အင်ဒိုနီးရှားသည် ပစ္စည်းကိရိယာဟောင်းအချို့ကို အသုံးပြုနေရဆဲဖြစ်ခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း ကြောက်မက်ဖွယ် မတော်တဆမှုများ ဖြစ်ပွားခဲ့သည်။

…  
၂၀၁၆ ခုနှစ်တွင် အင်ဒိုနီးရှား လေတပ်မတော်မှ သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် ပါပူဝါဒေသ ဝေးလံခေါင်ဖျား ဝေဟင်၌ လေ့ကျင့်မှုပြုလုပ်နေစဉ် တောင်တန်းနှင့် တိုက်မိပျက်ကျခဲ့ရာ လိုက်ပါသွားသူ ၁၃ ယောက်စလုံး သေဆုံးခဲ့သည်။

…   
၂၀၁၅ ခုနှစ်တွင်လည်း အင်ဒိုနီးရှား စစ်သုံးသယ်ယူပို့ဆောင်ရေးလေယာဉ်သည် ကွင်းမှ ပျံတက်ပြီး ၂-မိနစ်အကြာ၌ မြောက်ပိုင်း လူနေရပ်ကွက်အတွင်း ပျက်ကျခြင်းကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။

ယခုသတင်းရေးသားနေစဉ် ပျောက်ဆုံးရေငုပ်သင်္ဘောနှင့်ပတ်သက်၍ အင်ဒိုနီးရှားထံမှ မေတ္တာရပ်ခံချက် ရရှိပြီးနောက် #စင်္ကာပူသမ္မတနိုင်ငံ_ရေတပ်မတော်(RSN) သည် ကယ်ဆယ်ရေးရေယာဉ် MV Swift Rescue ကို ရှာဖွေရေးသို့ စေလွှတ်လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီး၏ ကြာသပတေးနေ့ Facebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရှိရသည်ဟု Straits Times က ယနေ့ဖော်ပြသည်။

…   
အဆိုပါရေယာဉ်တွင် ပုံမှန် ဆေးတပ်ဖွဲ့နှင့်အတူ Hyperbaric ခေါ် ဖိအားလွန် ပြုစုကုသရေး ဝန်ထမ်းများ လိုက်ပါသွားကြောင်း၊ ထို့ပြင် #DSAR 6 ခေါ် #ရေနက်ပိုင်း_ရှာဖွေကယ်ဆယ်ရေး_ရေငုပ်ယာဉ် ၆-စီးပါဝင်ပြီး ၎င်းတို့မှာ နက်ရှိုင်းသော သမုဒ္ဒရာရေပြင်သို့ ငုပ်လျှိုးနိုင်ခြင်း၊ ချို့ယွင်းရေငုပ်သင်္ဘောနှင့်ချိတ်ဆက်ခြင်း၊ အတွင်း၌ ရှိနေသူများကို ကယ်တင်ခြင်းနှင့် မိခင်သင်္ဘောသို့ ပြန်လည်သယ်ယူခြင်းတို့ ဆောင်ရွက်နိုင်ကြောင်း ဖော်ပြထားသည်ဆို၏။
အင်ဒိုနီးရှားအာဏာပိုင်များကမူ MV Swift Rescue ရေယာဉ်မှာ အခင်းဖြစ်ရေပြင်သို့ ဧပြီ ၂၄-ရက်နေ့တွင် ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

(( ယခုသတင်း ကြားသိရသည့်အခါ အမေရိကန်၏ #နျူစွမ်းအင်သုံး_ယူအက်စ်အက်စ်_ထရေးရှား ရေငုပ်သင်္ဘော ပျောက်ဆုံးခြင်းကို ဝမ်းနည်းစွာ ပြန်လည်အမှတ်ရမိပါသည်။ နျူကလီယာရေငုပ်သင်္ဘောကြီး ထူးဆန်းစွာပျောက်ဆုံးခဲ့ခြင်းကို ကျွန်တော်၏ ဘာသာပြန်သုတဆောင်းပါး တစ်ပုဒ်အဖြစ် လွန်ခဲ့သည့် ဆယ်စုနှစ်များက ပရင့်တက်ရေးသားခဲ့ဖူးသည်။

…    
၁၉၆၃-ခုနှစ် မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်ကမ်းခြေအရှေ့ဘက် ရေမိုင် ၂၂၀ ခန့်အကွာတွင် ရေနက်ပိုင်း စမ်းသပ်ငုပ်လျိုးစဉ် ပျောက်ဆုံးသွားခြင်းဖြစ်သည်။ ရေငုပ်သင်္ဘောအတွင်း ရေငန်ပိုက်တစ်နေရာ အဆက်ပြုတ်ရာမှ စတင်ချု့ိယွင်းသည်ဟု ထင်မှတ်ရပြီး ၎င်းနေရာတွင် တာဝန်ထမ်းဆောင်နေသူ သင်္ဘောသားမှာ ပြင်းထန်သော ရေဖိအားက တူကြီးကြီးဖြင့် ထုလိုက်သလို နေရာ၌ပင် တိတ်တဆိတ် ကျဆုံး သွားပုံရသည်။

 ရေလှောင်ကန်များမှ ရေများမှုတ်ထုတ်နိုင်ခြင်း မရှိသည့် ရေငုပ်သင်္ဘောကြီးမှာ နက်ရှိင်းလှသော သမုဒ္ဒရာကြမ်းပြင်တိုင်အောင် ထိုးစိုက်ဆင်းသွားခဲ့ပြီး တန်ချီသည့် ရေဖိအားက ရေငုပ်သင်္ဘောကြီးတစ်စီးလုံးကို ကြက်ဥတစ်လုံးပမာ ချေမွပစ်ခဲ့ကြောင်း ရေနက်ပိုင်းသုံးကင်မရာများ အကူအညီဖြင့် သိရှိရသည်။

…  
လွန်းတင်ပြင်ဆင်ပြီးစ ယူအက်စ်အက်စ်_ထရေးရှားတွင် လွန်းကျင်း အမှုထမ်းများအပါအဝင် ရေတပ်သား ၁၂၉-ဦးစလုံး သေဆုံးခဲ့သည်။ ကမ္ဘာ့ရေတပ်မတော်များ သမိုင်းတွင် ပြင်သစ်ရေငုပ်သင်္ဘော Surcouf နစ်မြုပ်၍ ရေတပ်သား ၁၃၀ သေဆုံးသည့် ၁၉၄၂-ခုနှစ် ဖြစ်စဉ်နောက်ပိုင်းတွင် အဆိုးရွားဆုံး ရေငုပ်သင်္ဘော မတော်တဆမှု ဖြစ်ပါသည်။   ။သတင်းဘာသာပြန်သူ))

(((South China Morning Post., 21 Apr, 2021,” Indonesia searching for missing submarine with 53 people on board.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်၊)))

#အင်ဒိုနီးရှားရေငုပ်သင်္ဘောပျောက်ဆုံး

https://www.scmp.com/news/asia/southeast-asia/article/3130490/indonesia-searching-53-people-aboard-missing-submarine
https://www.straitstimes.com/singapore/singapore-navys-mv-swift-rescue-dispatched-to-help-search-for-missing-indonesia-submarine 

Leave a Reply

Your email address will not be published.