လုံခြုံရေးတပ်ဖွဲ့ဝင်များ ပစ်ခတ်၍ ရှမ်းပြည်နယ် ကန့်ကွက်ဆန္ဒပြသူ ၈-ဦးထက်မနည်း သေဆုံး၊ တပ်မတော်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခြားအကြီးတန်း မြန်မာ့တပ်မတော်အရာရှိကြီးများ ဒေသတွင်း အာဆီယံနိုင်ငံများ အစည်းအဝေးသို့ တက်ရောက်


သောကြာနေ့ မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်းရှိ အောင်ပန်းမြို့တွင် စစ်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀၀ ကျော်တို့သည် အာဏာသိမ်းဆန့်ကျင်ရေး ကန့်ကွက်သူများနှင့် ထိပ်တိုက်တွေ့ခဲ့ရာ ဆန္ဒပြသူ ၇-ဦး သေဆုံးသည်။ အခြားတစ်ယောက်မှာ အနီးရှိ ကလောမြို့ဆေးရုံသို့ တင်ပို့စဉ် ဒဏ်ရာများကြောင့် သေဆုံးသွားသည်ဟု Russia Today က ယနေ့ရေးသားသည်။

..  
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းမှုယူခဲ့သော တပ်မတော်၏ အုပ်ချုပ်မှုကို ကန့်ကွက်ရန် အောင်ပန်းမြို့တွင် ဆန္ဒပြသူများ စတင်စုရုံးလာစဉ် သောကြာနေ့နံနက်ပိုင်း၌ ရဲတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာခြင်းဖြစ်သည် ဆို၏။

..   
ဒေသန္တရသတင်းအေဂျင်စီ Myanmar Now ၏ သတင်းပေးပို့ချက်အရ နံနက် ၉ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များက စတင်ပစ်ခတ်ရာ ဆန္ဒပြသူအမြောက်အများမှာ နေရာ၌ပင် သေဆုံးကြောင်း၊ သေဆုံးသူတို့၏ ရုပ်အလောင်းများကို ရဲတပ်ဖွဲ့ဝင်များက သယ်ယူသွားခဲ့သည်ဟု နာရေးကူညီမှုအကျိုးဆောင်သူက ပြောကြားကြောင်း သိရှိရသည်။

..    
အွန်လိုင်းတွင် ပျံ့လွင့်လျှက်ရှိသော ဗွီဒီယိုများ၌ အုတ်ကျိုးအုတ်ပဲ့များ ပြန့်ကျဲနေသည့် လမ်းတစ်လျောက် လမ်းလျှောက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်နှင့် ပစ်ခတ်လျှက်ရှိသည်ကို တွေ့မြင်ရသည်။

..   
သောကြာနေ့ နံနက်ပိုင်းတွင် နောက်ထပ် လွှင့်တင်သည့် အခြားဗွီဒီယိုတစ်ခု၌မူ ရဲတပ်ဖွဲ့ဝင်က ပုဂ္ဂလိကလူနေအိမ်အတွင်းသို့ မျက်ရည်ယိုဗုံး ပစ်သွင်းသည်ကို တွေ့မြင်ရသဖြင့့်အာဏာပိုင်တို့၏ ပြင်းထန်စွာကိုင်တွယ်ပုံကို ထပ်လောင်း ညွှန်ပြလျှက် ရှိနေသည်။

..   
Twitter တွင် ထပ်မံတွေ့မြင်ရသည့် သတင်းမှတ်တမ်းတစ်ခုတွင်မူ ဒေသခံများက ဒဏ်ရာရရှိထားသူများအား ဆေးကုသပေးရန် ကြိုးစားလျှက်ရှိစဉ် နောက်ခံအဖြစ် သေနတ်သံများ ကြားနေရသည်။

..   
စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များသည် မြို့တွင်းရှိ လူနေအိမ်များအတွင်း ချိုးဖျက်ဝင်ရောက်ပြီး အနည်းဆုံး အရပ်သား ၁၀-ဦး ခန့်ကို ဖမ်းဆီးသွားခဲ့ကြောင်း၊ တပ်မတော်သည် အာဏာသိမ်းဆန့်ကျင်ရေးပါဝင်သူများ၏ လှုပ်ရှားမှုနှင့် မြို့အား စောင့်ကြည့်ရန် ဒရုန်းများကို အသုံးပြုလျှက်ရှိကြောင်း အောင်ပန်းမြို့ခံတစ်ဦးက Myanmar Now သို့ ပြောပြသည်။

..  
နိုင်ငံ့ခေါင်းဆောင်များအား ထောင်သွင်းအကျဉ်းထား၍ တပ်မတော်က အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁-ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံမှာ ပရမ်းပတာတိုင်းပြည်ဖြစ်လျှက်ရှိသည်။ ၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲလိမ်လည်မှုများကြောင့် အာဏာသိမ်းရပါသည်ဟူသော တပ်မတော်၏ အကြောင်းပြချက်မှာ ကမ္ဘာအနှံ့ အပြားတွင် ကျယ်ပြန့်စွာ ပြစ်တင်ရှုတ်ချခြင်းခံရပြီး၊ နိုင်ငံတစ်ဝှမ်းလုံး၌လည်း တပ်မတော်အပေါ် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ရသည်။

..   
မြန်မာစစ်ကောင်စီကမူ သတ်မှတ်ထားခြင်းမရှိသော အချိန်ကာလကုန်ဆုံးသည့်အခါ ရွေးကောက်ပွဲများ ကျင်းပပြီး (အနိုင်ရရှိသည့်ပါတီကို) အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

..  
တပ်မတော်ဟုလူသိများသော မြန်မာတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတ်လ ၁၈-ရက်နေ့တွင် ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည့် ၁၈ ကြိမ်မြောက်အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး၌ တွေ့မြင်ရသည်ဟု AP သတင်းကို South China Morning Post က ကူးယူဖော်ပြသည်။

..  
ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အာဏာသိမ်းမှုနောက်ပိုင်း စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ အခြားအကြီးတန်း မြန်မာ့တပ်မတော်အရာရှိကြီးများက ပထမဆုံးနိုင်ငံတကာအဆင့် အာဆီယံနိုင်ငံများ အစည်းအဝေးသို့ တက်ရောက်ကြောင်း ကြာသပတေးနေ့ မြန်မာနိုင်ငံပိုင် ရုပ်သံများက လွှင့်ထုတ်ပြသသည်။

..  
အစည်းအဝေး သဘာပတိဖြစ်သူ အင်ဒိုနီးရှားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မြန်မာနိုင်ငံ၏ အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း ပြောဆိုသည်။ အင်ဒိုနီးရှားတပ်မတော်သည် နိုင်ငံအား နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ပြီးနောက် နိုင်ငံရေးမှ အပြီးတိုင် အပြည့်အ၀ ဆုတ်ခွာခဲ့သည့် တပ်မတော်ဖြစ်သည်။

..  
စင်္ကာပူနိုင်ငံကလည်း အလွန်အမင်း စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့ပြီး၊ သေစေလောက်သော လက်နက်များ အသုံးမပြုပါရန် အစည်းအဝေးတွင် တိုက်တွန်းခဲ့သည်ဟု စင်္ကာပူကာကွယ်ရေးဦးစီချုပ် ဒုတိယဗိုလ်ချုပ်ကြီး မယ်လ်ဗင်အွန်းက ၎င်း၏ Facebook စာမျက်နှာ၌ ရေးသားသည်။

..  
ယနေ့ မြန်မာနိုင်ငံ အောင်ပန်းမြို့လယ်တွင် တားဆီးပိတ်ဆို့မှုများ ပြုလုပ်ရန်ကြိုးစားသည့် ကန့်ကွက်ဆန္ဒပြသူ များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ၈-ဦးသေဆုံးကြောင်း Reuters က ဖော်ပြသည်။

..   
အရှေ့မြောက်ပိုင်း မြို့တော် လွိုင်ကော်တွင် ဆန္ဒပြသူ ၁-ဦး သေဆုံးကြောင်း၊ ရန်ကုန်မြို့တွင် ပစ်ခတ်မှုများရှိသော်လည်း ထိခိုက်သေဆုံးသတင်း မရရှိကြောင်း၊ ဆန္ဒပြမှုများကို မန္တလေး၊ မြင်းခြံ၊ ကသာ၊ မြဝတီမြို့များတွင်လည်း ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများနှင့် မီဒီယာများအရ သိရှိရသည်။

..   
တပ်မတော်အစိုးရ၏ပြောရေးဆိုခွင့်ရှိသူက လောလောဆယ် မှတ်ချက်ပေးနိုင်ခြင်း မရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် လိုအပ်သည့်အချိန်၌သာ အင်အားအသုံးပြုကြောင်း ပြောဆိုခဲ့ဖူးရာ ဝေဖန်သူများက ရှုတ်ချကြသည်။
..
(((Rusia Today., 19 Mar, 2021, “At least 8 dead as police open fire on protesters in Myanmar’s Shan State (VIDEOS).” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆို သည်။)))
..
#အောင်ပန်းနှင့်လွိုင်ကော်တွင်_ဆန္ဒပြသူစုစုပေါင်း_၉-ဦးသေဆုံး
#၁၈-ကြိမ်မြောက်အာဆီယံကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး_ဗိုလ်ချပ်မှူးကြီးမင်းအောင်လှိုင်
..
https://www.rt.com/news/518568-myanmar-coup-protest-aungban-shan/
https://www.scmp.com/video/asia/3126066/head-myanmars-military-junta-min-aung-hlaing-appears-online-asean-conference
https://www.dhakatribune.com/world/south-east-asia/2021/03/19/myanmar-security-forces-kill-8-as-indonesia-calls-for-end-to-violence

Leave a Reply

Your email address will not be published.