လွန်ခဲ့သည့်နှစ် ဘင်္ဂလားဒေ့ရှ်တွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသည်ထက် မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းက ၇၀ ရာနှုန်း ပိုများခဲ့။ မိသားစုပြဿနာကြောင့် သတ်သေသူအများဆုံးဖြစ်၊ သေဆုံးသူ ထက်ဝက်နီးပါးမှာ ၂၀ မှ ၃၅ နှစ် ကြားရှိနေ၊ စိတ်ကျရောဂါ၏ စေ့ဆော်မှုဖြင့် သတ်သေလေ့ရှိကြ


ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါဖြစ်ပွားသည့် ပထမနှစ်တွင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၌ Covid-19 ရောဂါကြောင့် သေဆုံးသူအရေအတွက်ထက် မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းကြောင့် ၇၀% ပိုမို သေဆုံးခဲ့ကြောင်း၊ နိုင်ငံအတွင်း အဆုံးစီရင်မှုကြောင့် သေဆုံးသူဦးရေမှာ နှစ်စဉ် လူ ၁၀,၀၀၀-ခန့်ရှိသည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။…  
လွန်ခဲ့သည့်နှစ် မတ်လ ၈-ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို ပထမဆုံးအကြိမ် စတင်တွေ့ရှိခဲ့သည်။ ထိုမှ ရက်ပေါင်း ၃၆၅-ရက်အတွင်း Covid-19 ရောဂါဖြင့် သေဆုံးသူ ၈,၄၆၂-ဦးရှိကြောင်း #ကျန်းမာရေးဆိုင်ရာ အထွေထွေဝန်ဆောင်မှုဦးစီးဋ္ဌာန DGHS ၏ စာရင်းဇယားများအရ သိရှိရသည်။ အလားတူ ကာလတွင် လူပေါင်း ၁၄,၄၃၆-ဦးမှာ မိမိကိုယ်မိမိ အဆုံးစီရင်ခဲ့ကြကြောင်း #အာနမ်ချယ်-ဖောင်ဒေးရှင်းက သတင်းစာ၊ ရဲတပ်ဖွဲ့ နှင့် ဆေးရုံများ၌ စာရင်း ကောက်ယူတွေ့ရှိရသည်ဆို၏။..
နိုင်ငံအတွင်း နှစ်စဉ် ပျမ်းမျှ လူ ၁၀,၀၀၀ ခန့် မိမိကိုယ်မိမိ သတ်သေခြင်းလေ့ရှိပြီး ယမန်နှစ်မိမိကိုယ်မိမိ အဆုံးစီရင်ခြင်းကြောင့် သေဆုံးသူ ဦးရေသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ကို ကျော်လွန်သွားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံစာရင်းအင်းဗျူရို (BBS)၏ ဖေဖော်ဝါရီလ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။..   
ထိုသို့ သတ်သေသူ ဦးရေတိုးပွားလာရခြင်း၏ အကြောင်းရင်းများကို နားလည်နိုင်ရန် သေဆုံးမှုဖြစ်စဉ် ၃၃၂-မှု ကို အာနမ်ချယ်ဖောင်ဒေးရှင်းက လေ့လာခဲ့သည်။ မိသားစုပြဿနာသည် မိမိကိုယ်မိမိ သတ်သေရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ပြီး သေဆုံးမှု စုစုပေါင်း၏ ၃၅ % ရှိနေသည်။ နောက်ဆက်တွဲအနေဖြင့် စိတ်ဖိစီးမှုနှင့် ဆက်နွယ်၍ ၂၄%၊ ငွေကြေးပြဿနာ   ၄% နှင့် ပညာရေးကြောင့် ၁% ဟူ၍ တွေ့ရှိရပြီး၊ ၃၂% မှာ မည်သည့် အတွက် မိမိကိုယ်မိမိ အဆုံးစီရင်ရကြောင်း ဆုံးဖြတ်နိုင်ခြင်း မရှိပေ။..   
သေဆုံးသူများ၏ ထက်ဝက်နီးပါးသည် အသက် ၂၀ မှ ၃၅ နှစ်ကြား အရွယ်ရှိသူများဖြစ်ကြပြီး ၅ နှစ်မှ ၁၉ နှစ် ၃၅ %၊ အသက် ၃၆-၈၀ နှစ် ၁၆% အသီးသီးဖြစ်ကြောင်း တွေ့ရှိရသည်။..  
စိတ်ကျန်းမာရေးကျွမ်းကျင်သူ အာဇာဟူလ်အစ္စလာမ်ကမူ မိမိကိုယ်မိမိ သတ်သေရခြင်းတွင် Depression ခေါ် #စိတ်ကျရောဂါ၏ စေ့ဆော်မှုကြောင့်ဖြစ်ကြောင်း၊ ပုံမှန်အကြံပေးဖြောင့်ဖျခြင်းနှင့် စိတ်ကျန်းမာရေးဆိုင်ရာ အလေ့အထကောင်းများ မွေးမြူခြင်းတို့ဖြင့် တားဆီးကာကွယ်နိုင်ဖွယ်ရှိကြောင်း ရှင်းပြသည်။..  
ကိုယ့်ကိုယ်ကိုသတ်သေရန် ကြိုးစားမှုများမှာ လူငယ်များအကြား စိုးရိမ်ဖွယ်ရာနှုန်းဖြင့်မြင့်တက်နေသည့်အတွက် ပညာရေးဆိုင်ရာအဖွဲ့အစည်းများတွင် အရည်အချင်းပြည့် စိတ်ရောဂါဆိုင်ရာပညာရှင်များ ရှိနေစေရန် လိုအပ်ကြောင်း၊ …ကိုယ့်ကိုယ်ကိုသတ်သေရန် အကြောင်းပြချက်မှာ အခြားသူများတွင် အသေးအဖွဲကိစ္စအဖြစ် မည်သို့ပင် မှတ်ယူနိုင်စေကာမူ သတ်သေရန်လိုသူများအတွက် တကယ့်ပြဿနာကြီးတစ်ခုဖြစ်နေတတ်သဖြင့် အလေးအနက်ထားရှိသင့်ကြောင်း၊ နိုင်ငံသားတိုင်း(ပုံမှန်သက်တမ်းစေ့) ရှင်သန်ရပ်တည်ရေးအတွက် နိုင်ငံတော်အပါအဝင် ပတ်ဝန်းကျင်လူတိုင်းတွင် စိတ်ကျန်းမာရေး စောင့်ရှောက်ရန် တာဝန်နှင့်ဝတ္တရားရှိနေကြောင်း အာနမ်ချယ် ဖောင်ဒေးရှင်း တည်ထောင်သူ သန်ဆမ်ရို့စ်က ပြောဆိုသည်။
..
(( မည်သူမဆို တစ်သက်တာအတွင်း သေချင်လောက်အောင် စိတ်ညစ်ရသည့် အဖြစ်မျိုးကို တစ်ကြိမ်မက ကြုံတွေ့ဖူးကြသည်ချည့်ဖြစ်ပါသည်။ သို့သော် မိမိကိုယ်မိမိ သတ်သေအထိ ဖြစ်ခြင်းမျိုး အလွန်နည်းသည်။ အပြင်းစား စိတ်ကျရောဂါ ခံစားနေရသူများသည် တစ်ကြိမ်မဟုတ် တစ်ကြိမ်တွင် သတ်သေမည်သာဖြစ်သည်။ ထိုအခါ ရည်းစားကြောင့် သတ်သေလျှင် ရည်းစားမှာ ဗီလိန်ဖြစ်၊ စာမေးပွဲကြောင့် သတ်သေလျှင် စာမေးပွဲမှာ တရားခံဖြစ်ရကြောင်း စိတ်ပညာရှင်တစ်ဦးဖြစ်သူ #ဦးခင်မောင်တင့်(#တက္ကသိုလ်ဘုန်းနိုင်) က #အိုင်ကျူ_မည်မျှယုံ၍_မည်မျှပုံရမည်နည်း စာအုပ်တွင် ရေးသားထားသည်။..  
နှစ်စဉ် စာမေးပွဲကျရှုံးသူ၊ ရည်းစားနှင့်ကွဲသူ ထောင်သောင်းများစွာ ရှိသော်လည်း အပြင်းစား စိတ်ကျဝေဒနာရှင်များအတွက် ထိုအကြောင်းကြောင့် မိမိဘဝကို အရှုံးပေးခြင်းသည်သာ ထွက်ပေါက်ကြီးတစ်ခုဖြစ်နေတတ်ပါသည်။..   
ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော မြန်မာတို့သည် လူတိုင်းတွင် ရုပ်နှင့် စိတ်တို့ဖြင့် တည်ဆောက်ထားကြောင်း ကောင်းစွာ သိရှိသူများဖြစ်ကြပါသည်။ ရုပ်တွင် ဝေဒနာဖြစ်လျှင် မည်သည့် အထူးကုပါရဂူနှင့် မည်မျှကုန်အောင် ကုသခံရ/ကုသခံနေဆဲဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုလေ့ရှိသည်။ ..သို့သော် စိတ်တွင်လည်း ဝေဒနာဖြစ် နိုင်ကြောင်းကိုမူ လစ်လျု့ရှု့လေ့ရှိသည်။ ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာဆရာဝန်များ၊ စိတ်ကုပညာရှင်များနှင့် ပြသ အကြံဉာဏ်တောင်းခံရမည်ကို ရှက်တတ် ဝန်လေးတတ်ကြသည်။..  
Depression ခေါ် စိတ်ကျဝေဒနာသည် ရောဂါတစ်ခုသာဖြစ်၍ အနာသိလျှင်ဆေးရှိပါသည်။ မိမိနှင့်တကွ မိမိပတ်ဝန်းကျင်၏ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် လူတိုင်း၎င်း တာဝန်ရှိသည်။..    
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကို ၂၀၂၀-ပြည့်နှစ် မတ်လ ၂၃-ရက်နေ့တွင် စတင်တွေ့ရှိသဖြင့် ဘင်္ဂလားဒေ့ရှ်ထက် ရက်သတ္တ ၂-ပတ်နီးပါး နောက်ကျသည်။ ဘင်္ဂလားဒေ့ရှ်သည် ရှမ်းပြည်နယ်မျှ သာ ကျယ်ဝန်းသော မြေပေါ်၌ နေထိုင်သူဦးရေမှာ မြန်မာထက် ၃-ဆမျှ ရှိသည်။ ..သို့သော် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်-သေဆုံးအရေအတွက်မှာ မြန်မာနှင့် မတိမ်းမယိမ်းဖြစ်၍ ဖြစ်ပွားမှု အတက်/အကျမှာလည်း အလွန်နီးစပ်ကြောင်း ယမန်နှစ် တရားဝင်ထုတ်ပြန်သော နှစ်နိုင်ငံကျန်းမာရေးဋ္ဌာန စာရင်းဇယားများအရ သိရှိရသည်။..   
ယခုအခါတွင် နိုင်ငံတကာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက်နေပြီး အိမ်နီးချင်း အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင်လည်း ကူးစက်-သေဆုံး တိုးမြင့်လာနေကြောင်း တွေ့ရှိရသည်။
..
((( Dhaka Tribune., Mar. 13, 2021, “ 70% more suicides than Covid-19 deaths in the last year.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))..   #လွန်ခဲ့သည့်နှစ်ဘင်္ဂလားဒေ့ရှ်တွင်ကိုရိုနာဗိုင်းရပ်စ်ထက်_မိမိကိုယ်မိမိ_အဆုံးစီရင်ခြင်းက ၇၀ရာနှုန်းပိုများ
..
https://www.dhakatribune.com/bangladesh/2021/03/13/70-more-suicides-than-covid-19-deaths-in-the-last-year 

Leave a Reply

Your email address will not be published.