ရက်ပိုင်းအတွင်း 2019 n-CoV “ဝူဟန်ကိုရိုနာဗိုင်းရပ်စ်”ကူးစက်ခံထားရသူ ၁၀-ဦးတွေ့ရှိခြင်းဖြင့် လတ်တလော ဗိုင်းရပ်စ်ခြိမ်းခြောက်မှု ရင်ဆိုင်နေရသည့် ထိုင်ဝမ်နိုင်ငံတွင် လွန်ခဲ့သည့် ၃-လအတွင်း H1N1 ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆-ဦးရှိခဲ့ကြောင်း ထိုင်ဝမ်ရောဂါထိန်းချုပ်ရေးဗဟို ( CDC ) က ပြောဆိုသည်ဟု South China Morning Post က ယနေ့ရေးသားသည်။
လူဦးရေ ၂၄-သန်းခန့်ရှိသော ကျွန်းနိုင်ငံတွင် “ဝူဟန်ကိုရိုနာဗိုင်းရပ်စ်”ကူးစက်ခံထားရသော်လည်း အဖိတ်အစင်မရှိသေးပဲ လောလောဆယ် ပိုမိုခြိမ်းခြောက်လျှက်ရှိသည်မှာ “ရာသီချိန်တုတ်ကွေး” ဖြစ်သည်ဆို၏။ ဝက်များမှ ကူးစက်သည့် Influenza A virus subtype H1N1/09 ခေါ် တုတ်ကွေးဗိုင်းရပ်စ်ကြောင့် ထိုင်ဝမ်နိုင်ငံတွင် လွန်ခဲ့သော ရက်သတ္တပါတ်အတွင်း သေဆုံးသူ ၁၃-ဦး ရှိခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သော ဒီဇင်ဘာလ၌ အသက်ရှူလမ်းကြောင်းပျက်စီး၍ အဆိုပါသေဆုံးသူများမှာ ၄၇ နှစ်မှ ၉၇-နှစ်အတွင်း အသက်အရွယ်ရှိကြသူများဖြစ်သည်။
H1N1ဗိုင်းရပ်စ်ကူးစက်၍ ထိုင်ဝမ်တွင် လူပေါင်း ၇၇၁-ဦး နာဖျားခဲ့ကြရသည်။ သေဆုံးကြရခြင်းတို့တွင် အသက် ၅၀ မှ ၆၄ နှစ်အရွယ် ၃၂-ရာခိုင်နှုန်း၊ ၆၅-နှစ်အထက် ၄၁-ရာခိုင်နှုန်းရှိကြပြီး သေဆုံးရခြင်း၏ ၉၈-ရာခိုင်နှုန်းမှာ ကာကွယ်ဆေး မရရှိသောကြောင်ြ့ဖစ်သည်။
ဝက်များမှတစ်ဆင့်ကူးစက်ခြင်းဖြစ်၍ “ ဝက်တုတ်ကွေး “ ဟု မီဒီယာတို့က အမည်ပေးခဲ့ကြသည့် အဖျားရောဂါကြောင့် ၂၀၀၉- ၂၀၁၀ ခုနှစ် အတွင်း လူပေါင်း ၁၇,၀၀၀ သေဆုံးရပြီး ကမ္ဘ္ဘာ့ကပ်ရောဂါတစ်ခုအဖြစ် နာမည်ဆိုးသမိုင်းတွင်ခဲ့သည်။
မျက်မှောက်နိုင်ငံတကာတွင် 2019 n-CoV ကြောင့် ယမန်နေ့အထိ လူ ၆၄-ဦး ထပ်မံသေဆုံးခဲ့ရာ “ဝူဟန် ကိုရိုနာဗိုင်းရပ်စ်” ကြောင့် သေဆုံးသူ ၄၂၆-ဦးရှိလာကြောင်း Johns Hopkins’s CSSE က ယနေ့ဖော်ပြသည်။
ကမ္ဘ္ဘာ့တစ်ဝှမ်းလုံး အနေဖြင့် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀,၅၈၈ – ဦးရှိပြီး ကုသပျောက်ကင်းသူ ၆၄၄-ဦးရှိသည်။ သေဆုံးသူအများစုမှာ တရုတ်တစ်နိုင်ငံတည်းမှဖြစ်ပြီး ဖိလစ်ပိုင်မှ ၁-ဦးပါဝင်သည်။ ဟူဘေးပြည်နယ်သည် သေဆုံးမှု့ အများဆုံးဖြစ်ပြီး ၄၁၄-ဦးသေဆုံးခဲ့ပြီးဖြစ်သည်။
((( မကြာသေးခင်ရက်ပိုင်းအတွင်း အိန္ဒိယတွင် “H5N1 ကြက်ငှက်တုတ်ကွေး” ဖြင့် ကြက်အမြောက်အများ သေဆုံးကြောင်း သတင်းထွက်ပေါ်ခဲ့သည်။ တမြန်နေ့ တရုတ်နိုင်ငံတွင် အလားတူ မွေးမြူရေးကြက်များ သေဆုံးရသည်မှာ H5N1 ကြောင့် ဖြစ်ကြောင်း တရုတ်အာဏာပိုင်များက သတင်းထုတ်ပြန်သည် ကို တွေ့ရသည်။
ကျွန်တော်များ အိမ်နီးချင်း ဘင်္ဂလားဒက်ရှ်နိုင်ငံတွင် လင်းနို့မှ စတင်သော Nipah virus နစ်ပါဗိုင်းရပ်စ်ကြောင့် လူ ၆-ဦးတွင် ၄-ဦးသေဆုံးကြောင်း၊ ဘင်္ဂလားဒက်ရှ်နှင့် အိန္ဒိယတို့တွင် ဖြစ်ပွားလျှက်ရှိသော နစ်ပါးဗိုင်းရပ်သည် သစ်သီးစားလင်းနို့၏ ကျင်ငယ်၊ သွားရည်များမှတဆင့် အများဆုံးကူးစက်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ အစီရင်ခံစာအရ သိရှိရသည်။
နစ်ပါးဗိုင်းရပ်စ်သည် လူတို့၏ အသက်ရှင်ကျန်းမာရေးကို ထိခိုက်စေသော်လည်း အခြားသော ကူးစက်ရောဂါ များနှင့် ယှဉ်လျှင် အလွန်နည်းပြီး အသိ-သတိနှင့် ရှောင်ရှားနိုင်ရန်အခွင့်အရေးရှိနေသေးသည်။
သို့သော် လက်ရှိ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍မူ လက်လှမ်းမီသမျှ လေ့လာမိသမျှတွင် သေဆုံးနှုန်းနှင့် ရောဂါပြန့်ပွားမှု့ လျှော့ချနိုင်ရန်ပင် မျှော်လင့်ချက် အတော်ဝေးနေသေးကြောင်း တွေ့ရပါသည်။ ဆင်းရဲပြီး မဖွံ့ဖြိုးသေးသော အိမ်နီးချင်း ကျွန်တော်တို့နိုင်ငံအတွက် ဖြစ်လာမှ ကုသသည်ထက် ကာကွယ်ခြင်းသည်သာ အကောင်းဆုံး အထိရောက်ဆုံးဖြစ်ပါမည်။
လူ-လူချင်း လေထုမှတစ်ဆင့် ကူးစက်နိုင်ပါသဖြင့် တစ်နိုင်ငံလုံး တစ်ပုံစံတည်း၊ တစ်ပြေးညီ ကာကွယ်ကြရမည်ဖြစ်ရာ အခြားသော အိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်လျှက်ရှိပုံတို့ကိုလည်း အလေးအနက် လေ့လာသင့်ပါသည်။ ။ သတင်းဘာသာပြန်သူ))
https://www.scmp.com/news/china/society/article/3048798/coronavirus-taiwan-deadly-virus-h1n1-flu
http://www.cidrap.umn.edu/news-perspective/2010/08/who-says-h1n1-pandemic-over