ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နှင့် ထူးဆန်းသော တိုက်ဆိုင်မှု၊ ဇီဝလက်နက် တကယ်ကြီးလား

တစ်ခါတစ်ရံ ကျွန်တော်တို့သည် အိပ်မက်မက်သည့် အကြောင်းအရာများ အပြင်၌ အမှန်တကယ်ဖြစ်လာသည်ကို ကြုံဖူးကြပေလိမ့်မည်။ ရှေ့ဖြစ်ဟောသည်ဆိုသော ဗေဒင်ဆရာများလည်းရှိကြ၍ ရုပ်ရှင်-ဝတ္တုပါအကြောင်း အရာများ အမှန်တကယ်ဖြစ်လာသည်များ ရှိခဲ့ပါသည်။

လူသိများသော အကြောင်းအရာတစ်နှင့် စတင်ရလျှင် “ တိုက်တန်းနစ် “ ဖြစ်သည်။ Titanic တိုက်တန်းနစ်ခရီးသည်သင်္ဘောကြီးသည် ၁၉၁၂-ခုနှစ်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ထိုထက် ၁၄-နှစ်စောကာ ရေခဲတောင်နှင့် တိုက်မိ၍ ရေယာဉ်ကြီးနစ်မြုပ်သဖြင့် ခရီးသည်အများအပြားသေဆုံးရကြောင်း ဝတ္ထုတစ်အုပ်ထွက်ခဲ့ဖူးသည်။ ၁၈၉၈ -ခုနှစ်တွင် အမေရိကန်စာရေးဆရာ မော်ဂန်ရောဘတ်ဆန်သည် The Wreck of the Titan “ တိုက်တန် သင်္ဘောနစ်မြုပ်ပျက်စီးခြင်း “ အမည်ဖြင့် သည်းထိတ်ရင်ဖို ဝတ္ထုရေးသားခဲ့သည်။

အံ့သြဖွယ်ကောင်းသည်မှာ ရောဘတ်ဆန်၏ သင်္ဘောအမည်မှာ “ တိုက်တန် “ ဖြစ်၍ တကယ်နစ်မြုပ်ခဲ့သည်မှာ “ တိုက်တန်းနစ် “ ဖြစ်သည်။ “ တိုက်တန် “ ရော “ တိုက်တန်းနစ် “ တို့ပါ ထိုခေတ်အခါက မနစ်မြုပ်နိုင်သော သင်္ဘောများအဖြစ် ပြောဆိုကြရာ၌ တူညီနေသည်။ ထို့ပြင် အတ္တလန်တိတ်သမုဒ္ဒရာမြောက်ပိုင်း၌ ရေခဲတောင်နှင့် တိုက်မိခြင်း၊ လိုက်ပါလာသော ခရီးသည်များအတွက် အသက်ကယ်လှေအလုံအလောက် ပါမလာခြင်းတို့၌လည်း တူညီနေပြန်သည်။ အသက်ပေါင်းများစွာဆုံးရှုံးရသည်ဟု ဖော်ပြကြရာတွင် ဖြစ်ရပ်မှန်ထက် ဝတ္ထုက ၁၄- နှစ်စောနေသဖြင့် နားမလည်နိုင်အောင် ဖြစ်ကြရသည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကို ကျွန်တော်များ သိပြီး၊ ရင်းနှီးပြီးဖြစ်ပါမည်။ ယခုအခါ မြန်မာသာမက ကမ္ဘ္ဘာသို့တိုင် စိုးရိမ်ကြောက်ရွံ့လျှက်ရှိကြသည့် ကိုရိုနာဗိုင်းရပ်မှာလည်း ထိုသို့ ထူးခြားစွာတိုက်ဆိုင်ခဲ့ကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်။

၂၀၁၉-ခုနှစ် ဒီဇင်ဘာလ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်တွင် ဆားစ်ရောဂါနှင့် ခပ်ဆင်ဆင် ဗိုင်းရပ်စ်ပိုးစွဲကပ်၍ လူပေါင်း ၄၁-ဦး သေဆုံးရသည်။ နမိုးနီးယားနှင့် ဆင်တူပြီး 2019-nCoV acute respiratory disease ” ပြင်းထန် အသက်ရှူလမ်းကြောင်းရောင် ကိုရိုနာဗိုင်းရပ်စွဲရောဂါ “ ဟု အမည်ပေးခဲ့ကြသည်။ ပင်လယ်စာ ဈေးတန်းမှ စတင်သည်ဟု ယူဆရသောဗိုင်းရပ်စ်ကြောင့် အပြင်းဖျား၊ ချောင်းဆိုး၊ အသက်ရှူမဝ၊ ကြွက်သားများနာကျင်၊ ပင်ပန်းနွမ်းနယ် ဝေဒနာများခံစားရပြီး သေဆုံးသည်အထိ ဖြစ်ပေါ်သည်။ တိုတောင်းသော ရက်-လအနည်းငယ်အတွင်းမှာပင် ကူးစက်ပျံ့နှံ့၍ ဖေဖော်ဝါရီ တတိယပတ်မကုန်မီတွင် တရုတ်ပြည်မကြီး၌ လူပေါင်း ၁,၈၆၈-ဦး သေဆုံးရပြီး ၇၂,၄၃၆- ဦးတွင် ဗိုင်းရပ်စ်ကူးစက်လျှက်ရှိသည်။

ယခုဖြစ်စဉ်အား ကြိုတင်သိမြင်သည့်အလား ရေးသားခဲ့သူမှာ အမေရိကန် လျှို့ဝှက်သည်းဖိုစာရေးဆရာ Dean Koontz ဒင်းကူးန်စ်ဖြစ်သည်။ ၁၉၈၁- ခုနှစ်တွင် ဒင်းကူးန်စ်က The Eyes of Darkness “ မဟူရာမျက်လုံး “ သည်းထိတ်ရင်ဖိုဝတ္တု၌ ရေးသားထားခြင်းဖြစ်ပြီး ၃၈-နှစ်စောနေပါသည်။

ကူးန်စ်၏ ဝတ္တုတွင် ဗိုင်းရပ်စ်အမည်သည် Wuhan – 400 “ ဝူဟန်-၄၀၀ “ ဟူ၍ဖြစ်ပြီး တရုတ်နိုင်ငံ ဝူဟန်မြို့ကို ဇာတ်အိမ်တည်ထားသည်။ ခရစ်စတီနာအက်ဗင်သည် အပျော်ခရီးထွက်သွားသော သားဖြစ်သူ ဒန်နီပျောက် ဆုံးနေခြင်းကို လိုက်လံရှာဖွေခြင်းမှ ရင်ဆိုင်ရသော တုန်လှုပ်ဖွယ်ဇာတ်လမ်းဖြစ်သည်။ သေပြီပြောကြသော ဒန်နီသည် တရုတ်နိုင်ငံ ဝူဟန်တွင် အသက်ရှင်လျှက်ရှိနေကြောင်း သတင်းအတိအကျရသည်။

ခရစ်စတီနာပြန်တွေ့ရသော အချိန်တွင် ဒန်နီမှာ တရုတ်စစ်ဖက်ဆိုင်ရာ အဆောက်အအုံအတွင်း ရောက်ရှိနေသည်။ ဒန်နီကိုယ်ကိုယ်တိုင်မှာ ဗိုင်းရပ်စ်စွဲကပ်နေသူများထံမှ ရောဂါကူးသဖြင့် ဝူဟန်စစ်ဖက်သုတေသနစင်တာတွင် လူစင်စစ်မှ အဏုဇီဝရုပ် စမ်းသပ်ခံသတ္တဝါဖြစ်နေလေပြီ။

တရုတ်သိပ္ပံပညာရှင် လီချန်းသည် တရုတ်ပြည်၌ လွန်ခဲ့သောဆယ်စုနှစ်အတွင်းတည်ဆောက်လျှက်ရှိသည့် ဇီဝလက်နက်အတွက် လိုအပ်သောဗိုင်းရပ်စ်အချက်အလက်များပါ ကွန်ပျူတာ floppy disk ကို အမေရိကန်မှ ရရှိခဲ့သည်။ ဝူဟန်မြို့ပြင် ရိုင်ဗိုဆိုမယ်ဒီအင်အေ သုတေသနစခန်းတွင် “ ဝူဟန် -၄၀၀ “ ဗိုင်းရပ်ကို ဖန်တီးသည်။

ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ယခုအခါ တရုတ်နိုင်ငံ Institute of Virology ဗိုင်းရပ်စ်ပိုးမွှားဗေဒတက္ကသိုလ်သည် ဝူဟန်မှ ၂၅ မိုင်ခန့်အကွာတွင်ရှိနေခြင်းပါတည်း။ သို့သော် အလွန်အန္တရာယ်ကြီးသော ဗိုင်းရပ်ပိုးမွှားများကို ကိုင်တွယ်သုတေသနပြုလုပ်နေသည့် ဝူဟန်တက္ကသိုလ်တည်ရှိကြောင်း ၂၀၁၇-ခုနှစ်မှ ရောက်မှ ကမ္ဘ္ဘာကသိကြသည်။

ထိုသို့ဆိုလျှင် လတ်တလောပျံ့နှံ့လျှက်ရှိသော အမေရိကန်ဟားဗတ်တက္ကသိုလ်ဇီဝတုဗေဒပါမောက္ခက ဝူဟန် တက္ကသိုလ်မှ ထောက်ပံ့ငွေ ဒေါ်လာ ၁.၇ သန်းကို ရယူသဖြင့် FBI က ဖမ်းဆီးခံရခြင်း၊ အခြား တရုတ်ပညာတော် သင်များ ဗီဇာလိမ်လည်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရခြင်းနှင့် ဆက်နွယ်သည့် ကောလဟလကို ချင့်ချိန်နိုင်လောက်ပါပြီ။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်စွဲရောဂါကို COVID-19 ဟု WHO က သတ်မှတ်ပေးလိုက်ပါပြီ၊ အဆိုပါဗိုင်းရပ်စ်သည် ဇီစလက်နက်အဖြစ် သုံးရန် ဓါတ်ခွဲခန်း၌ ဖန်တီးခြင်း မဟုတ်ကြောင်း သေချာသလောက်ရှိသည်။

ကမ္ဘ္ဘာဦးသက်ရှိအစသည် ရေ၌ ဆဲလ်တစ်ခုတည်း အမီးဗားကဲ့သို့ သတ္တဝါမှ စတင်သည်။ ထို့နောက် ရေနေသတ္တဝါများ- ရေတစ်ပိုင်းကုန်းတစ်ပိုင်း – တွားသွား – လေတွင်ပျံဝဲသော သတ္တဝါမှ နောက်ဆုံး နို့တိုက်သတ္တဝါ အထိ အဆင့်ဆင့်ဖြစ်ပေါ်ရာတွင် နှစ်သန်းပေါင်းများစွာကြာမြင့်သည်။ မျောက်မှ လူဖြစ်သည်ဆိုရာ၌ တိုက်ရိုက်မဟုတ် ကြားခံ သတ္တဝါတစ်ကောင် ရှိနေပြီး နှစ်ပေါင်း သောင်းသိန်းချီအချိန်ယူရသည်။

ထို့ကြောင့် ဗိုင်းရပ်စ်နှင့် ကူးစက်ရောဂါပါမောက္ခကြီးများပင် အတိအကျမသိသေးသော ကိစ္စကို “ ဇီဝလက်နက် “ ဟု ဇွတ်အတင်းပြောဆိုခြင်းသည် သိပ္ပံဝတ္ထုဆိုပါလျှက် လကမ္ဘ္ဘာကို နွားမလေးက ခုန်ကျော်သော ဇာတ်လမ်းမျှသာ ဖြစ်တတ်သည်။

((( အကျယ် အသေးစိတ်ကို ပရင့်တက်မီဒီယာတစ်စောင်တွင် ရေးသားပါမည်။ ။ သတင်းဘာသာပြန်သူ ))

(( South China Morning Post., 13 Feb. 2020,” A virus called Wuhan-400 causes outbreak … in a Dean Koontz thriller from 1981. How is it that some books appear to prophesy events?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဖော်ပြသည်။))

#ကိုရိုနာဗိုင်းရပ်စ်

https://www.history.com/this-day-in-history/titanic-sinks

https://www.scmp.com/news/china/society/article/3051063/coronavirus-chinas-hubei-province-records-1807-new-cases-93

https://www.scmp.com/lifestyle/arts-culture/article/3050481/virus-called-wuhan-400-makes-people-terribly-ill-dean-koontz

0

Leave a Reply

Your email address will not be published.