“ ဝူဟန် ကြား ..ရုံ .. “ နှင့် သခင်စိတ်- ကျွန်စိတ်


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားလျှက်ရှိသော တရုတ်နိုင်ငံ ဝူဟန်မြို့ကြီးမှာ သုဿန်တစပြင်ပမာ ငြိမ်သက်လျှက်ရှိသည်။ ဇန်နဝါရီလ ၂၃-ရက်နေ့မှ စတင်ကာ တရုတ်အာဏာပိုင်တို့က Quarantine “ ရောဂါ ခြေချုပ်” အမိန့် ကြေညာခြင်းကြောင့် မြို့နေအားလုံး သက်ဆိုင်ရာ၏ ကြီးကြပ်ခွင့်ပြုချက်မရရှိပဲ မိမိတို့ နေအိမ် တိုက်ခန်းများမှတစ်ပါး အပြင်ထွက်ခွင့် မရှိချေ။ လူဦးရေ ၁၁- သန်းနေထိုင်သည့် မြို့ကြီး၏ တစ်ချိန်က ပျားပန်းခပ်မျှ စည်ကားခဲ့သော ဘူတာရုံ၊ လေဆိပ်၊ ဈေး၊ လမ်းမကြီးတို့တွင် လူသွားလူလာ မတွေ့ရတော့ပါ။

တိတ်ဆိတ်လျှက်ရှိသော မြို့တော်ကြီးတွင် ဝူဟန်မြို့နေများမှာ စိတ်ဓါတ်ကျဆင်းခြင်းမရှိပါ။ ဝရံတာ-တိုက်ခန်းပြတင်းပေါက်များမှ ရပ်ကာ မျိုးချစ်စိတ်ထက်သန်စေသော သီချင်းများကို သီဆိုနေကြသည်။ “ ဝူဟန် ကြားရုံ “ “ ဝူဟန် တောင့်ထား “ ဟု ဘဝတူအချင်းချင်း အော်ဟစ်အားပေးနေကြပါသည်။ ညဉ့်နက်ပိုင်း တိုက်ခန်းတစ်ခန်းမှ အော်ဟစ်အားပေးသံ ထွက်ပေါ်လာပြီး မကြာမီ မီးလင်းလာသော အခြားအခန်းများမှလည်း ပြန်လည်တုန့်ပြန်အား ပေးလျှက်ရှိသည်ဟု South China Morning Post က ဇန်နဝါရီ -၂၈၊ ၂၀၂၀ သတင်းအဖြစ် လူမှု့ကွန်ယက်၌ လွှင့်တင်သည်။

ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း ရောဂါလက္ခဏာတွေ့ရှိသူ- အသက်ဆုံးရှုံးသူအရေအတွက်မှာ ယခု သတင်းတင်ပြချိန်အထိ ဒီရေအလားတိုးတက်နေဆဲဖြစ်သည်။ ကူးစက်-သေဆုံးနှုန်းကိုပင် လျှော့ချနိုင်ခြင်း မရှိသေးပါ။

အမှန်စင်စစ် ယခုအော်ဟစ်အားပေးလျှက် ရှိသူများတွင် နောက်တစ်နေ့ မနက်ဖန် မည်သို့ရှိမည်ကို ကာယကံရှင်များ ကိုယ်တိုင် မှန်းဆနိုင်ခြင်းမရှိပါ။ သို့သော် သေကာမှ သေရော မိမိတို့ဘဝတူ မြို့နေအချင်းချင်း ဖြေသိမ့်အားပေးလျှက် ပြင်းထန်သော ကြောက်မက်ဖွယ် ရောဂါဆန်းကို ကြံ့ကြံ့ခံနေသည်မှာကား လေးစားအတုယူလောက်ပါသည်။

သတိထားမိလျှင် တိုတောင်းသော အချိန်အတွင်း ဖွံ့ဖြိုးတိုးတက်လာသည့် တိုင်းပြည်နေ နိုင်ငံသားများသည် အရေးကြုံလျှင် အလွန်သွေးစည်းလွယ်သူများဖြစ်ကြောင်း တွေ့နိုင်ပါသည်။ မရှုနိုင်မကယ်နိုင် ပြဿနာကြီးကြီးမားမား ရင်ဆိုင်ရလျှင် တရားခံရှာခြင်းကို ဒုတိယအဆင့်သာ ထားပြီး လောလောဆယ်ပြဿနာဖြေရှင်းခြင်းကို ချက်ချင်းလုပ်တတ်ကြသည်။

ဂျာမနီနှင့် ဂျပန်တို့သည် ဒုတိယကမ္ဘ္ဘာစစ်ကာလ စစ်ရှုံးနိုင်ငံများဖြစ်သည်။ ဂျပန်ဆိုလျှင် စစ်ကာလအတွင်း အနုမြူဗုံး ၂-ကြိမ်အပါအဝင် ဗုံးတန်ချိန်ပေါင်းများစွာ ကြဲချခံရပြီး မြို့ရွာများ မြေမှုန်ဖြစ်သွားသည်။ အရေးပေါ် စစ်မှု့ထမ်း စဉ် အရွယ်ကောင်း ကျား-မ လူငယ်လေးများ သိန်းချီအသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ ခြေလက်အင်္ဂါချို့ယွင်းသူ ဒုက္ခိတများ၊ မိဘမဲ့ကလေးများ ဖောချင်းသောချင်းဖြစ်သည်။ သို့သော် ဂျာမန်-ဂျပန်ပြည်သူတို့သည် အချင်းချင်း ပိုမိုစည်းလုံးသွားသည်။ လက်တွဲခေါ်ယူကြသည်။ တိုင်းပြည်ပြန်လည်ထူထောင်ရေးတွင် ကြုံရာကျရာ တာဝန်ယူခဲ့ကြပါသည်။

လှေခွက်ချည့်ကျန် အလံမလှဲ လူသားပီသလှသည့် သူတို့၏ စိတ်နေသဘောထားမှာ သူတို့အား နိုင်ငံတကာ လူပုံအလယ် အများရိုသေခန့်ညားရသည့် လူမျိုးတစ်မျိုးအဖြစ် အချိန်တိုအတွင်း ဆောင်ကျဉ်းပေးလိုက်သည်။

အများသိပြီးဖြစ်သည့်အတိုင်း ဇန်နဝါရီ ၂၃-ရက်နေ့တွင် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာက လျှောက်ထားသည့် Provisional Measure ကြားဖြတ်ဆောင်ရွက်ရန်အမိန့်ကို ကုလသမဂ္ဂ နိုင်ငံတကာတရားခုံရုံးက အမိန့်ချမှတ်သည်။
ဤတွင် နိုင်ငံရေး လေ့လာသူအမည်ခံ ဒေါက်တာဘွဲ့ရကြီးက တရားခုံရုံး၌ လျှောက်လဲစဉ်ကာလ “ We stand with You “ တို့ကို အကြောင်းအရာ ဖော်ပြကာ တည့်တည့်ကြီး ပျစ်ပျစ်နှစ် ရင့်သီးစွာဆိုတော့သည်။ အကြပ်အတည်းကြုံရပြီမို့ ပညာရှင်တစ်ဦး၏ အကြံကောင်း ဉာဏ်ကောင်းတို့ကို မျှော်လင့်နေသော ကျွန်တော်မှာ ပါးစပ်အဟောင်းသားဖြစ်ရတော့သည်။

နိုင်ငံတော်အပေါ် တရားစွဲဆိုမှု့ဖြစ်၍ “ We stand with You “ ကို ကျွန်တော်လည်း မကြိုက်ခဲ့ပါ။ ၎င်းအစား ဂမ်ဘီယာရှုတ်ချပွဲ၊ ICJ ကန့်ကွက်ပွဲများခေါင်းစဉ်တပ်လျှင် ပို၍ လေးနက်မည်ဟု ထင်မှတ်ခဲ့ပါသည်။ သို့သော် ယခုအချိန်တွင် ကျွန်တော် အပြစ်မတင်ချင်တော့ပါ။ လက်ရှိကျွန်တော်တို့နှင့် နောင်သားစဉ်မြေးဆက် ဖြေရှင်းရတော့ပြဿနာဖြစ်သည်။ ကြားဖြတ်ဆောင်ရွက်ရန်အမိန့်အတွက် ကျောင်းတွင် ကလေးချင်းအနိုင်ကျင့်ခံရရ၍ ငိုယိုလာသော သားကို မိခင်တစ်ဦးက နှစ်သိမ့်သကဲ့သို့ အားပေးချင်လှပါသည်။ တတ်သမျှ မှတ်သမျှ အကြံပြု- ပူးပေါင်းဆောင်ရွက်လိုပါသည်။

ယခုတော့ ဖိုးသိန်းမွေးတဲ့မျောက်ကား ဇာတိပြလေပြီ၊ တကယ့်အကျဉ်းအကြပ်ကျရောက်ချိန်တွင် ပညာရှင်တစ်ဦးအနေဖြင့် အပြုသဘောဆောင်အကြံပြုရမည့်အစား ပက်ပက်စက်စက် ရင့်သီးစွာပြောခြင်းဖြင့် “ မြေနိမ့်ရာ လံှစိုက်” ပြသည်။

ဘယ်သူ့ပေးစာကမ်းစာနှင့် “ နိုင်ငံရေးလေ့လာသူ” ဆိုင်းဘုတ် ကောက်ချိတ်မှန်း မသိရသော်လည်း သူနှင့် သူ့သားမြေးတို့ ကိုယ်တိုင် ဒီမြေပေါ်နေ ဒီရေသောက်ရသော ဘဝတူအချင်းချင်းဖြစ်သည်ကို မေ့လျှော့ဟန်ရှိသည်။ နောင် မိသားစုလိုက် ပြည်ပထွက်ပြေးရန် အစီအစဉ်ရှိလျှင်ကား မပြောတတ်။

ထိုသည်ကို အမြီးစားဖက် ခေါင်းစားဖက် တစ်လုံးချိုင့် လေးဖက်ထောက်က တစ်ခန်းတနား အွန်လိုင်း လွှင့်တင်သည်။ သည်လိုလေးပဲ ကြုံသလို အချင်းချင်း အရောင်တင်ကြရဟန်တူသည်။

ကျွန်တော်တို့မြင်လိုက်ရသည်မှာကား “ သခင်စိတ်နှင့် ကျွန်စိတ် “ ပဲ ဖြစ်သည်။

အစဉ်လေးစားစွာဖြင့်

#HtayOung#OungMarine


Wuhan residents chant ‘Keep it up, Wuhan’ out of their windows to boost morale 28 Jan 2020.
Wuhan has been in lockdown since January 23 to prevent further spread of the coronavirus. But residents have found their own way to boost morale. Videos show people in their apartments shouting out of their windows and singing patriotic songs to cheer each other up. The videos have also gone viral on Chinese social media.
((( South China Morning Post ., 28 Jan 2020, “Wuhan residents chant ‘Keep it up, Wuhan’ out of their windows to boost morale.” ကို #HtayOung#OungMarine ဆီလျော်အောင် ဘာသာပြန်ဆို ကိုကားသည်။ )))
https://www.youtube.com/watch?v=t_PSSTP8ROg

0

Leave a Reply

Your email address will not be published.