သက်ကြီးရွယ်အိုများ နေအိမ်အတွင်း၌သာ သီးခြားနေထိုင်ကြရန် စစ်အတွင်းကာလကဲ့သို့ ရောဂါခြေချုပ်အမိန့် ဗြိတိန်ထုတ်ပြန်မည်။ ပုဂ္ဂလိကဆေးရုံ- ဟိုတယ်နှင့် အခြားအဆောက်အအုံများအား နိုင်ငံပိုင်ယာယီဆေးရုံအဖြစ် အမိန့်အာဏာဖြင့် ရယူမည်။

ဗြိတိန်နိုင်ငံတွင် ၇၀-အထက်သက်ကြီးရွယ်အိုများအား နေအိမ်အတွင်း၌သာ သီးခြားနေထိုင်ကြရန် စစ်အတွင်း ကာလကဲ့သို့ မဖြစ်မနေလိုက်နာရမည့် တင်းကြပ်သော အမိန့်ထုတ်ပြန်ရန် စီစဉ်လျှက်ရှိပြီး လာမည့်ရက်ပေါင်း ၂၀-အတွင်း အတည်ပြုဖွယ်ရှိကြောင်း ITV မီဒီယာ၏ နိုင်ငံရေးသတင်းဆိုင်ရာ အယ်ဒီတာ ရောဘတ်ပတ်စတန်၏ ရေးသားချက်ကို The Spectator က ယနေ့ဖော်ပြသည်။

Covid-19 ခေါ် ကိုရိုနာဗိုင်းရပ်စွဲရောဂါမှာ ကူးစက်ရောဂါကပ်ဘေးအဖြစ် ပြောင်းလဲလာပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်၊ ကျန်းမာရေးဝန်ကြီး၊ ဆေးပညာအကြံပေးနှင့် သိပ္ပံပညာအကြံပေးအကြီးအကဲတို့က နိုင်ငံအတွင်း ကျန်းမာရေးဝန်ဆောင်မှု အကာအကွယ်ရရှိရေးများ စီစဉ်လျှက်ရှိသည်။ လတ်တလော ဗြိတိန်နိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် နေ့စဉ်တိုးမြင့်နေပုံအရ အဆိုပါအစီအစဉ်အချို့မှာ မကြာမီ အသက်ဝင်လာဖွယ်ရှိသည်ဆို၏။

စီစဉ်ပြီးဖြစ်သော အခန်းကဏ္ဍများတွင် ပုဂ္ဂလိကပိုင်ဆေးရုံ၊ ဟိုတယ်နှင့် အခြားအဆောက်အအုံများအား နိုင်ငံပိုင် ယာယီဆေးရုံအဖြစ် အမိန့်အာဏာဖြင့် ရယူရေး။

အသက်ရှူစက်- အသက်ရှူကိရိယာထုတ်လုပ်သော ကုမ္ပဏီများသည် အမှန်တကယ်ဖျားနာလာနိုင်မှု လိုအပ်ချက်များအတိုင်း အရေးပေါ် ထုတ်လုပ်ပေးရေး။


ဘားခန်း၊ စားသောက်ခန်း၊ အများနှင့်သက်ဆိုင်သောနေရာတို့ကို ယာယီပိတ်ခြင်းတို့ပါဝင်ပြီး ဘားတွင် လူအများစုဝေးခြင်းကို လာမည့်ရက်သတ္တပတ်နောက်ဆုံးတွင် ပိတ်ပင်သွားဖွယ်ရှိသည်။

စာသင်ကျောင်းများအား အခြေအနေကိုလိုက်၍ ရက်သတ္တပတ်အနည်းငယ် ပိတ်ရေး၊ သို့သော် ရဲတပ်ဖွဲ့နှင့် အမျိုးသားကျန်းမာရေးဝန်ဆောင်မှုလက်အောက် ကလေးထိန်းဋ္ဌာနတို့၏ အရေးပါသောဝန်ထမ်းများတွင် ဖြစ်နိုင်သည့် အနည်းဆုံး အင်အားအရေအတွက် ရှိနေရေးတို့ ပါဝင်ကြောင်းသိရှိရသည်။

သို့သော် နေအိမ်၌သာ သီးခြားနေထိုင်ကြရန် ညွှန်ကြားခြင်းခံရသော သက်ကြီးရွယ်အိုများတွင် ပြုစုစောင့်ရှောက်မည့်သူ မရှိပါလျှင် အလွယ်တကူ သေဆုံးရန်သာရှိသဖြင့် အဆိုပါရောဂါခြေချုပ်အစီအစဉ်ကို ဖြစ်နိုင်သမျှ နောက်ဆုံးမှ အကောင်အထည်ဖော်မည်ဖြစ်သည်။ ကျန်အစီအစဉ်များမှာ ၅-ရက်မှ ရက်-၂၀ အတွင်း အကောင်အထည်ပေါ်ဖွယ်ရှိနေသည်။

နိုင်ငံတကာအစိုးရတို့သည် တစ်နှစ်အတွင်း ကာကွယ်ဆေး မရရှိနိုင်သည့်အခြေအနေ၊ ဆိုးရွားလာနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုကို ကာကွယ်ရန် လုပ်ဆောင်ရမည်တို့ကို မှန်းဆလျှက်ရှိကြောင်း ဖော်ပြပြီးဖြစ်သည်ဟု မူရင်းဆောင်းပါးရှင်က ဆိုပါသည်။

အသက်ဆုံးရှုံးကြမှုကို ကယ်ဆယ်ကြရာတွင် အကျည်းတန်အနိဋ္ဌာရုံများ မဖြစ်ပွားရအောင် နိုင်ငံ၏ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုသက်သက်ဖြင့် လွှမ်းခြုံနိုင်မည်မဟုတ်သဖြင့် အဖက်ဖက်မှ သေချာဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း ရောဘတ်ပတ်စတန်က ဆက်လက်ရေးသားသည်။

(( ဗြိတိန်တွင် ယနေ့နံနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁,၁၄၃-ဦးရှိနေပြီး၊ ၂၁-ဦး သေဆုံးခဲ့၍ ၁၉-ဦး ကုသပျောက်ကင်းခဲ့ကြောင်း တွေ့ရှိရသည်။ လန်ဒန်တွင် စက္ကန့် ၂၀ တိုင်း လက်ဆေးကြရန် တိုက်တွန်းထားသည်။ ။ သတင်းဘာသာပြန်သူ ))

(((15 March 2020, ဗြိတိန် ITV မီဒီယာ၏ နိုင်ငံရေးသတင်းဆိုင်ရာ အယ်ဒီတာ Robert Peston ၏ “UK quarantines elderly as over-70s told: stay at home. “ ကို #HtayOung, #OungMarine ဆီလျော် အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ကိုရိုနာဗိုင်းရပ်စ်ဗြိတိန်သက်ကြီးရွယ်အို #ကိုရိုနာဗိုင်းရပ်စ်ဗြိတိန်စစ်မက်ကာလပုံစံ

https://www.spectator.co.uk/article/uk-quarantines-elderly-as-over-70s-told-stay-at-home .

0

Leave a Reply

Your email address will not be published.