သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားသော်လည်း အီကွာဒိုနိုင်ငံမြို့တော်မှာ လောင်စာဆီဈေးနှုန်းကြီးမြင့်မှု့ အဓိကရုန်းများဖြင့် စစ်တလင်းအသွင် ပြောင်းလဲ

အီကွာဒိုနိုင်ငံ ကီးတိုမြို့တော်တွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီး မငြိမ်မသက်မှုများအား စစ်တပ်ဖြင့် ဖြိုခွင်းနေသော်လည်း အစိုးရ၏ ခြိူးခြံချွေတာရေး အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြသူများက မြို့တော်လမ်းမများပေါ်တွင် အတားအဆီးများတည်ဆောက်ခြင်း၊ မီးတင်ရှိ့ခြင်းများ ဆက်လက်ပြုလုပ်နေသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
ရဲတပ်ဖွဲ့ဝင်များနှင့် မျက်နှာချင်းဆိုင်တွင် စုရုံးလျှက်ရှိသော ကန့်ကွက်ဆန္ဒပြသူများသည် လက်လုပ်ဒိုင်းများ ကိုင်ဆောင်အကာအကွယ်ယူထားကြကြောင်း တွေ့မြင်ရသည်။ အချို့မှာ စက္ကူဂျပ်ထူ၊ သစ်သားဘုတ်ပြားများဖြင့် အမိုးအကာသဖွယ်တည်ဆောက်၍ ရာဘာကျည်ဆန်နှင့် မျက်ရည်ယိုဗုံးများကို အန်တုနိုင်ရန် ပြင်ဆင်လျှက်ရှိသည်။ သေနတ်သံနှင့် ပေါက်ကွဲသံများ ကြားနေရပြီး မြင်ကွင်းတစ်ခုလုံး ထူထပ်သော အခိုးအငွေ့များဖြင့် ဖုံးလွှမ်းလျှက်ရှိသည်။

  
အမျိုးသားညီလာခံကျင်းပရာအဆောက်အအုံနှင့် မဝေးလှသော အယ်လ်အာဘိုလီတိုပန်းခြံကို ကန့်ကွက်ဆန္ဒပြသူများက စီးနင်းသိမ်းပိုက်ထားကြပြီး၊ အခြား မြို့ရွာများမှ ဆန္ဒပြသူများက လာရောက်ပူးပေါင်းလျှက် သပိတ်စခန်းများတည်ဆောက်နေကြသည်။ 

  
ကန့်ကွက်ဆန္ဒပြသူများက သမ္မတ မိုရီနို၏ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ ( IMF ) ချေးငွေအပေါ် စီမံခန့်ခွဲမှု အစီအစဉ်ကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုထားကြသည်။ ရက်သတ္တ နှစ်ပတ်တိုင် အဓိကရုန်းများ ဖြစ်ပွားခဲ့ပြီးနောက် လွန်ခဲ့သည့် တနင်္ဂနွေနေ့ မြို့တော် ကီးတိုတွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ် ပြန်ခဲ့ရသည်။ မြို့တော်အား စစ်အုပ်ချုပ်ရေးအောက်သို့ လွှဲပြောင်းပေးခဲ့ပြီး ကန့်ကွက်ဆန္ဒပြပွဲအားလုံး ရပ်ဆိုင်းကြရန် အမိန့်ထုတ်ပြန်ထားကြောင်း တွေ့ရှိရသည်။ 

  
သမ္မတနှင့် အစိုးရအဖွဲ့မှာ ပိုမိုလုံခြုံသော ဂွာယာကီးမြို့သို့ ပြောင်းရွှေ့ရုံးစိုက်ထားကြောင်း၊ ပြည်သူလူထုအပေါ် ဖိစီးရာရောက်သည့် လောင်စာဆီ မလုံလောက်မှု့များကို အတိုင်းအတာတစ်ရပ်အထိ သက်သာသွားစေရန် စီစဉ်လျှက်ရှိသည်ဟု ကီးတိုမြို့တော်ဝန်က ပြောဆိုသည်။ 

  
ငြိမ်ဝပ်ပိပြားမှု့ ထိန်းချုပ်နိုင်ခဲ့သော မြို့တော် မြောက်ပိုင်းခရိုင်အချို့တွင် သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရအမိန့်ကို ရုတ်သိမ်းကြောင်း အီကွာဒိုစစ်ဖက်က ကြေညာသည်။ 

အစိုးရနှင့် ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးရန် အီကွာဒိုဋ္ဌာနေနိုင်ငံသားများ အကျိုးတူအဖွဲ့ ( CONAIE ) ၏ ကြေညာချက်ကို အစိုးရက လက်ခံ၍ မြို့တော်တွင်း မငြိမ်မသက်မှု့များ ကင်းရှင်းပြီး ၁၀-ရက်အတွင်း ကျင်းပရန် နေရာ- အချိန် သတ်မှတ်ပေးမည်ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။ 

  
အောက်တိုဘာ ၃-ရက်နေ့တွင် စတင်ဖြစ်ပွားသည့် ကန့်ကွက်ဆန္ဒပြပွဲများအတွင် လူ ၇-ဦးသေဆုံးပြီး ၁,၃၀၀ ကျော် ဒါဏ်ရာရရှိကာ ဖမ်းဆီးခံရသူ ၁,၁၅၀ ကျော်ရှိခဲ့သည်ဆို၏။

  
လောင်စာဆီ လျော့နည်းမှုကို အစိုးရက အပြည့်အ၀ ဖြည့်ဆည်းပေးခြင်းမရှိလျှင် ကီးတိုနှင့်နိုင်ငံအဝှမ်းမြို့ များတွင် ကန့်ကွက်ဆန္ဒပြပွဲများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ အစိုးရအနေနှင့် တစ်နိုင်ငံလုံးတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲပြဿနာများအား မည်သို့ကိုင်တွယ်ဖြေရှင်းလျှက်ရှိပုံကို အချိန်နှင့်တစ်ပြေးညီ ပွင့်လင်းမြင်သာစွာ ချပြရန် တောင်းဆိုကြောင်း CONAIE က ၎င်းတို့၏ Twitter စာမျက်နှာ၌ ရေးသားသည်ကို တွေ့ရှိရသည်။

  
သမ္မတမိုရီနို၏ အီကွာဒိုအစိုးရနှင့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ ( IMF ) သဘောတူညီချက်အရ ချေးငွေ အမေရိကန် ဒေါ်လာ ၄.၂ ဘီလျှံရရှိခဲ့ပြီး၊ လောင်စာဆီလျော့နည်းမှု့ဖြည့်တင်းရန်ကို ဖျက်သိမ်း၍ ခြိုးခြံချွေတာရေးအစီအစဉ်စတင်သဖြင့် အီကွာဒိုနိုင်ငံတစ်ဝှမ်း ဓါတ်ဆီ-ဒီဇယ်ဆီဈေးနှုန်း တဟုန်ထိုးမြင့်တက်ကာ ကန့်ကွက်ဆန္ဒပြပွဲများနှင့်အတူ အဓိကရုန်းများ ဖြစ်ပေါ်ခဲ့ရသည်။ 

  
(( အောက်တိုဘာ – ၁၄၊ Russia Today., 13 Oct, 2019, “Riots return to streets of Ecuador’s capital despite previously imposed curfew.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))


https://www.rt.com/news/470866-riots-quito-ecuador-curfew/ 

0

Leave a Reply

Your email address will not be published.