သမ္မတလုပ်ကြံခံရပြီးနောက် ကုလငြိမ်းချမ်းရေးတပ်ဖွဲ့နှင့် အမေရိကန်စစ်တပ်စေလွှတ် ပေး ရန် ဟေတီတောင်းဆိုချက် စစ်ရေးအကူအညီပေးရန် အစီအစဉ်မရှိဟု အိမ်ဖြူတော်ပယ်ချ။ လုပ်ကြံမှုနောက် ကွယ်လက်မည်းကြီး။ စိုးရိမ်ထိတ်လန့် မသေချာမှုမှုများဖြင့် ဟေတီလမ်းမကြီးများ တိတ်ဆိတ်ငြိမ်သက်


သမ္မတ ခိုးဗင်နိုင်းလ်မွိုင်စ် လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် နိုင်ငံတွင်း အခြေခံအဆောက်အအုံများ၏ လုံခြုံ ရေးတွင် အကူညီပေးရေးနှင့် ပြည်ပကြေးစားစစ်သားဟု သံသယရှိသူများကို စုံစမ်းစစ်ဆေးမှုတွင်ကူညီရန်ကတိပြုထားသည့်အတိုင်း အမေရိကန်စစ်တပ်များ စေလွှတ်ပေးရန် ဟေတီနိုင်ငံ၏ တောင်းဆိုချက်ကို အိမ်ဖြူ တော်က ပယ်ချ လိုက်သည်ဟု Reuters က ယနေ့ ရေးသားသည်။

…  
ဗုဒ္ဓဟူးနေ့နံနက်စောစောပိုင်းတွင် ပို့အော့ဖ်ပရင်စ်ရှိ အိမ်တော်၌ သမ္မတမွိုင်စ်အား သေနတ်သမားများက သတ်ဖြတ်ခဲ့ခြင်းမှာ ငတ်မွတ်ခေါင်းပါးခြင်း၊ ဂိုဏ်းဖွဲ့အကြမ်းဖက်ခြင်းနှင့် COVID-19 ရောဂါထိုးနှက်ခြင်းခံနေရသည့် ဟေတီအတွက် ပိုမိုနက်ရှိုင်းသည့် နိုင်ငံရေးအကြပ်အတည်းဆီသို့ တွန်းပို့ရာ ရောက်စေခဲ့သည်။

…   
ဗုဒ္ဓဟူးနေ့က ဟေတီဝန်ကြီးချုပ်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ စကားပြောဆိုရာတွင် ပို့အော့ဖ်ပရင့်သို့ လုံခြုံရေးအကူအညီများတိုးမြှင့်ပေးရန် တောင်းဆိုခဲ့ကြောင်း၊ အလားတူပင် ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့များကို စေလွှတ်ပေးရန် ကုလလုံခြုံရေးကောင်စီထံ မေတ္တာရပ်ခံခဲ့ကြောင်း ဟေတီရွေးကောက်ပွဲဆိုင်ရာ ဝန်ကြီးက ပြောဆိုသည်။

…  
သို့သော် ယခုအချိန်တွင် အမေရိကန်၌ စစ်ရေးအကူအညီပေးရန် အစီအစဉ်မရှိကြောင်း ဘိုင်ဒင်အစိုးရ အကြီးတန်း အုပ်ချုပ်ရေးတာဝန်ရှိသူက Reuters ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားသည်။

…   
ဟေတီဝန်ကြီးချုပ်ရုံးမှ ဗုဒ္ဓဟူးနေ့ရက်စွဲဖြင့် အမေရိကန်သံရုံးသို့ ပေးပို့သည့် စာကို Reuters က တွေ့မြင်ခဲ့ရပြီး သမ္မတလုပ်ကြံခံရပြီးနောက် တိုင်းပြည်တစ်ဝှန်းလုံးရှိ အဓိကအခြေခံအဆောက်အအုံများအား လုံခြုံရေးနှင့် ပြန်လည်ထူထောင်ရေးတည်ဆောက်ရာတွင် အမျိုးသား ရဲတပ်ဖွဲ့ကို ကူညီရေးနှင့် စက်တင်ဘာ ၂၆-တွင် ကျင်းပရန်စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲအတွက် တပ်များစေလွှတ်ရန် တောင်းဆိုထားကြောင်း ပါရှိသည်။

…   
အလားတူ ရက်စွဲပါ စာတစ်စောင်ကိုလည်း ဟေတီနိုင်ငံဆိုင်ရာကုလသမဂ္ဂရုံး၌ တွေ့ရှိခဲ့ရသည်။ ဟေတီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ နိုင်ငံရေးမစ်ရှင်အနေဖြင့် အဆိုပါစာကို လက်ခံရရှိပြီး လေ့လာဆန်းစစ်လျှက်ရှိကြောင်း၊ မည်သည့်အခြေအနေမျိုးတွင်မဆို ငြိမ်းချမ်းရေးတပ်များစေလွှတ်ရန်မှာ (အဖွဲ့ဝင် ၁၅-ဦးပါ) လုံခြုံရေးကောင်စီက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်ကြောင်း မစ်ရှင်ပြောရေးဆိုခွင့်ရှိသူက ဖြေဆိုသည်။

…  
သမ္မတမွိုင်စ် လုပ်ကြံခံရမှုတွင် ၎င်းတို့နိုင်ငံသားအချို့ ဖမ်းဆီးခံရပြီးနောက် ဟေတီကိုကူညီရန်ဥပဒေစိုးမိုးရေးနှင့် ထောက်လှမ်းရေးအရာရှိများကို စေလွှတ်မည်ဟု အမေရိကန်နှင့် ကိုလံဘီယာနိုင်ငံတို့က ပြောကြားခဲ့ကြသည်။

…  
ဟေတီရှိရဲများကပြောကြားရာတွင်မူ လုပ်ကြံသတ်ဖြတ်မှုအား ကိုလံဘီယာ ၂၆-ဦး နှင့် ဟေတီနွယ်ဖွား အမေရိကန် ကြေးစားစစ်သား ၂-ဦးတို့ ပါဝင်သော ကွန်မန်ဒိုယူနစ်တစ်ခုက ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အမေရိကန်နှစ်ဦးမှာ ဖလော်ရီဒါမှ ဂျိမ်းစ်ဆိုလာ့ဂ် ၃၅-နှစ် နှင့် ဂျိုးဇက်ဖ်ဗင်းဆင့် ၅၅ နှစ်တို့ ဖြစ်ကြသည်ဆို၏။

…  
၎င်းတို့ ၂-ဦးအပါအဝင် ၁၇-ဦးကို သမ္မတမွိုင်စ်နေထိုင်ရာ မြို့တော်ဆင်ခြေဖုံး ပက်ရှင်ဗီလီတောင်စောင်းတွင် ဟေတီအာဏာပိုင်များနှင့် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ အခြား ၃-ဦးမှာ တိုက်ပွဲဖြစ်ပွားရာတွင် အသေရမိခြင်းဖြစ်ပြီး ၈-ဦး လွတ်မြောက်နေဆဲဖြစ်ကြောင်း၊ လုပ်ကြံသတ်ဖြတ်မှုအား နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေလျှက်ရှိကြောင်း သိရှိရသည်။

…   
အမှုအား စုံစမ်းစစ်ဆေးသည့်တရားသူကြီးတစ်ဦးကမူ သမ္မတ ခိုးဗင်နိုင်းလ်မွိုင်စ်အား ၎င်း၏အိပ်ခန်းကြမ်းပြင်ပေါ်၌ ခန္ဓာကိုယ်တွင် ကျည်ထိမှန်သည့် ဒဏ်ရာများ ပြည့်နှက်လျှက် ပက်လက်လဲကျနေသည်ကို တွေ့ရှိရကြောင်း၊ အလောင်း၏နံဘေးနှင့် လှေကားပေါ်တွင် သွေးကွက်များ အိုင်ထွန်းလျှက်ရှိကြောင်း၊ ကျန်အခန်းများမှာ လှန်လှောမွှေနှောက်ထားပုံရပြီး နေအိမ်ဧည့်ခန်း အဝင်တံခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပုံရကြောင်း ပြောပြသည်။

…   
သမ္မတလုပ်ကြံခံရခြင်းနှင့်ပတ်သက်၍ ကျူးလွန်သည်ဟု စွပ်စွဲခြင်းခံရသူများအနေဖြင့် သမ္မတ၏ လုံခြုံရေးအစောင့်များအား မည်ကဲ့သို့ဖြတ်ကျော်နိုင်ခဲ့ပုံနှင့် သမ္မတအား သတ်ဖြတ်ရသည့် သေနတ်သမားတို့၏ ရည်ရွယ်ချက်နှင့် စပ်လျှဉ်း၍ ဟေတီအရာရှိများက တစ်စုံတစ်ရာ ဖြေဆိုခြင်း မရှိပါ။ သမ္မတမွိုင်စ်သည် မဲမသမာကြောင်းတွေ့ရှိသဖြင့် ရလဒ်ပယ်ဖျက်ခြင်းခံရသည့် ပြိုင်ဘက်များကို ကျော်ဖြတ်ကာ ၂၀၁၇ ခုနှစ်တွင်အာဏာရရှိလာခဲ့ခြင်းဖြစ်သည်။ စီးပွားရေးစီမံခန့်ခွဲမှုကိုဆန့်ကျင်သော လူထုဆန္ဒပြပွဲများပေါ်ပေါက်လာပြီး အာဏာချုပ်ကိုင်မှု တိုး မြှင့်လာခဲ့သည်။

…   
လူထုမငြိမ်သက်မှုများ၏ နောက်ကွယ်တွင် လက်မည်းကြီးများရှိနေကြောင်း ဟေတီနိုင်ငံရေးပုံစံပြုပြင်ပြောင်းလဲခြင်းနှင့် အစိုးရအဖွဲ့သန့်ရှင်းရေးဆောင်ရွက်ရာတွင် ၎င်းတို့၏ အကျိုးစီးပွားနှင့် ဆန့်ကျင်နေသည့်အတွက် နိုင်ငံရေးသမားအချိနှင့် အကျင့်ပျက် ငို့ဘမားတို့မှာ ဟေတီပြည်သူလူထုကို ကစားလျှက်ရှိကြောင်း မွိုင်စ် ကိုယ်တိုင် ပြောဆိုခဲ့ဖူးသည်။

…   
ကိုလံဘီယာနိုင်ငံတွင် စစ်ဆေးမှု့များအရ ဟေတီတွင် ဖမ်းဆီးခြင်းခံရသည့် ၁၇-ဦးတို့သည် ၂၀၁၈ နှင့် ၂၀၂၀ ခုနှစ်များ၌ ကိုလံဘီယာတပ်မတော်မှ အငြိမ်းစားယူခဲ့သူများဖြစ်ကြောင်း၊ ၎င်းတို့အနက် ၁၁-ဦးသည် ဟေတီအရှေ့ဘက် ဟစ်ပန်နီယိုလာတစ်ကျွန်းတည်းအတူတည်ရှိသည့် ဒိုမီနီကန်သမ္မတနိုင်ငံရှိ အပမ်းဖြေ စခန်းတစ်ခုမှ ပို့အော့ဖ်ပရင်စ့်သို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အခြား ၂-ဦးသည် ပနားမားမှတစ်ဆင့် ဒိုမီနီကန်သို့ ဝင်ရောက်ပြီး ဟေတီသို့ သွားရောက်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်သည်။

လူသတ်သမားများအား ဖမ်းဆီးနိုင်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် ၁၅ ရက်ကြာအရေးပေါ် အခြေအနေကို ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့သော်လည်း စီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ရန် ဟေတီအစိုးရက တိုက်တွန်းထားသည်။

သောကြာနေ့တွင် စတိုးဆိုင်များ၊ ဓာတ်ဆီဆိုင်များနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်များက ပြန်လည်ဖွင့်လှစ်သည်။ လမ်းမကြီးများမှာ တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသော်လည်း မရေရာ မသေချာမှုများကြောင့် အရေးပေါ် ရိက္ခာစုဆောင်းသူများဖြင့် စူပါမားကက်များတွင် လူအများ အုံခဲလျှက်ရှိသည်။

…    
ခိုးဗင်နိုင်းလ်မွိုင်စ်အသတ်ခံရချိန်အထိ ဟေတီအစိုးရအဖွဲတွင် သမ္မတအပါအဝင် ရွေးကောက်တင်မြှောက်ခြင်းခံရသူ ၁၁-ဦးသာ ရှိနေသည်။ အကြမ်းဖက်မငြိမ်သက်မှုများကြောင့် ၂၀၁၉-ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းထားခဲ့ရသောကြောင့် ဖြစ်သည်။ အတိုက်အခံများနှင့် လူထုအခြေပြု အဖွဲ့အစည်းများက သမ္မတ၏ ရာထူးသက်တမ်းနှင့် ပတ်သက်၍ သဘောထားကွဲလွဲမှုများကြောင့် ခိုးဗင်နိုင်း လ်မွိုင်စ်ကို သမ္မတအဖြစ်အသိအမှတ် မပြုတော့ပါ။

…  
နိုင်ငံ၏ တရားဝင်ခေါင်းဆောင်ဖြစ်သည့် မွိုင်စ်အသတ်ခံရမှုသည် အမေရိက၌ အဆင်းရဲဆုံးတိုင်းပြည် လူဦးရေ ၁၁-သန်းနေထိုင်ရာ ဟေတီ၏ နက်ရှိုင်းသည့် နိုင်ငံရေးအကြပ်အတည်းအဖြစ် ထင်ဟပ်လျှက်ရှိသည်။

((ယခုသတင်းကိုဖတ်ရင်း တိုတိုတုတ်တုတ် မှတ်ချက်ပေးရလျှင် မီဒီယာ၊ ခရိုနီ၊ NGO နှင့် နိုင်ငံရေးလုပ်စားသူများလောက၌ ချောက်ကျင့် မကောင်းသူများ ညီညွတ်လျှင် ဘယ်သူ ဘယ်လောက်ကြိုးစားစေကာမူ တိုင်းပြည်နှင့်တကွ နိုင်ငံသား များပါ ဖွတ်ဖွတ်ညက်ညက်ကြေနိုင်သည် ဟုသာ ပြောလိုပါသည်။ ။သတင်းဘာသာပြန်သူ))

…  
#သမ္မတဖြစ်သူလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် #စစ်တပ်စေလွှတ်ပေးရန်ဟေတီတောင်းဆိုချက်အိမ်ဖြူတော်ငြင်းပယ်

(((Reuters., July 10, 2021,” U.S rebuffs Haiti troops request after president’s assassination” By: Steve Holland Andre Paultre ကို ဆီလျောအောင် အကျဉ်းချုံး ဘာသာပြန်ဆိုသည်။)))

https://www.reuters.com/world/americas/colombian-suspects-haiti-presidents-killing-arrived-via-dominican-republic-2021-07-09/
https://www.rt.com/news/528862-haiti-request-us-troops/ 

Leave a Reply

Your email address will not be published.