သမ္မတအား လုပ်ကြံသတ်ဖြတ်သည်ဟု မသင်္ကာသူများနှင့် ဟေတီရဲတပ်ဖွဲ့တို့ နေရာအနှံ့တိုက်ပွဲဖြစ်။ကြေးစားစစ်သား ၄-ဦးကို အသေနှင့်အခြား၂၈-ဦးအရှင်ဖမ်းဆီးရမိ။အမေရိကန်နိုင်ငံသား ၂-ဦးနှင့် ကိုလံဘီယာနိုင်ငံသားများပါဝင်။ နိုင်ငံ့အကြီးအကဲလုပ်ကြံခံရ၍ ပိုမိုမငြိမ်မသက်ဖြစ်။


ဟေတီနိုင်ငံသမ္မတ ခိုးဗင်နိုင်းလ်မွိုင်စ်အား လုပ်ကြံသတ်ဖြတ်ခဲ့သည့်ဟု မသင်္ကာသူ လူပေါင်းစုံတို့အား အမျိုးသားရဲတပ်ဖွဲ့က ဖမ်းဆီးလျှက်ရှိကြောင်း၊ လုပ်ကြံသူဟု စွပ်စွဲခံရသူများနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း ပို့အော့ဖ်ပရင့်စ်အစိုးက ကြေညာသည်ဟု Channel News Asia က ယမန်နေ့ ရေးသားသည်။

…  
လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက် ၁-နာရီခန့်တွင် ပို့စ်အော့ဖ်ပရင့်စ်ရှိ သမ္မတအိမ်တော်၌ မည်သူမည်ဝါမှန်း မသိရှိရသော သေနတ်သမားတစ်စု၏ လုပ်ကြံမှုကြောင့် သမ္မတမွိုင်စ်မှာ နေရာ၌ သေဆုံးပြီး ဇနီးဖြစ်သူမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကာ ဆေးရုံတင် ကုသပေးနေရဆဲဖြစ်သည်။

…  
လုပ်ကြံသတ်ဖြတ်သူတို့မှာ ကိုလံဘီယာနိုင်ငံသားဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ ဟေတီသတင်းစာ Le Louverture ဖော်ပြသော်လည်း လုပ်ကြံပုံ အသေးစိတ်အချက်အလက်များကို ရှင်းလင်းခြင်း မရှိချေ။ လုပ်ကြံသူ သေနတ်သမားများနှင့် ပတ်သက်၍ စပိန်နှင့်အင်္ဂလိပ်ဘာသာစကား ပြောဆိုသူများဖြစ်ကြောင်း၊ ပြစ်မှုကျူး လွန်သူများကို လုံခြုံရေးတပ်များက လိုက်လံရှာဖွေလျှက်ရှိပြီး နိုင်ငံတော် အရေးပေါ်အခြေအနေပြဋ္ဌာန်းကြောင်း ဟေတီအစိုးရ၏ သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

…  
သမ္မတ ခိုးဗင်နိုင်းလ်မွိုင်စ်အား လုပ်ကြံသတ်ဖြတ်မှုနှင့်ပတ်သက်၍ ကြေးစားစစ်သား ၄-ဦးကို အသေဖမ်းဆီးရမိပြီး အခြား ၂၆-ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း၊ ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် ရဲတပ်ဖွဲ့ ဝင် ၃-ဦးကိုလည်း ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း ဟေတီအမျိုးသားရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ရုပ်မြင် သံကြားမှတစ်ဆင့် ကြေညာသည်။

…    
ဟေတီသမ္မတလုပ်ကြံခံရမှုတွင် သံသယရှိ၍ ဖမ်းဆီးခံရသူ ၁၇-ဦးအနက် ၂-ဦးမှာ အမေရိကန်နိုင်ငံသားများ ဖြစ်ကြောင်း၊ လုပ်ကြံမှုတွင် ဒေသခံဟေတီလူမျိုး ၂-ဦးထက်မနည်းတို့က ပါဝင်ကျူးလွန်သည်ဟု သတင်းရရှိကြောင်း၊ ဟေတီနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး၏ အဆိုအရမူ ထိုသူများမှာ ပရော်ဖက်ရှင်နယ်ကြေးစားများ ဖြစ်ကြပြီး အမေရိကန်မူးယစ်ဆေးနှိမ်နင်းရေးအဖွဲ့ (DEA) အဖွဲ့ဝင်များဟန်ဆောင်ထားကြသူများ ဖြစ်ကြောင်း သိရှိရသည်ဟု New York Times က ယနေ့ရေးသားသည်။

…    
သမ္မတလုပ်ကြံခံရပြီးနောက် ဟေတီလုံခြုံရေးတပ်များက ချက်ချင်းဆိုသလို ရှာဖွေ စီးနင်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ညနေ ၆-နာရီခန့့်တွင် ပို့အော့ဖ်ပရင့်စ် တောင်ဖက်ဆင်ခြေဖုံး ပီလီရင်ရွာ၌ ကျူးလွန်သည်ဟု ယူဆရသူများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း ဟေတီအစိုးရ ပြန်ကြားရေး ဒုတိယ ဝန်ကြီးက ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။

…  
၁၄၉၂ – ခုနှစ်တွင် ခရစ္စတိုဖာ ကိုလမ်ဘတ်စ်ရောက်ခဲ့ချိန်မှစ၍ ကာရစ်ဘီယန်ပင်လယ်ဒေသ ဟစ်စ်ပန်နီယိုလာကျွန်းမှာ စပိန်ကိုလိုနီဖြစ်ခဲ့ရသည်။ နောင် နှစ်၂၀၀ အကြာတွင် စပိန်သည် ယခုဟေတီဖြစ်လာမည့် ကျွန်းအနောက်ပိုင်းကို ပြင်သစ်ထံ ပေးအပ်လိုက်ရသည်။ ပြင်သစ်တို့သည် အာဖရိကနွယ်ဖွားကျွန်များကို စိုက်ခင်းများတွင် အလုပ်ခိုင်းစေပြီး သကြား၊ ရမ်အရက်၊ ကော်ဖီတို့ ထုတ်လုပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝလာသည်။

…   
၁၈၀၁ – ခုနှစ်တွင် တစ်ချိန်က ကျွန်ဖြစ်ခဲ့ဖူးသော တူးဆင့်လော်ဗာချား ဦးဆောင်သည့် တော်လှန်ရေးက ကျွန်စနစ်ကို ဖျက်သိမ်းနိုင်ခဲ့ပြီး ကျွန်တစ်ဦးဖြစ်သူ ယန်းယက်ဒက်ဆာလိုင်းစ်၏ ဦးစီးခေါင်းဆောင်မှုအောက်တွင် ၁၈၀၄-ခုနှစ်၌ လွတ်လပ်သောနိုင်ငံ ဖြစ်လာသည်။ ၁၈၀၆-ခုနှစ်တွင် ဒက်ဆာလိုင်းစ် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

၁၈၂၄-ခုနှစ်တွင် ဟေတီသို့ အာဖရိကန်နွယ်ဖွား အမေရိကန် ၆,၀၀၀ ကျော်ကို အမေရိကန်သာသနာပြုများက စတင်ရွှေ့ပြောင်း အခြေချစေခြင်းဖြင့် အမေရိကန်သြဇာလွှမ်းသော အသားအရောင်ရှိသူများ၏ လူ့အဖွဲ့အစည်း ပုံစံ စတင်သည်။ “Haiti and its Diaspora ” By: Robert Corbett.(24 Oct 1999)

၁၉၁၅ –ခုနှစ် ပထမကမ္ဘာစစ်ကာလတွင် ရင်းနှီးမြှုပ်နှံမှုဖြင့် ဂျာမန်တို့ သြဇာလွှမ်းမိုးထားသော ဟေတီကို အaမရိကန်ပြည်ထောင်စုက ကျူးကျော်သိမ်းပိုက်သည်။ ၁၉၄၃ တွင် တပ်များပြန်လည်ရုတ်သိမ်းခဲ့သော်လည်း ဘဏ္ဍာရေး၊ နိုင်ငံရေးတို့တွင် ဆက်လက်ချုပ်ချယ်ထားခဲ့သည်။ အမေရိကန်တပ်များ ရုတ်သိမ်းချိန်မှစ၍ တစ်ကျွန်းတည်းအရှေ့ဖက်နေ အိမ်နီးချင်း မဟာပြိုင်ဘက် ဒိုမီနီကန်သမ္မတနိုင်ငံနှင့် ဆက်ဆံရေး ဆိုးဝါးမှု အတင်းမာဆုံး ဖြစ်ခဲ့သည်။ ဒိုမီနီကန်အာဏာရှင် ရာဖေးလ်ထရူဂျေလို၏ ညွှန်ကြားချက်ဖြင့် နှစ်နိုင်ငံနယ်စပ်တွင် ထောင်ပေါင်းများစွာသော ဟေတီပြည်သူများကို ဒိုမီနီကန်စစ်တပ်က သတ်ပစ်ခဲ့ကြသည်။ ဟေတီ ၂၀,၀၀၀ မှ ၃၀,၀၀၀ အထိ အသတ်ခံခဲ့ရရာတွင် အနည်းငယ်မျှကိုသာ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ ဘက်နက်ဖြင့် ထိုးသတ်ခံရခြင်း တင်းပုတ်ဖြင့် ထုရိုက်ခံရခြင်း၊ ပင်လယ်တွင်းသို့ မောင်းချကာ ငါးမန်းစာ ကျွေးခံရခြင်းတို့ ကြောင့် သေဆုံးကြရသည်။

ကာရစ်ဘီယန်ဒေသ ကျွန်းနိုင်ငံတွင် ကာလကြာမြင့်စွာ အမြစ်တွယ်ခဲ့သည့် နိုင်ငံရေးမတည်ငြိမ်မှု၊ အုပ်ချုပ်သူများ၏ အာဏာရှင်စနစ်နှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဟေတီမှာ အမေရိကရှိ အဆင်းရဲဆုံး တိုင်းပြည်များအနက် တစ်နိုင်ငံဖြစ်သည်။

တိုင်းပြည်တည်ငြိမ် အေးချမ်ရေးအတွက် ၂၀၀၄ ခုနှစ်တွင် ဝင်ရောက်ထိန်းသိမ်းခဲ့သော ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များသည် ၂၀၁၇ ခုနှစ် ရောက်မှသာ ပြန်လည်ရုတ်သိမ်းနိုင်ခဲ့သည်။

၂၀၁၀ ခုနှစ်တွင် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၂-သိန်းကျော် သေဆုံးခဲ့ပြီး တိုင်းပြည်၏ အခြေခံအဆောက်အအုံနှင့် စီးပွားရေးမှာ အကြီးအကျယ် ပျက်စီးခဲ့ရသည်။ မွိုင်အာဏာရရှိလာပြီးနောက် ပို့စ်အော့ဖ်ပရင့်စ်နှင့် အခြားမြို့ကြီးများတွင် အကျင့်ပျက်ခြစားမှုနှင့် သမ္မတနှုတ်ထွက်ပေးရေး ကန့်ကွက်ဆန္ဒပြပွဲများ ဖြစ်ပေါ်ကာ နိုင်ငံရေး မငြိမ်မသက်ဖြစ်ခဲ့ရသည်။

အထွေထွေ အကြပ်အတည်းနှင့် ကြုံတွေ့နေရသော ဟေတီမှာ နိုင်ငံ့အကြီးအကဲလုပ်ကြံခံရ၍ ပိုမို ပရမ်းပတာဖြစ်စေရန် ဦးတည်လျှက်ရှိသည်။

#ဟေတီသမ္မတလုပ်ခံကြံခံရခြင်းနောက်ဆက်တွဲ

(((Russia Today., 7 Jul, 2021,” Multiple gunmen killed & arrested in firefight with suspected assassins of Haitian President Jovenel Moise” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

https://www.rt.com/news/528648-haiti-president-suspects-arrested/
https://www.channelnewsasia.com/news/world/alleged-assassins-haitian-president-in-custody-jovenel-moise-gun-15178270
https://www.nytimes.com/live/2021/07/08/world/jovenel-moise-assassinated
https://www.channelnewsasia.com/news/world/28-people-assassination-haiti-president-american-colombians-15185208 

Leave a Reply

Your email address will not be published.