သမ္မတဖြစ်သူ ရှေ့တန်းစစ်မျက်နှာ၌ ကျဆုံးဟု ချဒ်တပ်မတော် အတည်ပြု။ ၆-ကြိမ်မြောက် ထပ်မံရွေးကောက်ခံရပြီး နောက်တစ်ရက်၌ သေဆုံး။ နိုင်ငံပြိုကွဲ၍ စစ်ဘုရင်အသီးသီးတို့ မင်းမူလျှက်ရှိသည့် အိမ်နီးချင်းလစ်ဗျားအခြေပြု သူပုန်တို့၏ ထိုးစစ်အား တုန့်ပြန်ချေမှုန်းရေး ကွပ်ကဲစဉ် ဒဏ်ရာများရရှိ


#သမ္မတ_အီဒရစ်_ဒက်ဘီသည် သူပုန်များနှင့် တိုက်ခိုက်နေစဉ် ရှေ့တန်းစစ်မျက်နှာ၌ ကျဆုံးသွားပြီဖြစ်ကြောင်း ချဒ်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာများသို့ အတည်ပြုသည်။ အီဒရစ်ဒက်ဘီသေဆုံးခြင်းမှာ သမ္မတရာထူးအတွက် ၎င်းအား ဆဋ္ဌမအကြိမ်မြောက် ထပ်မံရွေးကောက်တင်မြှောက်ခံရပြီး တစ်ရက်အကြာ၌ ဖြစ်သည်ဟု Russia Today က ယမန်နေ့ ရေးသားသည်။

…  
ချဒ်နိုင်ငံရှိ (FACT) သူပုန်အဖွဲ့အား တိုက်ခိုက်ရာတွင် အသက် ၆၈နှစ်အရွယ် ဒက်ဘီသည် ဒဏ်ရာအများအပြားရရှိခဲ့ကြောင်း၊ ၎င်း၏ သား #ဗိုလ်ချုပ်ကြီး_မိုဟာမက်ကာကာက ယာယီအစိုးရအဖွဲ့တွင် ခေါင်းဆောင်အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ချဒ်တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်က အင်္ဂါနေ့၌ သတင်းထုတ်ပြန်သည်။ အာဖရိက ကုန်းတွင်းပိတ် ချဒ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနည်းဆုံး ၁၈ လကြာဆိုင်းငံ့ထားမည်ဖြစ်ပြီး ဗိုလ်ချုပ်ကြီးကာကာက အာဏာရ စစ်ကောင်စီကို ဦးဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

…   
FACT သူပုန်တို့သည် နိုင်ငံပြိုကွဲ၍ စစ်ဘုရင်အသီးသီးတို့ မင်းမူလျှက်ရှိ သည့် အိမ်နီးချင်း လစ်ဗျားနယ်မြေအတွင်း အခြေပြုကာ သမ္မတရွေးကောက်ပွဲကျင်းပသည့် ဧပြီလ ၁၁ ရက်နေ့တွင် အကြီးအကျယ်ထိုးစစ်ဆင်ခဲ့ကြောင်း၊ ရက်သတ္တတစ်ပတ်ကြာ တိုက်ခိုက်မှုပြီးဆုံးသည့်အခါ သူပုန်တိုက်ခိုက်ရေးသမား ၃၀၀ ခန့် သေဆုံးကြောင်း ချဒ်တပ်မတော်က တနင်္လာနေ့၌ ရှင်းလင်းသည်။

…  
ထိုနေ့တွင်ပင် ဒက်ဘီသည် ရွေးကောက်ပွဲတွင် ၈၀% ထောက်ခံမဲဖြင့် အနိုင်ရရှိသည်ဟု အတည်ပြုခံခဲ့ရကြောင်း၊ ရွေးကောက်ပွဲ အောင်နိုင်ခြင်း မိန့်ခွန်းပြောကြားရန် ရည်ရွယ်သော်လည်း စစ်သည်များနှင့် တွေ့ဆုံရန် ရှေ့တန်းသို့သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်း၏ မဲဆွယ်စည်းရုံးရေး ညွှန်ကြားရေးမှူးက ပြောဆိုသည်။

…   
ဇက်ဂါဝါမျိုးနွယ်စုမှ နွားကျောင်းသား ဆင်းရဲသားတစ်ဦး၏ သားဖြစ်သူ ဒက်ဘီသည် သိပ္ပံဘွဲ့ ရရှိခဲ့ပြီး ပြင်သစ် စစ်ကျောင်းဆင်း အရာရှိတစ်ဦးဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်တွင် #ကယ်တင်ရေးမျိုးချစ်လှုပ်ရှားမှုကို ဦးဆောင်၍ ပုန်ကန်ခြင်းဖြင့် စတင် အာဏာရရှိခဲ့သည်။

…  
၁၉၉၆ နှင့် ၂၀၀၁ ခုနှစ်တွင်ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ပြီး သမ္မတ သက်တမ်းကန့်သတ်ချက်များကို ပယ်ဖျက်ပြီးနောက် ၂၀၀၆၊ ၂၀၁၁၊ ၂၀၁၆ နှင့် ၂၀၂၁ တို့တွင်လည်း ထပ်မံအနိုင်ရရှိခဲ့သည်။ ဒက်ဘီ၏ ဆယ်စုနှစ်များစွာအုပ်ချုပ်မှူမှာ အာဏာရှင်စနစ်ဖြစ်သည်ဟု နိုင်ငံတကာမီဒီယာများကဖော်ပြခဲ့သော်လည်း ပြင်သစ်၏ မဟာမိတ်ဖြစ်သည့် ဒက်ဘီသည် ၎င်း၏ အုပ်ချုပ်မှုအား ဆန့်ကျင်ပုန်ကန်မှုများစွာတို့ကို ယခင်ကိုလိုနီအရှင် ဟောင်းအချို့၏ အကူအညီရယူခြင်း အပါအဝင် အောင်မြင်စွာ ခုခံကာကွယ်နိုင်ခဲ့သည်။

…   
FACT သူပုန်တို့၏ ထိုးစစ်သည် လွန်ခဲ့သည့် တနင်္ဂနွေနေ့၌ ဟန့်တားနိုင်ခြင်းမတိုင်မီ နယ်စပ်မှ ကီလိုမီတာ ရာပေါင်းများစွာကို လက်လွှတ်ရသည်အထိ လုံးဝအောင်မြင်ခဲ့သည်။ ထိုစဉ်က ရှေ့တန်းစစ်မြေပြင်မှာ #ချဒ်မြို့တော်_အင်ဂျာမန်နာမှ မိုင် ၁၉၀ ခန့် အကွာသို့ ရောက်ရှိလာခဲ့သည်။

…    
သူပုန်များကပြောကြားရာတွင်မူ စနေ့နေ၌ အမှားအယွင်းတစ်ခုကြောင့် မြို့တော်အား သိမ်းယူရေး အောင်ပွဲခံရန်မှာ အနည်းငယ် နှေးကွေးသွားခဲ့ရသော်လည်း တနင်္ဂနွေနေ့တွင် အစိုးရတပ်များအပေါ် အလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြင်သစ်နှင့် ဂျာမနီအပါအဝင် G5 ဆာဟာရအုပ်စုတို့သည် ဘူကီနာဖက်ဆို၊ ချဒ်၊ မာလီ၊ မော်ရီတန်းနီးယားနှင့် နိုင်ဂျီးရီးယားတို့ရှိ အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၊ ခတ်တီဘာဆာမားနှင့် အစ္စလာမ်မစ်ထောက်ပံ့ရေး (GSIM) အုပ်စုတို့အား တိုက်ခိုက်လျှက်ရှိသည်။ လွန်ခဲ့သည့် မတ်လ၌ ဆာဟာရဒေသ အနောက်မြောက်ဖက်ရှိ မာလီနိုင်ငံ ဘိုအန်တီကျေးရွာတွင် အရပ်သား ၁၉-ဦးတို့ သေဆုံးရသည့် ပြင်သစ်တို့၏ လေကြောင်းတိုက်ခိုက် မှုမှာ #နိုင်ငံတကာ_တရားဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂက စွပ်စွဲခဲ့သည်။

#ချဒ်သမ္မတ_ရှေ့တန်းစစ်မျက်နှာ၌_ကွပ်ကဲနေစဉ်_ဒဏ်ရာရ_ကျဆုံး

(((Russia Toady., 20 Apr, 2021,” Chadian president dies from frontline injures just after being re-elected to 6th term – army” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာ သာပြန်ဆိုသည်။)))

https://www.rt.com/news/521578-chad-president-killed-reelection/
https://www.rt.com/news/519623-france-mali-air-strike-un-report/
https://www.reuters.com/world/africa/us-says-chad-rebels-heading-towards-capital-north-2021-04-18/
https://www.voanews.com/africa/prosecutor-44-jihadists-found-dead-chad-prison 

+1

Leave a Reply

Your email address will not be published.