သိပ္ပံပညာရှင် လုပ်ကြံခံမှုအတွက် အီရန်က လက်တုန့်ပြန်မည်ဟု ခြိမ်းခြောက်အပြီး အစ္စရေးက ကမ္ဘာတစ်ဝှမ်း၎င်း၏သံရုံးများအား သတိပေးချက်ထုတ်ပြန်။ နျူလက်နက်အစီအစဉ်ဦးဆောင်နေသူ အဖြစ် အစ္စရေးက စွပ်စွဲခဲ့သည့် စစ်ဘက်သိပ္ပံပညာရှင်အား လုပ်ကြံသတ်ဖြတ်မှုမှာ ဇီယွန်အစိုးရ သိမ်းသွင်း ထားသည့် အစ္စလာမ်မစ်ကြေးစားများဖြစ်ဟု အီရန်သမ္မတအပြစ်တင်





ယမန်နေ့တွင် တီဟီရန်မြို့အပြင်ဘက်၌ မော်တော်ကားဖြင့် စီးနင်းသွားလာနေသော နျူကလီးယား သိပ္ပံပညာ ရှင်ဖြစ်သူ မိုဆန်ဖာကရီဇာဒီမဟာဗာဒီအား အမည်မသိသူများက ချောင်းမြောင်းသတ်ဖြတ်ခဲ့သည်။ သိပ္ပံပညာရှင် လုပ်ကြံခံရသည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်က ခြိမ်းခြောက်မှုထွက်ပေါ်လာ ပြီးနောက် အစ္စရေးက ကမ္ဘာတစ်ဝန်းရှိ ၎င်း၏သံရုံးများအား သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း အစ္စရေးနိုင်ငံအခြေစိုက် N12 သတင်းစာက ရေးသားသည်ဟု Reuters က ယနေ့ဖော်ပြသည်။ 


အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကမူ ပြည်ပကိုယ်စားလှယ်များ၏ လုံခြုံရေးကိစ္စနှင့်ပတ်သက်၍ ဝန်ကြီးဋ္ဌာနက တစ်စုံတစ်ရာမှတ်ချက် မပေးလိုကြောင်း ပြောဆိုသည်။ 


အီရန်နိုင်ငံ၏ ထိပ်တန်းသိပ္ပံပညာရှင်အသတ်ခံရမှုတွင် မည်သူ၌ တာဝန်ရှိကြောင်း မသိရှိရသေးသော်လည်း လူမှုကွန်ယက်မှ ဝေဖန်သူများကမူ အစ္စရေး၏ နာမည်ေကျော် ထောက်လှမ်းရေး ” မော့ဆက် “ ကို အပြစ်တင် နှင့်ကြပြီး အချို့ဆိုလျှင် သမ္မတဒေါ်နယ်ထရမ့်နှင့် မည်သို့အဆက်အသွယ်ပြုသည်ဟုပင် သီအိုရီထုတ်လျှက်ရှိကြကြောင်း Russia Today က ဖော်ပြသည်။ 


နျူကလီးယားသိပ္ပံပညာရှင်စီနင်းလာသောကားမှာ အလစ်အငိုက် တိုက်ခိုက်ခံရပြီးနောက် ၎င်း၏ အနီးကပ်လုံခြုံရေးအေးဂျင့်များနှင့် အမည်မသိသူများအကြား အပြန်အလှန်ပစ်ခတ်ကြစဉ် သိပ္ပံပညာရှင်သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ အီရန်၏ နျူကလီးယားအစီအစဉ်တွင် ဦးစီးခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခြင်းခံရသူ တိုက်ခိုက်ခံရသည့်နောက်ကွယ်တွင် အစ္စရေးအစိုးရ ရှိနိုင်သည်ဟု အီရန်၏နိုင်ငံခြားရေးဝန်ကြီးအပါအဝင် ယုံကြည်သူ များစွာရှိခဲ့သည်။ 


အကြမ်းဖက်သမားတို့သည် ထင်ရှားသည့် အီရန်သိပ္ပံပညာရှင်အား သတ်ဖြတ်ခဲ့ကြောင်း၊ ထင်ရာစိုင်း စစ်မီးမွှေးသည့် လုပ်ရပ်များသည် သူရဲဘောကြောင်စွာ စိုးရိမ်တကြီးဖြစ်နေသည့် အစ္စရေးကို ညွှန်ပြနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်ဖ်၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။ 


အီရန်သမ္မတဟတ်ဆန်ရောဟာနီကမူ အီရန်တွင် နျူကလီးယားလက်နက်အစီအစဉ်များကို ဦးဆောင်နေသည်ဟု အစ္စရေးက စွပ်စွဲခဲ့သည့် စစ်ဘက်သိပ္ပံပညာရှင် မိုဆန်ဖာကရီဇာဒီမဟာဗာဒီအား လုပ်ကြံသတ်ဖြတ်မှုအတွက် ဇီယွန်အစိုးရသိမ်းသွင်းထားသည့် အစ္စလာမ်မစ်ကြေးစားများအား အပြစ်တင်ခဲ့သည်။


လုပ်ကြံခံရမှုမှာ အီရန်နိုင်ငံ၏ သိပ္ပံပညာတိုးတက်မှုကို ရပ်တန့်ရန် တတ်နိုင်စွမ်းမရှိသော ရန်သူတို့သည် ၎င်းတို့၏ မုန်းတီးမှုနှင့် မကြေနပ်မှုများကို ပြသလိုက်ခြင်းဖြစ်ကြောင်း၊ ဖာကရီဇာဒီ၏နေရာတွင် လူငယ်သိပ္ပံပညာရှင်များက အစားထိုးနေရာယူလိမ့်မည်ဖြစ်ကြောင်း အီရန်သမ္မတက ဆက်လက်ပြောဆိုသည်။ 


သောကြာနေ့တွင် အီရန်သိပ္ပံပညာရှင်သည် တီဟီရန်အပြင်ဘက်ရှိ ၎င်း၏ကားထဲတွင် အမည်မသိသေနတ်သမားများ၏ အလစ်အငိုက်တိုက်ခိုက်ခြင်းခံရပြီး ရရှိထားသော ဒါဏ်ရာများကြောင့် ဆေးရုံ၌သေဆုံးခဲ့သည်။ ယခုအချိန်ထိ မည်သူ မည်ဝါတိုက်ခိုက်သည်ကို မသိရှိရသေးချေ။ 


အီရန်သည် အစ္စရေးက ၎င်း၏နျူကလီးယားသိပ္ပံပညာရှင်များအား လုပ်ကြံရန်နှင့် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း နှစ်ပေါင်းများစွာ စွပ်စွဲခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက အီရန်သိပ္ပံပညာရှင် ဖာကရီဇာဒီအား ယခုအခါပျောက်ကွယ်သွားပြီဖြစ်သော နျူကလီးယားလက်နက်ထုတ်လုပ်ရေးစီမံကိန်း၏ အကြီးအကဲဖြစ်ကြောင်း ညွှန်ပြပြောဆိုခဲ့ဖူးသည်။ 


အီရန်အစိုးရကမူ နျူကလီးယာလက်နက်ဖြင့် စစ်အင်အားဖြည့်တင်းရန် ကြိုးစားနေသည်ဟူသော စွပ်စွဲချက်ကို အစဉ်တစ်စိုက် ငြင်းဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် JCPOA ခေါ် နျူကလီယာဆိုင်ရာဆွေးနွေးပွဲအရ စီးပွားရေးဒါဏ်ခတ်ပိတ်ဆို့မှုများရုပ်သိမ်းခြင်းနှင့် နျူကလီယာကန့်သတ်မှုများ လက်ခံရေး အလဲအလှယ်ပြုရန် အီရန်က သဘောတူခဲ့သည်။ 


အမေရိကန်တွင် ဒေါ်နယ်ထရမ့်အစိုးရအာဏာရရှိသောအခါ ဂျေရုဆလင်ဘက်လိုက်၍ JCPOA စာချုပ်မှာ အစ္စရေးတို့အတွက် အဆိုးရွားဆုံးသဘောတူညီမှုအဖြစ် တံဆိပ်ကပ်ခဲ့သည်။ စီးပွားရေးအကျပ်အတည်းများဖြင့် အီရန်အား ပျက်စီးစေမည့် လုပ်ဆောင်မှုများကို စတင်ခဲ့သည်။ 


လွန်ခဲ့သည့် ဇန်နဝါရီလတွင် အီရတ်သို့အလည်အပတ်ရောက်ရှိလာသော အီရန်အထူးတိုက်ခိုက်ရေးတပ်မှ ဗိုလ်ချုပ်ကြီးတစ်ဦးကို ပင်တာဂွန်က လုပ်ကြံသတ်ဖြတ်ခဲ့သည်။ အဆိုပါလုပ်ကြံမှုမျာ အမျိုးအမည်ဖော်ပြမထားသော အကြမ်းဖက်သမားများရန်မှ မိမိကိုယ်မိမိ ခုခံကာကွယ်ခြင်းသာဖြစ်ကြောင်း ဒေါ်နယ်ထရမ့်အစိုးရက ဆင်ခြေပေးခဲ့သည်။


#အီရန်ကလက်တုန့်ပြန်မည်ခြိမ်းခြောက်၍အစ္စရေးသံရုံးများသတိပေးချက်ထုတ်ပြန် 


((( Reuters., November 28, 2020,” Israeli embassies on alert after Iran retaliation threats, Israel’s N12 reports.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာ ပြန် ဆိုသည်။)) 


https://news.yahoo.com/israeli-embassies-alert-iran-retaliation-101801284.html 

https://www.rt.com/news/508061-iran-assassination-mossad-speculation/ 

https://www.rt.com/news/508074-rouhani-israel-scientist-assassination/

0

Leave a Reply

Your email address will not be published.