သီးနှံဆုံးရှုံမှု သက်သာရေး ထောက်ပံ့ကြေးရရှိရန် ဘင်္ဂလားဒေ့ရှ် လယ်သမားများ လိုအပ်နေ။ အပူလှိုင်းကျရောက်၍ လယ်ဧက ၅-သောင်းကျော်တွင် စပါးတန်ချိန် ၂-သိန်းခန့်ပျက်စီးဖွယ်ရှိ။ သီးနှံဆုံးရှုံးရသည့် မြေယာမဲ့ သီးစားများအတွက် ငွေကြေးအကူအညီ ပေးအပ်စေလို


ဘင်္ဂလားဒေ့ရှ့်နိုင်ငံ၏ အရှေ့မြောက်ဒေသတစ်ခွင် ဆန်စပါးစိုက်ပျိုးရာ နေရာအနှံ့တို့တွင် အပူလှိုင်းဖြတ်သန်းသွား ပြီး ရက်သတ္တ တစ်ပတ်အကြာ၌ အစိုးရအနေဖြင့် ဘေးဒဏ်သင့်လယ်သမားများအား ထောက်ပံ့ကြေးချက်ချင်းထုတ်ပေးရေး စီစဉ်ပေးရန် ပျက်စီးသီးနှံများ ဓါတ်ပုံတို့နှင့်အတူ စိုက်ပျိုးရေးအရာရှိများက တိုက်တွန်းလိုက်သည်ဟု Dhaka Tribune က ယမန်နေ့ ရေးသားသည်။

ဧပြီလ ၄-ရက်နေ့၌ ဟေယာဒေသ အချို့နေရာများအပါအဝင် ခရိုင်များစွာတို့တွင် အပူလှိုင်းကျရောက်ခဲ့ခြင်းကြောင့် #ဘိုရိုစပါးစိုက်လယ်ဧက ၅-သောင်းကျော်တွင် အစေ့အနှံမအောင်ပဲ သီးနှံဖြစ်ထွန်းမှု ထိခိုက်လောက်အောင်ဖြစ်ခဲ့ရသည်ကို ကနဦး ခန့်မှန်းတွေ့ရှိရကြောင်း အစိုးရ၏ ထောက်ကူရရှိမှုအပေါ်မူတည်၍ လယ်သမားများ၏ ဆန်တန်ချိန် ၁-သိန်းမှ ၂-သိန်းခန့်အထိ ဆုံးရှုံးဖွယ်ရှိကြောင်း၊ ဒေသအချို့တွင် လယ်မြေ ၄၀ မှ ၅၀ ရာနှုန်းအထိမှာ ရိတ်သိမ်း ရန် မဖြစ်နိုင်တော့သည့် အခြေဆိုက်ခဲ့ရကြောင်း အရာရှိများက တနင်္လာနေ့၌ ရှင်းပြသည်။

လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာနအနေဖြင့် မည်ကဲ့သို့ အကောင်းဆုံးအကူအညီပေးနိုင်မည်ကို လောလောဆယ် မသိရှိရသေးချေ။

စိုက်ပျိုးရေးအရာရှိအချို့ကမူ လယ်သမားများအနေဖြင့် အပူလှိုင်းသင့်ဧရိယာတွင် အထွက်နှုန်းကြွင်းကျန်စပါးများကို စုပေါင်းရိတ်သိမ်းရာတွင် အစိုးရက အခမဲ့ကူညီပေးစေလိုသည်ဟု ကွင်းဆင်းအရာရှိများမှတဆင့် သိရှိရကြောင်း၊ ထိုသို့ မဟုတ်လျှင် လယ်သမားတစ်ဦးချင်းအနေဖြင့် ရိတ်သိမ်းစရိတ် မတတ်နိုင်ကြောင်း၊ အထူးသဖြင့် သီးနှံဆုံးရှုံးရသည့် မြေယာမဲ့ သီးစားများအတွက် လယ်ယာစိုက်ပျိုးရေးဝန်ကြီးဋ္ဌာနက ငွေကြေးအကူအညီပေးရန် လယ်သမားများနှင့် ခရိုင်စိုက်ပျိုးရေးဌာနတို့အနေဖြင့် မေတ္တာရပ်ခံပါကြောင်း ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ယခုနှစ်များအတွင်း ဆန်ဈေးမြင့်တက်လျှက်ရှိခြင်းကို စိုက်ပျိုးမြေဧရိယာတိုးချဲ့ခြင်းဖြင့် လယ်သမားများလည်း အကျိုးဖြစ်ထွန်းစေရန် ကြိုးစားဖြေရှင်းလျှက်ရှိစဉ် ယခုကဲ့သို့ ကြုံတွေ့ရခြင်း ဖြစ်သည်။

စိုက်ပျိုးမြေဧရိယာတိုးချဲ့ခြင်းမှာ အပူလှိုင်းကျရောက်၍ ပျက်စီးဆုံးရှုံးရမှုကို သက်သာရာရခဲ့ကြောင်း၊ သီးနှံဆုံးရှုံးရသည့် လယ်သမားများအတွက် အကူအညီလိုအပ်သော်လည်း ဆုံးရှုံးမှုပမာဏမှာ တစ်နိုင်ငံလုံး အတိုင်းအတာအရ ဘိုရိုစပါးထွက်ရှိမှုအပေါ်များစွာ အကျိုးသက်ရောက်မှု မရှိကြောင်း ကွင်းဆင်းသုတေသနပြုခဲ့သူ ဘင်္ဂလားဒေ့ရှ်ဆန်သုတေသနဌာန (BRRI) မှ သိပ္ပံပညာရှင်များက သုံးသပ်ထားသည်။

ဧပြီလ ၄-ရက်နေ့တွင် ကျရောက်ခဲ့သည့် အပူလှိုင်းသည် ဒေသအချို့တွင် ဘိုရိုစပါးစိုက်ပျိုးမှု၏ ၃၅ ရာနှုန်းမှ ၁၅ ရာနှုန်းအထိ ပျက်စီးစေခဲ့ကြောင်း ကနဦး ခန့်မှန်းထားသည်။ ဒေသအချို့တွင် အခြားဆန်စပါးများမှာလည်း အပူလှိုင်းဒဏ်ခံရပြီးနောက် မိုးရွာသွန်းမှုနှင့် ဆက်လက်ကြုံတွေ့ရကြောင်း၊ အရှေ့မြောက် နယ်စပ်ဒေသ #နီထရာကိုနာခရိုင်တွင် ဘိုရိုစပါးများပျက်စီးမှု ပိုမိုဆိုးရွားရခြင်းမှာ ပြင်းထန်သော လေပူတိုက်ခတ်ပြီး မိုးရွာသွန်းမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း သိရှိရသည်။

ဘိုရိုစပါးသည် #ဖုန်းတုန်း_လုံးတုန်းကာလ၌ ညအပူချိန် ၁၇ ဒီဂရီအောက်၊ နေ့အပူချိန် ၃၅ ဒီဂရီဆဲလ်စီယပ်အထက် မြင့်တက်ခဲ့လျှင် အောင်စေ့ အနှစ်ဖြစ်တည်မှုကို အကြီးအကျယ်ထိခိုက်သွားနိုင်သည့် သီးနှံမျိုးဖြစ်သည်။ နီထရာကိုနာဒေသ၏ ယခင်နှစ် ဘိုရိုစပါးရာသီတွင် ၃၁ ဒီဂရီဆဲလ်စီယပ် ရရှိခဲ့ပြီး ယခုနှစ်တွင် ၃၈ ဒီ ဂရီဖြစ်နေခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆောင်းသီးနှံအဖြစ် အခြားဘိုရိုဆန်မျိုးကွဲ ၂-မျိုးကိုလည်း စိုက်ပျိုးကြပြီး ဧပြီ-မေ သီးနှံ ရိတ်သိမ်းချိန်၌ နှစ်စဉ် ဘိုရိုဆန် တန်ချိန် ၃၆ သန်းထွက်ရှိ၍ တစ်နိုင်ငံလုံး ဘိုရိုဆန်ထုတ်လုပ်မှု၏ ၅၅ ရာခိုင်နှုန်း ရှိသည်။

(((Dhaka Tribune., April 12th, 2021,” Bangladesh farmers need bailout to recover from heatwave-induced crop loss.By:Reaz Ahmad” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

#ဘင်္ဂလားဒေ့အရှေ့မြောက်အပူလှိုင်းကျရောက်၍_ဆေယင်းရာသီ_စပါးသီးနှံထိခိုက်

https://www.dhakatribune.com/bangladesh/agriculture/2021/04/12/farmers-need-bailout-to-recover-from-heatwave-induced-crop-loss

0

Leave a Reply

Your email address will not be published.