ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအား ၇၂-နာရီအတွင်း ပိတ်သိမ်းရန် အမေရိကန် ရုတ်တရက် အမိန့် ပေး။ တရားမျှတခြင်းမရှိသော နိုင်ငံရေး ရန်စမှုကို ချက်ချင်း ပြန်လည် မရုတ်သိမ်းလျှင် လက်တုန့်ပြန်မည်ဟု တရုတ်ဆို။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတင်းမာ။

  
တက္ကဆက်ပြည်နယ် ဟူစတန်မြို့တွင် ဖွင့်လှစ်ထားသော တရုတ်ကောင်စစ်ဝန်ရုံး၏ လုပ်ငန်းဆောင်တာ အရပ်ရပ်ကို ချက်ချင်းရပ်ဆိုင်းရန် အမိန့်ထုတ်ပြန်သော အမေရိကန်၏ အပြုအမူမှာ နှစ်နိုင်ငံအကြား လတ်တလော ဖြစ်ပေါ်လာသော တင်းမာမှုဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ပြောဆိုသည်ဟု CNN က ယနေ့ ရေးသားသည်။

  
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်ဂန်အော်တေးဂတ်စ်ကပြောဆိုရာတွင် အမေရိကန်ဉာဏပစ္စည်းမူပိုင်ခွင့်နှင့် အမေရိကန်၏ ပုဂ္ဂလိကသတင်းအချက်အလက်များကို ကာကွယ်ရန်အတွက် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံးကို ပိတ်ပစ်ရန်ညွှန်ကြားခဲ့ကြောင်း ရှင်းလင်းပြောဆိုသည်။ 

ဟူစတန်မှရဲများက ပြောဆိုရာတွင်မူ အင်္ဂါနေ့ညနေ ဒေသစံတော်ချိန် ညနေပိုင်း၌ ဟူစတန်မြို့လယ်ပိုင်း မွန်းတို့စ်ဘိုလ်ဗာရပ်ကွက်ရှိ တရုတ်ကောင်စစ်ဝန်ရုံးအပြင်ဘက် ခြံဝင်းအတွင်းမှ မီးခိုးငွေ့များ ထွက်လျှက်ရှိသည်ဟု အနီးအနားနေထိုင်သူများက သတင်းပေးပို့ခဲ့ကြောင်း၊ ကောင်စစ်ဝန်ရုံးခြံဝင်းအတွင်း တာဝန်ရှိသူများဖြစ်ဟန်တူသူတို့က စာရွက်စာတမ်းများ မီးရှို့နေကြပုံကို ဒေသတွင်း မီဒီယာတို့၌ ရုပ်သံများ မျှဝေခဲ့ကြကြောင်း ပြောဆိုသည်။ 


အမေရိကန်၏ အပြုအမူသည် တစ်ဖက်သပ်ဆန်သော နိုင်ငံရေးရန်စမှုဖြစ်ကြောင်း၊ သံတမန်ရေး ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာအစိုးရအချင်းချင်း လိုက်နာမြဲ သဘောတူညီချက်များအား ဆန့်ကျင်၍ အပြည်ပြည်ဆိုင်ရာ တရားဥပဒေကို ဆိုးရွားစွာချိုးဖောက်ခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ တရားမျှတမှု မရှိသော လုပ်ရပ်ကို တရုတ်နိုင်ငံက ပြင်းထန်စွာ ရှုတ်ချလိုက်ပြီး ၎င်း၏မှားယွင်းသည့် ဆုံးဖြတ်ချက်ကို ချက်ချင်းပြန်လည်ရုတ်သိမ်းရန်တောင်းဆိုကြောင်း၊ ထိုသို့မဟုတ်လျှင် တရုတ်နိုင်ငံကလည်း တရားဥပဒေနှင့်အညီ လိုအပ်သလို တုန့်ပြန်မှုဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုကွန်ရက်၌ ဖော်ပြသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန တရားဝင်စာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရှိရသည်။

  
ထို့ပြင် အမေရိကန်က တရုတ်သံတမန်နှင့် ကောင်စစ်ဝန်ဝန်ထမ်းများအား နှောင့်ယှက်ခြင်း၊ တရုတ်ကျောင်းသားများအားခြိမ်းခြောက်ခြင်း၊ စစ်ကြောမေးမြန်းခြင်း၊ အကြောင်းပြချက်မရှိပဲ ထိန်းသိမ်းခြင်းနှင့် ၎င်းတို့၏ ကိုယ်ပိုင်လျှပ်စစ်ပစ္စည်းများကိုသိမ်းဆည်းခြင်း စသည်တို့ကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြလျှက် တရုတ်အနေဖြင့် တစ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်မှုမရှိခဲ့ကြောင်း၊ နှောက်ယှက်စွက်ဖက်ခြင်းသည် တရုတ်၏ နိုင်ငံခြားရေး ပေါ်လစီ၌ မည်သည့်အခါမျှ မရှိခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။ 

  
တရုတ်-အမေရိကန်တို့သည် လွန်ခဲ့သည့်နှစ်မှ စတင်ကာ ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလျှက်ရှိသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှု၊ ဟောင်ကောင်နှင့် ရှင်ကျန်းဒေသများရှိ တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အမေရိကန်၏ဝေဖန်မှုတို့ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးမှာ ကျဆင်းခဲ့သည်။ 


တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော် Global Times သတင်းစာ၏ အဆိုအရ က ဟူစတန်ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို ၇၂-နာရီအတွင်း ပိတ်သိမ်းရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန အကြောင်းကြားခဲ့သည်ဆို၏။ 


ဟူစတန်တရုတ်ကောင်စစ်ဝန်ရုံးသည် တက္ကဆက်၊ ဖလော်ရီဒါစသည့် အမေရိကန်တောင်ပိုင်းပြည်နယ် ၈-ခုအပါအဝင် ပြူတိုရီကိုနိုင်ငံတို့အတွက် တရုတ်နိုင်ငံနှင့်ပတ်သက်သော ကောင်စစ်ရေးရာများဆောင်ရွက်ပေးရာဋ္ဌာနဖြစ်သည်။ အမေရိကန်နှင့်တရုတ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ပြီးနောက် ၁၉၇၉ တွင် ပထမဆုံးတည်ထောင်ခဲ့သည့် ကောင်စစ်ဝန်ရုံးဖြစ်သည်။ ထိုအချိန်တွင် ၀ ါရှင်တန်ဒီစီ ၌ တရုတ်နိုင်ငံဆိုင်ရာ ဆက်ဆံရေးရုံးဖွင့်လှစ်ထားပြီးဖြစ်သည်။ 

((( CNN., July 22, 2020, “US orders closure of Chinese consulate in Houston.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

  
#ဟူစတန်တရုတ်ကောင်စစ်ဝန်ရုံးကို_၇၂-နာရီအတွင်းပိတ်သိမ်းရန်_အမေရိကန်အမိန့်ပေး 


https://edition.cnn.com/2020/07/22/politics/china-us-houston-consulate-intl-hnk/index.html 


https://www.rt.com/news/495464-us-china-close-consulate-houston/ 

1+

Leave a Reply

Your email address will not be published.