အဂတိနှင့်ဘက်လိုက်သော နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အား ဒေါ်နယ်ထရမ့်က ဒါဏ်ခတ်ပိတ်ဆို့သည့်အတွက်ဟု အစ္စရေးချီးကျူး၊ ICC သည် အကျင့်ပျက်၍ အလွဲသုံးစားကြောင်း အမေရိကန်အစိုးရ၌ ခိုင်လုံသော အထောက်အထားများရှိဟု ဆို

နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အား ဒါဏ်ခတ်ပိတ်ဆို့အရေးယူခြင်းအတွက် သမ္မတဒေါ်နယ်ထရမ့်နှင့် အမေရိကန် အစိုးရအပေါ် အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက ချီးကျူးဂုဏ်ပြုလိုက်သည်။ အဆိုပါ နှစ်နိုင်ငံစလုံးမှာ စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု ICC ၏ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခြင်း ခံနေရသည့် တိုင်းပြည်များဖြစ်ကြောင်း Russia Today က ယနေ့ရေးသားသည်။

စုန်းထီး-စုန်းမများကို လိုက်လံဖမ်းဆီးနေသော အမေရိကန်နှင့် အစ္စရေးတို့အပေါ် စွဲလန်းတကြီးဖြစ်နေသည့် အကျင့်ပျက် အဂတိလိုက်စားမှုနှင့် ဘက်လိုက်လျှက်ရှိသော ICC ကို ဒါဏ်ခတ်အရေးယူခြင်းအတွက် သမ္မတဒေါ်နယ်ထရမ့်နင့် ၎င်းဦးဆောင်သော အစိုးရအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ နေတန်ယာဟုက ကြာသပတေးနေ့၌ ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ICC သည် ဂျူးလူမျိုးတို့က ၎င်းတို့၏ သမိုင်းဝင်ဇာတိမြေပေါ်တွင် နေထိုင်ခြင်းကို စစ်ရာဇဝတ်မှုအဖြစ် ရှု့မြင်သည့် ဗီဇပါသူများဖြစ်ကြောင်း စွပ်စွဲလိုက်ပြီး ICC ကို ဂျူးမုန်းတီးရေးသမားအဖြစ်လည်း ဆိုင်းဘုတ်ချိတ်လိုက်သည်။ အီရန်ကဲ့သို့ အကြမ်းဖက်စစ်အစိုးရနှင့် ကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်သူများကိုမူ ICC က မမြင်ဟန်ဆောင်နေသည်ဟု အစ္စရေး၏ မဟာရန်သူတော် အလီခါမေနီကိုလည်း နေတန်ယာဟု ထည့်သွင်းထိုးနှက်လိုက်သည်။

အမေရိကန်နှင့် အစ္စရေးတို့သည် ၎င်းတို့၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ICC တွင် စုံစမ်းစစ်ဆေးရန် အခွင့်အာဏာ မရှိဟု နှစ်နိုင်စလုံးက လက်ခံထားကြသည်။ ဝါရှင်တန်အစိုးရအနေဖြင့် အမေရိကန်စစ်တပ်က အာဖဂန်နစ္စတန်၌ ကျူးလွန်ခဲ့သောစစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ ICC ၏ စုံစမ်းစစ်ဆေးမှုကို ရင်ဆိုင်ခဲ့ရသည်။ တဲလ်အဗစ်အစိုးရမှာမူ ပါလက်စတိုင်းနယ်မြေရှိ အစ္စရေးစစ်တပ်၏ လုပ်ရပ်များအတွက် စစ်ဆေးခြင်းခံခဲ့သည်။

စောစောပိုင်းတွင် အမေရိကန်တပ်ဖွဲ့ဝင်များအပေါ် စစ်ရာဇဝတ်မှုအဖြစ် စွပ်စွဲခြင်း သို့မဟုတ် တရားစွဲဆိုခြင်းစသည့် မည်သည့် ကြိုးပမ်းအားထုတ်မှုမျိုး၌မဆို ပူးပေါင်းပါဝင်သည့် ICC အရာရှိများအားလုံးတို့ကို ဒါဏ်ခတ်ပိတ်ဆို့သည့် အာဏာတည်သောအမိန့်အား ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် အစ္စရေးအပါအဝင် အမေရိကန်၏မဟာမိတ်များအပေါ် နိုင်ငံရေးဆန့်ကျင်လှုံ့ဆော်ရာ ရောက်သော စုံစမ်းစစ်ဆေးမှုများကို ICC က ပြုလုပ်နေသည်ဟုစွပ်စွဲခဲ့သည်။ ထို့အပြင် ICC သည် အကျင့်ပျက်ခြစားမှုနှင့် အလွဲသုံးစားမှုတို့တွင် နက်ရှိုင်းစွာ မွေ့လျော်လျှက်ရှိသည်ဟု ယုံကြည်ရန် အမေရိကန်အစိုးရ၌ ခိုင်လုံသော အထောက်အထားများ ရရှိထားကြောင်းလည်း ပြောဆိုသည်။

၎င်းတို့၏ စစ်ဘက်ဆိုင်ရာတို့အား စုံစမ်းစစ်ဆေးမည့် ICC အား အစ္စရေးနှင့်အမေရိကန်နှစ်နိုင်ငံလုံးက အကြိမ်ကြိမ်သတိပေးခဲ့သည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံအဖြစ် အရည်အချင်းပြည့်မှီခြင်းမရှိသော ပါလက်စတိုင်းကို ICC တွင် အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ခြင်း မရှိကြောင်း စောဒကတက်ခဲ့ကြသည်။

(( အများသိကြသည့်အတိုင်း ရီပတ်ဘလစ်ကင် ဒေါ်နယ်ထရမ့်၏ အဓိက ပြိုင်ဘက်များမှာ ဒီမိုကရက်တစ် ဂျိုးဘိုင်ဒင်နှင့် ဟီလာရီကလင်တန်တို့ဖြစ်သည်။ အမြဲတစေ တစ်ဖက်နှင့်တစ်ဖက် အငြိုးတကြီး ပုတ်ခတ် စွပ်စွဲလျှက်ရှိသဖြင့် ရန်ဘက်များဟုပင် သတ်မှတ်နိုင်သည်။ ဒေါ်နယ်ထရမ့်ကို အကောင်းမပြောသူများတွင် သမ္မတဟောင်း အိုဘားမားကိုပင် ထည့်သွင်းရပါမည်။

ယခုအခါ အမေရိကန်က စစ်ရာဇဝတ်မှုကျူးလွန်သည်ဟု ICC က စွပ်စွဲချက်များမှာ ဒေါ်နယ်ထရမ့်၏ သမ္မတ တာဝန်ထမ်းဆောင်နေစဉ် ကာလအတွက် မဟုတ်ပါ။ ယခင် အမေရိကန်တပ်မတော်၏ အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်းစစ်ဆင်ရေးများအတွက်ဖြစ်သည်။ ထိုစဉ်က သမ္မတမှာ အိုဘားမားဖြစ်၍ ဂျိုးဘိုင်ဒင်သည် ဒုတိယသမ္မတဖြစ်ပြီး ဟီလာရီကလင်တန်က နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့စဉ်ဖြစ်သည်။

ထို့ပြင် ယခု ဒေါ်နယ်ထရမ့်အစိုးရလက်ထက်၌ အယ်လိဇဘက်မန်းနင်းအား ပြန်လည်တရားစွဲဆိုခြင်းနှင့် ဝီကီလိခ်တည်ထောင်သူ ဂျူလီယာအက်ဆေန့်ချ်အား နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားစေမှုဖြင့် ထောင်ဒါဏ် ၁၇၅-နှစ် အပြစ်ပေးရန် ကြိုးစားလျှက်ရှိခြင်း၏ အဓိကအချက်မှာ အိုဘားမား သမ္မတတာဝန်ယူခိုက် အီရတ် စစ်မြေပြင်၌ အမေရိကန်စစ်တပ်၏ စစ်ရာဇဝတ်မှု့များ၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ အီးမေးလ်ပေါက်ကြားမှုများက အများဆုံးဖြစ်သည်။

ထိုသို့သိုလျှင် #နိုင်ငံရေး #နိုင်ငံ့အရေး နှင့် #အာဃာတနိုင်ငံရေး ဆိုသည့် ဝေါဟာရတို့၏ အဓိပ္ပါယ်ဖွင့်ဆိုပုံကို နားလည်နိုင်လောက်ပါသည်။ နိုင်ငံရေးသမားတို့ လူမသေပဲ သမိုင်းအမည်းစက်ထင်၍ ဘဝသေဆုံးကြရခြင်းကိုလည်း ခန့်မှန်းနိုင်မည်ဖြစ်သည်။ ။ သတင်းဘာသာပြန်သူ ))

#ICC အားဒေါ်နယ်ထရမ့်ကဒါဏ်ခတ်ပိတ်ဆို့သည့်အတွက် အစ္စရေးချီးကျူး

((( Russia Today., 11 Jun, 2020 ,” Netanyahu hails Trump’s sanctions against ‘corrupt & biased’ International Criminal Court” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန် ဆိုသည်။ )))

https://www.rt.com/news/491568-netanyahu-trump-icc-sanctions/

https://www.rt.com/news/491537-us-economic-sanctions-icc/

0

Leave a Reply

Your email address will not be published.