အင်ဒိုနီးရှားတစ်ဝှမ်းမြို့ကြီးများတွင် အလုပ်သမားဥပဒေဆန့်ကျင်ဆန္ဒပြပွဲများ အကြမ်းဖက်မှုအဖြစ်ပြောင်းလဲ။ အလုပ်သမားအခွင့်အရေးကို အင်အားချိနဲ့စေပြီး သဘာဝရင်းမြစ် စီမံခန့်ခွဲမှုများကို သိသာစွာအပြောင်းအလဲဖြစ်စေမည်ဟု ကန့်ကွက်



အင်ဒိုနီးရှားနိုင်ငံတွင် အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေမှာ အလုပ်သမားအခွင့်အရေးကို အင်အားချိနဲ့စေပြီး သဘာဝပတ်ဝန်းကျင်အား အန္တရာယ်ဖြစ်စေသည်ဟုဆိုကာ နိုင်ငံတစ်ဝှမ်းမြို့ကြီးများ၌ ကန့်ကွက်ဆန္ဒပြလျှက်ရှိကြသည်။ ကြာသပတေးနေ့တွင် ဒေါသထွက်နေသည့် ထောင်ပေါင်းများစွာသော ကျောင်းသားများနှင့် အလုပ်သမားတို့၏ ဆန္ဒပြပွဲများသည် အကြမ်းဖက်မှုများအဖြစ်သို့ ပြောင်းလဲလာခဲ့သည်ဟု AP က ယနေ့ရေးသားသည်။ 

  
မြို့တော် ဂျာကာတာရှိ သမ္မတအိမ်တော်အနီးတွင် ကျောက်ခဲများဖြင့် ပစ်ပေါက်လျှက်ရှိသော အလုပ်သမားများ၊ အထက်တန်းကျောင်းသားများနှင့်တက္ကသိုလ်ကျောင်းသားများ အပါအဝင် ဆန္ဒပြသူများနှင့် အဓိကရုန်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တို့အကြား ရုန့်ရင်းဆန်ခတ်ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ သို့သော် သမ္မတဂျိုကိုဝီဒိုဒိုမှာ ကာလီမန်တန် အလယ်ပိုင်းပြည်နယ်သို့ သွားရောက်လျှက်ရှိပြီး သမ္မတအိမ်တော်၌ ရှိမနေချေ။ 

  
အိမ်တော်ခြံဝင်းအနီး ချဉ်းကပ်ရန်ကြိုးစားကြသည့် ကျောင်းသားများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများအသုံးပြု ပစ်ခတ်ခြင်းကြောင့် လမ်းမများသည် မီးခိုးလုံးများဖုံးလွှမ်းသည့် စစ်တလင်းအသွင်ဖြစ်လာသည်။ ကျောင်းသားများကလည်း ပုလင်း၊ ကျောက်ခဲများဖြင့် ပြန်လှန်ပစ်ပေါက်ကြသည်ဆို၏။ 


ဒေါသထွက်နေသော ဆူပူသူများသည် နန်းတော်အနီးလမ်းဆုံတွင် ယာဉ်ထိန်းရဲစခန်းကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အခြားဆန္ဒပြသူများကလည်း မော်တော်ကား တာယာများနှင့် ဖိုင်ဘာဂလပ်စ် လမ်းဘေးအတားအဆီးများကို မီးတင်ရှို့ခဲ့ကြသည်။ 


၂-ရက်ကြာခဲ့ပြီး အကြမ်းဖက်ကန့်ကွက်ပွဲများအတွင်း လူပေါင်း ၂၀၉-ဦးကို ဖမ်းဆီးခံခဲ့ရသော အနောက်ဂျာဗားပြည်နယ် မြို့တော် ယိုဂျာကာတာ၊ မီဒန်၊ မာကက်ဆာ၊ မာနာဒိုနှင့် ဘန်ဒေါင်း အပါအဝင် အင်ဒိုနီးရှားနိုင်ငံအနှံ့အပြားရှိ မြို့ကြီးများ၌ အလားတူ ပဋိပက္ခများဖြစ်ပွားခဲ့သည်။

  
တနင်္လာနေ့တွင် အင်ဒိုနီးရှား ပါလီမန်က အတည်ပြုလိုက်သော “ အလုပ်အကိုင် ဖန်တီးရေးဆိုင်ရာ ဥပဒေ” မှာ နိုင်ငံ့အလုပ်သမားဖွဲ့တည်မှု ပုံသဏ္ဍာန်နှင့် သဘာဝရင်းမြစ် စီမံခန့်ခွဲမှုများကို သိသာစွာ အပြောင်းအလဲဖြစ်စေမည်ဟု မျှော်လင့်ရသည်။ ၎င်းဥပဒေတွင် ယခင်ပြဋ္ဌာန်းချက် (၇၉) ခုကို ပြင်ဆင်ခဲ့ပြီး နိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံမှုများ ပိုမိုလာစေရန် ဝီဒိုဒိုအစိုးရ၏ ဗျူရိုကရေစီယန္တရားအပေါ် ရည်ရွယ်အားဖြည့်ပေးထားသည်။

  
ဥပဒေသစ်သည် လစာခံစားခွင့်ကို ပြင်းထန်စွာ လျှော့ကျစေခြင်း၊ နိုင်ငံခြားအလုပ်သမားများအပေါ် တားမြစ်ချက်များကို ပယ်ဖျက်ထားခြင်း၊ ပြင်ပငှားရမ်းဝန်ဆောင်မှုများကို တိုးမြင့်စေခြင်းနှင့် လစဉ်ခံစားလျှက်ရှိသည့် လုပ်ခလစာကို အလုပ်ချိန်နာရီ လုပ်အားခအဖြစ်သို့ ပြောင်းလဲစေခြင်းဖြင့် အလုပ်သမားများအား ထိခိုက်စေလိမ့်မည်ဟု ဆန္ဒပြသူများက ပြောဆိုသည်။

  
အင်္ဂါနေ့၌ စတင်သည့် သုံးရက်ကြာ ပြည်လုံးကျွတ်ဆန္ဒပြပွဲများ ဖြစ်မြောက်စေရန် စီစဉ်သူတို့က အစိုးရအနေဖြင့် အဆိုပါဥပဒေကို ရုပ်သိမ်းပေးရန် တောင်းဆိုလျှက်ရှိသည်။ ဥပဒေသစ်အား ပြန်လည်မရုပ်မသိမ်းမချင်း လမ်းမများပေါ်၌ ဆန္ဒပြနေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား ကျောင်းသား မဟာမိတ်အဖွဲ့ အမှုဆောင်ကော်မတီက ကတိပြုထားသည်။ 

  
ပါလီမန်အဆောက်အအုံသို့ ဦးတည်သည့်လမ်းများကို ဂျကာတာရဲများက ပိတ်ဆို့ခဲ့ပြီး အလုပ်သမားအဖွဲ့များအနေဖြင့် ပါလီမန်အနီးတွင် လူထုဆန္ဒပြပွဲများ မပြုလုပ်ရန်ကိုလည်း ဟန့်တားခဲ့သည်။ ပါလီမန်ခြံဝင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားသူ ၂၀၀ ခန့်ကိုလည်း ဖမ်းဆီးခဲ့ရကြောင်း၊ ၎င်းတို့သည် ဂျကာတာတွင် အဓိကရုဏ်းများဖန်တီးရန် လူမှုကွန်ရက်မီဒီယာများပေါ်မှ သွေးထိုးလှုံဆော်ခြင်း ခံရသူများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောဆို သည်။ 

  
အင်ဒိုနီးရှားသည် အရှေ့တောင်အာရှ၏ အကြီးဆုံး စီးပွားရေးတည်ရှိရာအဖြစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက စိတ်အားထက်သန်စွာ စောင့်ကြည့်ခြင်း ခံရသည်။ သည်။ သန်း ၂၇၀ ရှိသော အင်ဒိုနီးရှားလူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကမောင်းနှင်နိုင်သော အသက် ၃၀ နှစ်အောက် ငယ်ရွယ်သူများဖြစ်ကြသည်။ 

#အင်ဒိုနီးရှားအလုပ်သမားဥပဒေသစ်ဆန့်ကျင်ဆန္ဒပြ_အကြမ်းဖက်မှုအဖြစ်ပြောင်းလဲ။ 

((( AP., Oct 08, 2020, “Protests against new labor law turn violent across Indonesia. By: NINIEK KARMINI” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

0

Leave a Reply

Your email address will not be published.