အစိုးရ၏ တောင်းဆိုချက်အရ Facebook က အသုံးပြုသူ၏အချက်အလက်များကို ၂၀၂၀-ခုနှစ်တွင် ပိုမိုရယူပေးခဲ့ရဟု ဆို။ ပထမနှစ်ဝက်အတွင်းမှာပင် ၂ဆခွဲကျော် ပိုမိုတောင်းခံ။ သတ်မှတ်ထားသည့် အကောင့် သို့မဟုတ် အသုံးပြုသူ ၃၇၁-ဦး၏ သတင်းအချက်အလက်များကို တောင်းခံခဲ့


ဘင်္ဂလားဒေ့ရှ်အစိုးရသည် Facebook အား ၎င်းလူမှုကွန်ယက်အသုံးပြုသူ၏ အချက်အလက်များကို လွန်ခဲ့ သည့် ၇-နှစ်အတွင်း အများဆုံး တိုးမြှင့်တောင်းခံမှုများ ပြုလုပ်လာခဲ့ကြောင်း၊ ၂၀၂၀-ခုနှစ် ပထမနှစ်ဝက်အတွင်းမှာပင် အစိုးရက ၂၄၁- မှု တောင်းခံခြင်းဖြင့် နှစ်စဉ် ၂ဆခွဲကျော် ပိုမိုတိုးမြင့်လာခဲ့ကြောင်း Facebook ၏ “ကမ္ဘာလုံးဆိုင်ရာပွင့်လင်းမြင်သာမှု အစီရင်ခံစာ ” ၌ ဖော်ပြထားသည်ဟု Dhaka Tribune က ယနေ့ရေးသားသည်။

ထိုကာလအတောအတွင်း အစိုးရက ၎င်းတို့သတ်မှတ်ထားသည့် အကောင့် သို့မဟုတ် အသုံးပြုသူ ၃၇၁ -ဦး၏ သတင်းအချက်အလက်များကိုလည်း တောင်းခံခဲ့ရာ ယခုနှစ်ဆန်းပိုင်း ၁၂၃-ဦးမှ စတင်ရေတွက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Facebook သည် ၂၀၂၀ ပြည့်နှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ တောင်းဆိုခဲ့သည့်တောင်းဆိုမှု အားလုံးကို လက်ခံခြင်းမရှိသော်လည်း ၄၄ ရာခိုင်နှုန်းကိုမူ လက်ခံဆောင်ရွက်ပေးခဲ့သည်ဆို၏။

Facebook အနေဖြင့် ၎င်းတို့ပလက်ဖောင်းအသုံးပြုသူများသည် တရားဥပဒေကို ချိုးဖောက်ခြင်းနှင့် ရာဇဝတ်မှု ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့ပါလျှင် ဥပဒေလုပ်ထုံးအရ သက်ဆိုင်ရာအား အချက်အလက်များကို ပေးအပ်ရမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှ ဆက်သွယ်မှုစည်းမျဉ်းထိန်းသိမ်းရေးဆိုင်ရာကော်မရှင် ဒုတိယညွှန်ကြားရေးမှူး ဇာကီယာဟိုစိန်က ပြောဆိုသည်။

များသောအားဖြင့် ဘာသာရေးလှုံ့ဆော်ခြိမ်းခြောက်မှုများနှင့် နယ်မြေလုံခြုံရေးကိစ္စရပ်များတွင် အစိုးရအနေဖြင့် သတင်းအချက်အလက်များ ရှာဖွေရကြောင်း၊ Facebook သည် နှစ်ဆန်းပိုင်းတွင် တုန့်ပြန်မှုနည်းသော်လည်း ယခုအခါ မေးမြန်းသည်တို့ကို ကောင်းမွန်စွာ ဖြေကြားလျှက်ရှိကြောင်း ဟိုစိန်က ဖြည့်စွက်ရှင်းပြသည်။

ကမ္ဘာ့အကြီးဆုံးလူမှုမီဒီယာကုမ္ပဏီကြီးသည် ၂၀၁၅ ခုနှစ်၏ ဒုတိယနှစ်ဝက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ တောင်းဆိုမှုကို ပထမဆုံးအကြိမ်အဖြစ် တုံ့ပြန်ခဲ့သည်။ တောင်းဆိုမှုအရေအတွက်သည် ၂၀၁၃-၂၀၁၆ တွင် ၁၂ မှု အောက်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ တွင် ၄၄ နှင့် ၂၀၅ မှု အသီးသီး ဖြစ်ကြသည်။

၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရက Facebook သို့ တောင်းဆိုမှု -၁-မှုသာ ပြုလုပ်ခဲ့သည်။ ၂၀၁၄-ခုနှစ်တွင် ၇ မှု သို့ တိုးမြင့်လာခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၃ – မှုသို့ ပြန်လည် ကျဆင်းသွားသည်။

ကယ်လီဖိုးနီးယားအခြေစိုက်နည်းပညာကုမ္ပဏီကြီတွင် းပလက်ဖောင်းအသုံးပြုသူ၏ သတင်းအချက်အလက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရှာဖွေသည့် အရေအတွက်မှာ ၂၀၁၆ ခုနှစ်မှစ၍ တိုးပွားလာခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ၁၀-မှု၊ ၂၀၁၇ ခုနှစ်တွင် ၄၄-မှု နှင့် ၂၀၁၈ ခုနှစ်တွင် ၁၅၂-မှု ရှိခဲ့သည်။

၂၀၁၉-ခုနှစ်တွင် ၉၅-မှု သို့ကျဆင်းသွားသော်လည်း ယခုနှစ်တွင် ၂၄၁ – မှုသို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရှိရသည်။

(( လူမှုကွန်ယက်ကြီးတစ်ခုတွင် ဝင်ရောက်ရေးသား/ အသုံးပြုသူတို့သည် ၎င်းပလက်ဖောင်း၏ Community Standard နှင့်အညီ မှန်ကန်စွာ အသုံးပြုခြင်း မရှိ/မရှိ အလွယ်မသိနိုင်ဟု ကျွန်တော်ယူဆမိပါသည်။ ဥပမာအားဖြင့် နိုင်ငံတစ်နိုင်ငံတွင် အဆောက်အအုံတစ်ခု မီးလောင်ရာ အကောင့်တစ်ခုက ဘာသာရေးနှင့် ပတ်သက်သော ရှို့မီးဖြစ်သည်ဟု ရေးသားလွှင့်တင်သည်ဆိုကြပါစို့၊ ၎င်းဖော်ပြချက်မှာ တရားဝင်မီဒီယာ တစ်ခုခုက လွှင့်တင်ခြင်း မဟုတ်လျှင် သက်ဆိုင်ရာ Monitoring Team အနေဖြင့် ဒေသန္တရ Supporting Team ၏ အကူအညီ ရယူ၍သာ မှန်-မမှန် စိစစ်နိုင်သည်။ သီးခြား အကောင့်တစ်ခု၏ ရေးသားချက်အား သတင်းမှားအဖြစ် အလွယ်တကူ ဖျက်ချရန်မှာလည်း ၎င်းတွင် အသုံးပြုသူ၏ ကိုယ်ပိုင်အခွင့်အရေးရှိနေပါသည်။

ထို့ပြင် ဘာသာစကား ခြားနားခြင်းမှာလည်း အလွန်ကြီးမားသော အခက်အခဲတစ်ခုဖြစ်သည်။ ဤတွင် ဒေသအတွင်းမှ သက်ဆိုင်ရာဘာသာစကား ကျွမ်းကျင်သူတို့အား ခန့်ထား၍ ဖြေရှင်းကြကြောင်း သိရှိရပါသည်။ ထိုအခါတွင်လည်း ပြဿနာကြုံရကြောင်း သတင်းများတွေ့ရှိရသည်။

လွန်ခဲ့သော နှစ်များက Facebook မဟုတ်သော အခြားလူမှုကွန်ယက်ကုမ္ပဏီတစ်ခု၏ Policy and Standard Team အလုပ်လုပ်သော ဝန်ထမ်းတစ်စုသည် အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုမှ မွေးမြူထားသော Army ဖြစ်နေသည်။ အဆိုပါနိုင်ငံရှိ အစိုးရပုဂ္ဂိုလ်တစ်ဦးနှင့် ပတ်သက်သော မကောင်းသတင်းများကို ဖြတ်တောက်ခြင်း၊ Hide လုပ်ခြင်း၊ ကြားဝင်တုန့်ပြန်ချေပခြင်းများကို တွင်တွင်ကြီး လုပ်နေခဲ့သည်။ ထိုသို့ Cyber bully လုပ်ရပ်များကို သက်ဆိုင်ရာ ကုမ္ပဏီကြီး ကိုယ်တိုင် မသိရှိခဲ့ဟု ဆိုပါသည်။

နောက်ဆုံး FBI က လာဖမ်းဆီးမှသာ သိရတော့သည်ဟု သတင်းများ ဖတ်ရသည်။ ။ သတင်းဘာသာပြန်သူ ))

#ဘင်္ဂလားဒေ့ရှ်အစိုးရ_Facebook ((( Dhaka Tribune., November 22nd, 2020,” Facebook gets most user data requests from Bangladesh govt in 2020.By: Bilkis Irani.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ )))

https://www.dhakatribune.com/business/2020/11/22/facebook-get-most-user-data-requests-from-bangladesh-govt-in-2020

0

Leave a Reply

Your email address will not be published.