အစ္စရေးကာကွယ်ရေးတပ်မတော်တွင် စစ်ရေးလေ့ကျင့်ခိုက် တပ်ခွဲချင်း လုံးထွေးသတ်ပုတ်ကြ၍ ၂၁-ဦး ဒါဏ်ရာရရှိ။ တပ်သား ၃၀-ခန့် အချင်းချင်းထိုးကြိတ်နပမ်းလုံးကြရာ ၈-ဦး ဆေးရုံရောက်



စစ်ရေးလေ့ကျင့်နေသော အစ္စရေးတပ်မတော်တွင် တပ်တွင်းစားရိပ်သာ၌ မည်သူအရင် စားမည်ဟု တပ်ခွဲ ၂-ခုတို့အကြား အခြေအတင်စကားများရာမှ ပြင်းထန်စွာလုံးထွေးသတ်ပုတ်ကြသဖြင့် စစ်သား ၂၁-ဦးအထိ ဒါဏ်ရာရရှိစေခဲ့သော ဖြစ်ရပ်မှာ ( တစ်ဦးချင်း စိတ်ရှည် စည်းကမ်းသေဝပ်၍ တစ်သွေး-တစ်သံ-တစ်မိန့် ညီညွတ်ရာတွင် ထင်ရှားသည့် ) အစ္စရေးတပ်မတော်အတွက် ပုံမှန်မဟုတ်သည့် စိုးရိမ်ဖွယ်ကိစ္စဖြစ်သည်ဟု Russia Today က ယနေ့ ရေးသားသည်။ 

တနင်္ဂနွေနေ့ ဟာကီရမ်လေ့ကျင့်ရေးစခန်း၌ အခင်းဖြစ်ပွားခြင်းမှာ အတော်ပင်ပြင်းထန်ပြီး တပ်သားတစ်ဦးက သေနတ်မောင်းဆွဲတင်သည့်အထိ ဖြစ်ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးအား ကိုးကား၍ ဒေသန္တရ သတင်းစာများက ဖော်ပြသည်။ 


လူ ၃၀ ခန့် ပါဝင်၍ မိနစ်အတန်ကြာ လုံးထွေးသတ်ပုတ်ကြရာတွင် ၂၁-ဦး ဒါဏ်ရာရရှိခဲ့သည်။ စစ်သားအများစုကို ဒါဏ်ရာအခြေအနေအရ နေရာ၌ပင် ပြုစုကုသပေးနိုင်ခဲ့ပြီး ၈-ဦးမှာ ( မစိုးရိမ်ရ ) ဒါဏ်ရာဖြင့် ဆေးရုံတင်ခဲ့ရသည်ဆို၏။ 


အစ္စရေးကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်ရာတွင် ပုံမှန်မဟုတ်သည့် စိုးရိမ်ဖွယ်ကိစ္စဖြစ်ကြောင်း၊ အစ္စရေးကာကွယ်ရေးတပ်မတော်၏ ဂုဏ်အင်္ဂါနှင့် မလျှော်ညီပဲ စစ်သည်များတွင် မရှိအပ်သည့် အပြုအမူ ဖြစ်ကြောင်း၊ တပ်ရင်း၏ စုံစမ်းစစ်ဆေးမှုအရ တပ်ဖွဲ့ဝင်များသည် တပ်တွင်းစားရိပ်သာသို့အဝင် တန်းစီရာတွင် အငြင်းပွားရာမှ စတင်ခြင်းဖြစ်ပြီး အဆင့်ဆင့် ကွပ်ကဲမှု ပျက်ကွက်ခဲ့ကြောင်း တွေ့ရှိရသည်ဟု ဖော်ပြသည်။


ဖြစ်စဉ်သည် ထိုမျှနှင့် မပြီးဆုံးပဲ ဒါဏ်ရာရရှိထားသော စစ်သား ၂-ဦးမှာ ဆေးရုံရောက်သည်အထိ အချင်းချင်း သတ်ပုတ်နေကြ၍ အမြန်လူချင်းခွဲထားရသည်ဆို၏။ 


အခင်းဖြစ်ပွားခြင်းကြောင့် တပ်ခွဲ ၂-ခုလုံးအတွက် မူလ သင်တန်းအစီအစဉ်များ ဆိုင်းငံလိုက်သည်။ ၎င်းအစား အစ္စရေးကာကွယ်ရေးတပ်မတော်၏ တန်ဖိုးနှင့် စစ်သည်တို့တွင် ထားရှိရမည့် စိတ်နေသဘောထားဆိုင်ရာ သင်ခန်းစာများကို သင်ယူကြရမည်ဖြစ်သည်။ ညနေခင်းများတွင် တပ်မှူး၏ ရှေ့မှောက်၌ တပ်ခွဲ ၂-ခွဲလုံးကို အတူဆုံတွေ့စေပြီး ချစ်ခင်ရင်းနှီးမှု ပြန်လည်ရယူစေမည်ဖြစ်သည်။ 

သတ်ပုတ်ရာတွင် ကိုယ်ထိလက်ရောက်ပါဝင်ခဲ့သူများနှင့် ၎င်းတို့အား ကွပ်ကဲရန် တာဝန်ရှိသူတို့ကိုမူ ပြင်းထန်စွာ အပြစ်ပေးခံရဖွယ်ရှိကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။ 

#အစ္စရေးကာကွယ်ရေးတပ်မတော် #တပ်ဖွဲ့ဝင်အချင်းချင်းလုံးထွေးသတ်ပုတ်

((( Russia Today., October 12, 2020, “21 Israeli troops injured as two companies turn on each other in brawl at IDF training base.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ် ဘာသာပြန်ဆိုသည်။ ))) 

https://www.rt.com/news/503298-idf-troops-brawl-training-israel/

0

Leave a Reply

Your email address will not be published.