အစ္စရေးက ဂါဇာလခြမ်းနီအဆောက်အအုံအား တိုက်ခိုက်၍ ၂-ဦးသေဆုံးဟု ဆို။ အစ္စရေးကို မထိမှန်သော်လည်း လက်ဘနွန်တောင်ပိုင်းမှ ရော့ကက်ဖြင့် ချိန်ရွယ်ပစ်ခတ်ခြင်းဖြစ်သည်ဟု လက်နက်ကြီးများ ဖြင့် တဲလ်အဗစ် လက်တုန်ြ့ပန်


တနင်္လာနေ့တွင် အစ္စရေးကာကွယ်ရေးတပ်မတော် (IDF) က ဂါဇာအား ထပ်မံတိုက်ခိုက်ခဲ့ရာ အဆောက်အအုံ ၂-ခု ထိမှန်ပျက်စီးခဲ့ရပြီး ပါလက်စတိုင်းလက်နက်ကိုင်အုပ်စု ဟားမတ်စ်တို့ကလည်း အစ္စရေးပိုင်နက်အတွင်းသို့ ဒုံးကျည် ၂၀၀ နီးပါး ပစ်ခတ်ခဲ့သည်ဟု Russia Today က ယနေ့ ရေးသားသည်။

ဂါဇာ စီးပွားရေးအဆောက်အအုံအား အစ္စရေးက တိုက်ခိုက်သဖြင့် လူ ၂-နှစ်ဦးအနည်းဆုံး သေဆုံးပြီး ၁၀-ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းတို့တွင် လူသားချင်းစာနာမှု အကူအညီပေးရေး ကာတာနိုင်ငံအခြေစိုက် လခြမ်းနီအသင်း (QRCS) ရုံးခန်းမှာ ဆိုးရွားစွာ ပျက်စီးသွားကြောင်း သိရှိရသည်။

စောစောပိုင်း အစ္စရေး၏ ကြေညာချက်၌ ၎င်းတို့၏ တိုက်ခိုက်မှုတွင် အခြားပစ်မှတ်များနှင့်အတူ ဂါဇာမြောက်ပိုင်းရှိ ဟားမတ်စ်တို့၏ ပြည်တွင်းလုံခြုံရေးဌာနချုပ်လည်း ပါဝင်ကြောင်း ပြိုကျနေသော အဆောက်အအုံ၏ ဗွီဒီယိုမှတ်တမ်းနှင့်တကွ Twitter ၌ လွှင့်တင်ခဲ့သည်။

အစ္စရေး၏ တိုက်ခိုက်မှုတွင် “ခေါင်မိုးဖောက်ဗုံး” ခေါ် အဆောက်အအုံ၏ ခေါင်မိုးမှ ဖောက်ဝင် ဖျက်ဆီးသည့် အရွယ်ပိုမိုသေးငယ်သော ဗုံးအမျိုးအစားကို အသုံးပြုကြောင်း သတင်းထွက်ပေါ်သည်။ အဆိုပါဗုံး မပေါက်ကွဲမီ အတွင်းရှိ နေသူများမှာ ဘေးလွတ်ရာသို့ ရှောင်ရှားရန် အချိန်အနည်းရကြောင်း သိရှိရသည်။

အစ္စရေးစစ်ဘက်က သတင်းထုတ်ပြန်ရာ၌ ရော့ကက်ပစ်စင် ၁၆-ခုကို ဖျက်ဆီးခဲ့ရာ မြေအောက်ပစ်စင် ၁၀-ခု လည်း ပါဝင်ကြောင်း၊ ဟားမတ်စ်အုပ်စု ဋ္ဌာနချုပ်နှင့်အတူ ၎င်းတို့၏ တပ်မှူးများနေအိမ်တို့ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
….
တနင်္လာနေ့တွင် အစ္စရေးတောင်ပိုင်းရှိ အက်ရှ်ကီလွန်၊ အက်ရှ်ဒေါ့နှင့် အခြားမြို့များတွင် လေကြောင်းရန် သတိပေးသံများ ထွက်ပေါ်နေခဲ့ပြီး ပါလက်စတိုင်းတို့က ဂါဇာမှနေ၍ ဒုံးကျည် အစင်းပေါင်း ၁၉၀ ထက်မနည်း ပစ်လွှတ်ခဲ့ကြောင်း၊ အများစုမှာ အစ္စရေး၏ Iron Dome “ သံမဏိအမိုးခုံး “ ခေါ် လေကြောင်းကာကွယ်ရေး စံနစ်က ဖျက်ဆီးနိုင်ခဲ့သည် ဆို၏။

ဒေသခံ ပါလက်စတိုင်းမိသားစုအမြောက်အများကို နှင်ထုတ်သည့် အစီအစဉ်အား ကန့်ကွက်ရာမှ ဂျေရုဆလင်တွင် အကြမ်းဖက်အဓိကရုန်းများဖြစ်ပွားပြီး အစ္စရေးနှင့် ဟားမတ်စ်တို့ ရက်သတ္တ ၁-ပတ်ကျော်မျှ နယ်ခြားဖြတ်ကျော်၍ အပြန်အလှန် ပစ်ခတ်နေခဲ့သည်။

ထိုစဉ်အတောအတွင်း လက်ဘနွန်နိုင်ငံက မိမိတို့နယ်နိမိတ်အတွင်း ဒုံးကျည်များဖြင့် ပတ်ခတ်သည်ဟု အစ္စရေးက အခိုင်အမာ ပြောဆိုပြီးနောက် မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံအား လက်နက်ကြီးများဖြင့် လက်တုန့်ပြန် ပစ်ခတ်သည်ဟု Russia Today က ယနေ့ဖော်ပြသည်။

ရော့ကက်များအားလုံးမှာ အစ္စရေးနိုင်ငံအတွင်း ကျရောက်ခဲ့ခြင်း မရှိသော်လည်း ၆-စင်းမှာ လက်ဘနွန်မှ နိုင်ငံ့မြောက်ပိုင်းသို့ ချိန်ရွယ်ပစ်ခတ်ခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့ ကာကွယ်ရေးတပ်မတော် အမြောက်တပ်များက ရော့ကက်ပစ်လွှတ်ရာနေရာသို့ ပြန်လည်ပစ်ခတ်သည်ဟု IDF က တနင်္လာနေ့ည ၎င်း၏ Twitter စာမျက်နှာ၌ ရေးသားသည်။

မြေထဲပင်လယ်နှင့် လက်ဘနွန်တောင်ပိုင်း ပစ်လွှတ်သည်ဆိုသော ရော့ကက်အရေအတွက်ကို အတိအကျ မသိရသော်လည်း ၃-စင်းမှာ လက်ဘနွန် နိုင်ငံအတွင်းမှ ပစ်လွှတ်ခဲ့သည်ကို ကြွင်းကျန်ခဲယမ်းအထောက်အထားများအရ သိရှိရကြောင်း၊ လက်ဘနွန်စစ်ဘက်အဆိုအရ အစ္စရေးမှ လက်နက်ကြီးဖြင့် ၂၂- ချက်ခန့် ပစ်ခတ်သည်ဆိုသော်လည်း နှစ်ဖက်စလုံးမှ ထိခိုက်ပျက်စီးမှု သတင်းများ မရရှိသေးကြောင်း AFP က ဖော်ပြသည်။

လက်ဘနွန်ရှိ ကုလသမဂ္ဂငြိမ်းချမ်းမှုထိန်းသိမ်းရေးအဖွဲ့ UNIFIL က ပြောဆိုရာတွင်မူ တောင်ပိုင်းနယ်စပ်မြို့ အနီးမှ ရော့ကက်ပစ်လွှတ်သည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လက်ဘနွန်နှင့် အစ္စရေးတပ်မတော်တို့ထံ ဆက်သွယ်၍ နှစ်ဖက်စလုံးက ထိန်းထိန်းသိမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းခဲ့ကြောင်း ဖော်ပြသည်။

လက်ဘနွန်တောင်ပိုင်းသို့ အစ္စရေး၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရန် ၁၉၈၀ ပြည့်နှစ်များတွင်တည်ထောင်ခဲ့သော ဟဇ်ဘိုလာ နိုင်ငံရေးနှင့် ပြည်သူ့စစ်အဖွဲ့ကမူ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုသည်။

#အစ္စရေးလေကြောင်းတိုက်ခိုက်မှု #ဂါဇာအပြည်ပြည်ဆိုင်ရာလခြမ်းနီ #ဟားမတ်စ် #ဟဇ်ဘိုလာ #သံမဏိအမိုးခုံး

(((RT., 17 May, 2021,” Israeli strikes on Gaza hit Red Crescent building, killing 2, aid group says.” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.rt.com/news/524076-israel-hamas-gaza-strikes/
https://www.rt.com/news/524085-idf-shell-lebanon-rockets/

0

Leave a Reply

Your email address will not be published.