အတိတ်က လုပ်ရပ်များကြောင့် ဘာသာဝင်တို့အနေဖြင့် ဒေါသဖြစ်ခွင့်နှင့် ပြင်သစ်ပြည်သူ သန်းချီ၍ သတ်ခွင့်ရှိသည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာပြောဆို။ ပြင်သစ်တွင် လူ ၃-ဦး ရက်စက်စွာ အသတ်ခံရခြင်းအတွက် မဟာသီယာ ဆင်ခြေပေး

 
ကြာသပတေးနေ့တွင် ပြင်သစ်နိုင်ငံတောင်ပိုင်း နိစ့်မြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခု၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်သတ်ခံရပြီး ဓားဖြင့်တိုက်ခိုက်မှုကြောင့် အခြားသူ ၂-ဦး သည် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်၍ အတိတ်က အစုအပုံလိုက်သတ်ဖြတ်ခဲ့မှုများကြောင့် မွတ်စလင်တို့အနေဖြင့် ဒေါသထွက်ခွင့်နှင့် ပြင်သစ်ပြည်သူ သန်းနှင့်ချီ၍ သတ်ခွင့်လည်းရှိကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာဘင်မိုဟာမက်က မှတ်ချက်ပြုလိုက်သည်ဟု ဗြိတိန်အခြေစိုက် Independent က ယနေ့ရေးသားသည်။ 

လွန်ခဲ့သည့် အောက်တိုဘာ ၁၆-ရက်နေ့တွင် ပါရီမြို့အနောက်မြောက်ဖက်ရှိ ဆင်ခြေဖုံးတစ်နေရာ၌ ပြင်သစ်ကျောင်းဆရာ ဆင်မြူရယ်ပက်တီမှာ ၎င်း၏ စာသင်ကျောင်းအပြင်ဖက်တွင် ရက်စက်စွာ ခေါင်းဖြတ်အသတ်ခံခဲ့ရပြီးဖြစ်သည်။ ဆမ်မြူရယ်ပက်တီသည် သူ၏ကျောင်းသားများအား #ရှာလီဟက်ဗ်ဒို သရော်စာမဂ္ဂဇင်းပါ တမန်တော်မိုဟာမက်အား ပြောင်လှောင်သည့် ကာတွန်းပုံကို စာသင်ခန်း အတွင်း ပြသခဲ့ခြင်းကြောင့် ထိုကဲ့သို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ 

စက်တင်ဘာလတွင် ပြန်လည်ထုတ်ဝေခွင့် ရရှိခဲ့သည့် မဂ္ဂဇင်းပါ အငြင်းပွားဖွယ် ကာတွန်းပုံဘက်မှနေ၍ ကာကွယ်ပြောဆိုသည့် ပြင်သစ်သမ္မတမက်ခွန်ကိုလည်း မလေးရှားခေါင်းဆောင် ဟောင်းက ဝေဖန်လိုက်သည် ဆို၏။ ဂိုဏ်းခွဲဝါဒကို တိုက်ဖျက်မည်ဖြစ်ပြီး ယခုအခါ အစ္စလာမ်ဘာသာအနေဖြင့် ကမ္ဘာတစ်ဝှမ်းလုံးတွင် အကြပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း မက်ခွန်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၈ မှ ယခုနှစ်မတ်လအထိ ဝန်ကြီးချုပ်ဖြစ်ခဲ့သည့် မဟာသီယာက ကြာသပတေးနေ့ဖြစ်ပွားသည့် ခရစ်ယာန်ဘုရားကျောင်း သတ်ဖြတ်ခြင်းမျိုးကို မွတ်စလင်တို့က လက်မခံနိုင်သော်လည်း ပြင်သစ်အနေဖြင့် အခြားသူများ ၏ တန်ဖိုးကို မလေးစားကြောင်း ပြသခြင်းဖြစ်သည်ဟု ဆင်ခြေပေးသည်။ 

မက်ခွန်အနေဖြင့် လူယဉ်ကျေးဖြစ်သည်ကို ပြသခဲ့ခြင်းမရှိကြောင်း၊ သရော်စော်ကားသည့် ကျောင်းဆရာကို သတ်ဖြတ်ခြင်းအတွက် မွတ်စလင်များနှင့် အစ္စလာမ်ကို အပြစ်တင်ခဲ့ကြောင်း၊ အစ္စလာမ်သာသနာတွင် ထိုကဲ့သို့ သင်ကြားချက် မရှိကြောင်း၊ ပြင်သစ်တို့သည် ၎င်းတို့၏ သမိုင်းတစ်လျှောက် လူသန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့ရာ အများစုမှာ မွတ်စလင်များဖြစ်ကြောင်း၊ ဘာသာတရား ကိုးကွယ်ယုံကြည်မှု မရှိသူပင်လျှင် ဒေါသဖြစ်လျှင် လူသတ်မိလိမ့်မည်ဖြစ်ကြောင်း၊ ယေဘုယျအားဖြင့် မွတ်စလင်တို့သည် သွေးကြွေးကို သွေးဖြင့် ပေးဆပ်သည့် ဥပဒေသကို လိုက်နာခြင်းမရှိ၊ ကျင့်သုံးခြင်းလည်း မရှိကြောင်း၊ ပြင်သစ်ကမူ ထိုသို့မဟုတ်ကြောင်း၊ ၎င်းအစား အခြားသူများ၏ ခံစားချက်ကို လေးစားရန် သင်ကြားပေးသင့်ကြောင်း မဟာသီယာက ပြောဆိုသည်။ 

ဝန်ကြီးချုပ်ဟောင်း၏ ရေးသားချက်များနှင့်ပတ်သက်၍ Twitter က ဖယ်ရှားပေးရန် တောင်းဆိုမှုများ ကျယ်ပြန့် စွာထွက်ပေါ်ခဲ့သည်။ အသုံးပြုသူအချို့ဆိုလျှင် ၎င်းရေးသားချက်မှာ အကြမ်းဖက်မှုကို လှုံ့ဆော်ပေးနေကြောင်း ဖော်ပြကြသည်။ Followers သန်းကျော်ရှိသည့် ဝန်ကြီးချုပ်ဟောင်းသည် အစုအပုံလိုက် လူသတ်ရန် လမ်းခင်းနေကြောင်း၊ Twitter က ၎င်း၏ စည်းကမ်းချက်များနှင့် မညီညွတ်သည့် ရေးသားချက်များအား တစ်နာရီကျော် ကြာသည်အထိ ဖြုတ်မချပဲ ထားခဲ့သည်ကို နားမလည်နိုင်ကြောင်း ပြန်လှန်ရေးသားကြသည်။ 

မဟာသီယာ၏ ရေးသားချက်များမှာ မက်ခွန်၏ အစိုးရအဖွဲ့နှင့် ပြင်သစ်ပါအဝင်အခြားနိုင်ငံများရှိ မွတ်စလင်တို့အကြား တင်းမာမှု ပြင်းထန်နေခိုက် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

ပြင်သစ်နိုင်ငံတွင် ကြာသပတေးနေ့၌ ဒါးဖြင့်တိုက်ခိုက်မှုကြောင့် လူ ၃-ဦးသေဆုံးဲရာ အစ္စလာမ်အကြမ်းဖက်သမား၏ တိုက်ခိုက်မှု ဖြစ်ကြောင်း သမ္မတအီမန်နူရယ်မက်ခွန်က ပြောဆိုသည်ဟု BBC က ယနေ့ ရေးသားသည်။ 

အခင်းဖြစ်ပွားရာ နိ့စ်မြို့သို့ သွားရောက်ကြည့်ရှုခဲ့သော သမ္မတက ပြင်သစ်အနေဖြင့် မည်သို့မျှ လက်လျှော့ အရှုံးပေးမည်မဟုတ်ပဲ ဘုရားရှိခိုးကျောင်းများနှင့် စာသင်ကျောင်းများအား ကာကွယ်ရန် တပ်ဖွဲ့ဝင်အင်အား ၄,၀၀၀ တိုးမြှင့်ချထားလိုက်ကြောင်း ပြောဆိုသည်။ 

ပြင်သစ်တောင်ပိုင်း နိ့စ်မြို့ရှိ နော့ထရီဒမ်ဘုရားရှိခိုးကျောင်းအတွင်း၌ အသက် ၆၀ အရွယ် အမျိုးသမီးကြီးမှာ ရက်စက်စွာ ခေါင်းဖြတ်အသတ်ခံရပြီး အသက် ၅၅ နှစ်အရွယ်အမျိုးသားကြီးမှ လည်လှီးခံရ၍ သေဆုံးသည်။ အခြားအသက် ၄၄-နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ ဒါးထိုးခံရသော ဒါဏ်ရာများနှင့် ဘုရားရှိခိုးကျောင်းအတွင်းမှ ထွက်ပြေးနိုင်သော်လည်း အနီးရှိ ကော်ဖီဆိုင်ရှေ့အရောက်တွင် လဲကျသေဆုံးသည်။ 

ဒါးဖြင့်တိုက်ခိုက်သူ အသက် ၂၁-နှစ်အရွယ် တူနီရှားနွယ်ဖွား အမျိုးသားအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရပြီး ဒါဏ်ရာပြင်းထန်စွာဖြင့် အရှင် ရမိသည်။ “ အလ္လာဟူ အက္ကဘာ “ ဟု တိုက်ခိုက်စဉ် အော်ဟစ်ခဲ့သူသည် ဗရာဟင်အိုဝီဆာရီအမည်ရှိသူဖြစ်ပြီး အီတလီကြက်ခြေနီအဖွဲ့က ထုတ်ပေးသော အထောက်အထား လက်မှတ် ကိုင်ဆောင်ထားသည်ကို တွေ့ရှိရသည်။ ၎င်းသည် အရှေ့မြောက်မြို့တော် ဘိုဟိုင်လာတွင် နေထိုင်ခဲ့ဖူးကြောင်း ယခုလ စောစောပိုင်းတွင် အီတလီမှတစ်ဆင့် ပြင်သစ်သို့ တရားမဝင်ရောက်ရှိသွားပုံရကြောင်း တူနီရှား သတင်း စာများက ဖော်ပြသည်။ နိ့စ်မြို့သည် ၂၀၁၆-ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့တွင် ဘက်စတီလီပွဲတော်ကျင်းပခိုက် တူနီရှားလူမျိုးတစ်ဦးက ထရပ်ကားဖြင့် ဒလကြမ်းဝင်တိုက်ခြင်းကြောင့် လူ ၈၆-ဦး သေဆုံးခဲ့ရဖူးသည်။ အခင်းဖြစ်ပွားပြီးနောက် ပြင်သစ်တွင် နိုင်ငံတော်အဆင့် အကြမ်းဖက် မှုအရေးပေါ်အခြေအနေပြဋ္ဌာန်းကြောင်း ကြေညာသည်။ 

ကြာသပတေးနေ့တစ်ရက်တည်းမှာပင် ပြင်သစ်နှင့် ဆော်ဒီအာရေးဗီးယားတို့၌ အခြားအကြမ်းဖက်တိုက်ခိုက်မှု ၂-ကြိမ် သီးခြားဖြစ်ပွားကြောင်း တွေ့ရှိရသည်။ ပြင်သစ်တောင်ပိုင်း မွန်ဖာဘက်မြို့တွင် “ အလ္လာဟူအက္ကာဘာ “ ဟု အော်ဟစ်ကာ ရဲများအား ပြောင်းတိုသေနတ်ဖြင့် ခြိမ်းခြောက်သူအား ရဲများက အသေပစ်သတ် ဖမ်းဆီးခဲ့သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံ ဂျက်ဒါးမြို့ တွင် ပြင်သစ်ကောင်စစ်ဝန်ရုံးအပြင်ဘက်၌ လူတစ်ဦးက လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန်ကြိုးစားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း BBC က ဖော်ပြ သည်။ 

#မဟာသီယာ #နိ့စ်အကြမ်းဖက်မှု 

((( Independent., Oct 30, 2020, “Muslims have a right to ‘kill millions of French people’ over past actions, former Malaysian PM suggests.By: Conrad Duncan” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ သတင်းဓါတ်ပုံများမှာ Russia Today မှ ရယူပါသည် ))) 

https://www.independent.co.uk/news/world/europe/muslims-france-malaysian-pm-mahathir-mohamad-macron-charlie-hebdo-b1424838.html 
https://edition.cnn.com/2020/10/29/europe/france-free-speech-charlie-hebdo-nice-analysis-intl/index.html 
https://www.bbc.com/news/world-europe-54729957 
https://www.rt.com/news/504968-terrorism-investigation-tunisia-nice-france/ 
https://www.rt.com/news/504923-malaysia-pm-muslims-kill-french/ 
https://www.rt.com/news/504908-france-vigipirate-terror-attack-nice/ 
https://www.bbc.com/news/world-europe-36801671 
https://www.rt.com/news/504933-macron-nice-attack-islamist-terrorism/ 
https://www.rt.com/news/504932-france-church-two-beheaded/ 
https://edition.cnn.com/videos/world/2020/10/29/nice-france-knife-attack-church-intl-ldn-vpx.cnn

1+

Leave a Reply

Your email address will not be published.