( အောက်တိုဘာ – ၃၁၊ ၂၀၁၉ )
အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ ဘာသာရေးအစွန်းရောက်၊အကြမ်းဖက်ခေါင်းဆောင် အဘူဘေကာအယ်လ်ဘက္ကတာဒီအား စီးနင်းသတ်ဖြတ်စဉ် မှတ်တမ်းဆိုသည်ကို လျှို့ဝှက်အဆင့်အတန်းသတ်မှတ်မှု့အဆင့်လျှော့ချ၍ အမေရိကန်ကာကွယ်ရေးဝန်ကြီးဋ္ဌာနက သတင်းထုတ်ပြန်လိုက်ရာ စစ်ဆင်ရေးအစီအစဉ်အသေးစိတ်ပါရှိသည်ဟု နိုင်ငံတကာမီဒီယာများက ယနေ့ရေးသားသည်။
ဗုဒ္ဓဟူးနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပင်တာဂွန်စစ်ဋ္ဌာနချုပ် စစ်ဆင်ရေးကွပ်ကဲမှုဗဟိုဋ္ဌာန ဗိုလ်ချုပ်ကြီး ကဲနက်ဖရန့်မက္ကင်ဇီက အမှာစကားပြောကြားပြီး ဘက္ကတာဒီပုန်းအောင်းနေရာ အဆောက်အအုံအနီးသို့ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ ချဉ်းကပ်သွားပုံ အဖြူအမည်းဗွီဒီယိုရုပ်သံအား ပြသသည်။
အထူးစစ်ဆင်ရေးတွင် မြေပြင်တပ်ဖွဲ့ဝင်များက အဆောက်အအုံအား ဝိုင်းရံထားစဉ် ရဟတ်ယာဉ်များက ပစ်ခတ်သည်။ ဗွီဒီယိုဖိုင်တစ်ခုတွင် အပြင်ဖက်၌ စုရုံးခုခံလျှက်ရှိသော အစ္စလာမ်မစ်တိုက်ခိုက်ရေးသမားများအား ဝေဟင်မှ ပစ်ခတ်ပုံကို တွေ့မြင်ကြရသည်။
ဘက္ကတာဒီအား အသေဖမ်းဆီးရမိသည်ဟူသော ဖြစ်စဉ်တွင် ဘက္ကတာဒီသည် အဆောက်အအုံနှင့်တွဲလျှက် ရှိသော မြေအောက်ဥမင်လှိုဏ်ခေါင်းမှတစ်ဆင့် ထွက်ပြေးရန်ကြိုးစားခဲ့ပြီး အသေခံဗုံးခွဲခါးပတ်ကို ကိုယ်တိုင်ဖောက်ခွဲခြင်းဖြင့် ၎င်း၏ သား ၂-ဦးနှင့်အတူ သေဆုံးခြင်းဖြစ်သည်ဆို၏။
အဆောက်အအုံအတွင်းတွင် အမျိုးသမီး ၄-ဦး၊ ကလေး ၁-ဦးနှင့် အစ္စလာမ်မစ်တိုက်ခိုက်ရေးသမားများက ခုခံလျှက်ရှိနေသည်။ ၎င်းတို့အား ဒရုန်းနှင့် ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်ပစ်ကူ၊ ဝေဟင်ထောက်ပံ့မှုရယူ၍ မြေပြင်တပ်ဖွဲ့ဝင်များက စီးနင်းနိုင်ခဲ့သည်။ ၎င်းတို့သည် အေးချမ်းစွာ လက်နက်ချအဖမ်းခံရန် ညွှန်ကြားချက်ကို လိုက်နာခြင်းမရှိကြောင်းနှင့် တိုက်ခိုက်ရေးသမား ၂-ဦးကို အသက်ရှင်လျှက် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။
အတွင်းလူများအားထုတ်မှုရယူကာ အရှင် သို့မဟုတ် အသေဖမ်းဆီးရန် ရည်မှန်းထားသော အထူးစစ်ဆင်ရေးအဖွဲ့၏ စီးနင်းမှု့ဖြင့် အကြမ်းဖက်ခေါင်းဆောင်အား တရားမျှတစွာ စီရင်ခဲ့ကြောင်း ဗိုလ်ချုပ်ကြီး မက္ကင်ဇီက ဖြည့်စွက်ပြောကြားသည်။
ဘက္ကတာဒီ၏ ကြွင်းကျန်ရုပ်ကလာပ်မှရရှိသော DNA ကိုစစ်ဆေးရာတွင် ဘက္ကတာဒီ၏ သီးခြားကိုယ်ပိုင် DNA နှင် ထပ်တူပြီး ရုပ်ကလာပ်အစိတ်အပိုင်းများကို မွတ်စလင်ထုံးစံအတိုင်း ၂၄ နာရီမပြည့်မီ ပင်လယ်ပြင်၌ သြင်္ဂိုလ်ခဲ့သည်။
သို့သော် ဖြစ်စဉ် ထပ်တူနီးပါးဖြစ်သော အယ်လ်ကိုင်ဒါခေါင်းဆောင် အိုစမာဘင်လာဒင်အား စီးနင်းသတ်ဖြတ်စဉ် ဖော်ထုတ်ပြောဆိုရန်မသင့်သည့်အချက်အလက်များ ချန်လှပ်ထားရသည်ကို အကျအနကောက်ကာ အိုစမာဘင်လာဒင် မသေသေးကြောင်း ပြောဆိုသူများ ယနေ့တိုင်ရှိနေဆဲဖြစ်သည်။ ယခုလည်း မှတ်တမ်း ရုပ်သံ၏ ကြည်လင်ပြတ်သားမှုအားနည်းသည်ကို သံသယရှိကြသည်။ အချို့ကလည်း ထိုသို့ စီးနင်းနိုင်သည်မှာ ပင်တာဂွန်ခင်းသည့် လမ်းကြောင်းအတိုင်း ဟုတ်-မဟုတ် မေးခွန်းထုတ်လျှက်ရှိကြသည်ဟု သတင်း၌ဆက်လက်ဖော်ပြသည်။
(( ဘက္ကတာဒီ၏ DNA နှင့် ပတ်သက်၍ အနည်းငယ် ရှင်းပြလိုပါသည်။ DNA Test စစ်ဆေးရန် ၎င်း၏ ဆွေမျိုးသားချင်းများထံမှလည်း DNA မှ ရယူနိုင်ပါသည်။ သို့သော် မိတ်ဆွေ၏ သီးခြားကိုယ်ပိုင် Identified DNA နှင့် တခြားလူတစ်ယောက်၏ DNA တစ်ထပ်တည်းမတူပါ။ ဥပမာ မိတ်ဆွေ၏ သားသမီး/ ဆွေမျိုးများသည် မိတ်ဆွေနှင့် DNA တူခြင်းရှိနိုင်ပါသည်။ မိတ်ဆွေ၏ကိုယ်ပိုင် Identified DNA မှာမူ ကမ္ဘာပေါ်တွင် မိတ်ဆွေမှလွဲ၍ ၂-ယောက် မရှိနိုင်ပါ။ အိုစမာဘင်လာဒင်၏ DNA ကို ၎င်း၏ မွေးချင်း ညီအကိုမောင်နှမများထံ မှရရှိကြောင်း ဖတ်ရဖူးသည်။
ဘက္ကတာဒီမသိပဲ ၎င်း၏ကိုယ်ပိုင် Identified DNA ကို ရနိုင်လားဆိုလျှင် ရနိုင်မည်ဟုထင်ပါသည်။ Jurasic Park ရုပ်ရှင်၌ ပယင်းတုံးအတွင်း ခြင်၏ မပျက်စီးသေးသော ဒိုင်နိုဆော DNA ကို ဖားပြုတ် DNA နှင့် ပေါင်းစပ် တည်ဆောက်ခြင်းဖြင့် ဒိုင်နိုဆောကို ပြန်လည်မွေးဖွားနိုင်ကြောင်းသီအိုရီကို တွေ့ရှိရပါသည်။
လူနှင့် ချင်ပန်ဇီမျောက်တွင် DNA တစ်ခုသာ ကွာသည်ပြောကြရာ၌ လူအားလုံး ချင်ပန်ဇီအားလုံး DNA တစ်ခုစီ ကွာကြခြင်း၌ တူညီကြသည်ကို ဆိုလိုသည်။ လူတစ်ယောက်၊ ချင်ပန်ဇီတစ်ကောင်စီချင်းစီတွင်မူ ကိုယ်ပိုင် Identified DNA သီးခြားရှိကြပြီး တစ်ထပ်တည်းတူညီသော လူ၊ ချင်ပန်ဇီဟူ၍ မရှိပါ။ ယခုရှင်းပြချက်ကို ဘဝင်မကျ ရှိခဲ့လျှင် ကျွန်တော်၏ အားနည်းချက်ကြောင့်သာ ဖြစ်ကြောင်း ဝန်ခံပါသည်။ ။ သတင်းဘာသာပြန်သူ ))
#အဘူဘေကာအယ်လ်ဘက္ကတာဒီ #စီးနင်းသတ်ဖြတ်ပုံရုပ်သံအသေးစိတ် #အမေရိကန်သတင်းထုတ်ပြန်
((( Russia Today., 30 Oct, 2019, “‘Brought to juီstice’: Pentagon declassifies al-Baghdadi raid VIDEO & DETAILS, confirms ISIS leader’s mutilated body buried at sea.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
