အဘူဘေကာအယ်လ်ဘက္ကတာဒီသေဆုံးပြီဆိုခြင်းမှာ ဒေါ်နယ်ထရမ့် အပြောသာတွေ့ရ၍ အတည်ပြုနိုင်ခြင်းမရှိဟု ကုလသမဂ္ဂပြောဆို။ အိုင်စစ်ခေါင်းဆောင်ရုပ်အလောင်းအား ပင်လယ်ပြင်၌ သြင်္ဂိုလ်

အဘူဘေကာအယ်လ်ဘက္ကတာဒီသေဆုံးပြီဆိုခြင်းဟု အမေရိကန်သမ္မတ၏ ပြောဆိုချက်မှာ ယုံကြည်ဖွယ်ရှိသော်လည်း သက်သေပြရန် ပျက်ကွက်လျှက်ရှိခြင်းကြောင့် ကုလသမဂ္ဂအနေဖြင့် အတည်ပြုရန် ခက်ခဲကြောင်း ကုလအကြီးတန်းအရာရှိတစ်ဦးက ပြောဆိုသည်ဟု Russia Today က ယနေ့ရေးသားသည်။ 


ဒေါ်နယ်ထရမ့်၏ သတင်းထုတ်ပြန်ချက်ကို လေ့လာခဲ့သော ကုလသမဂ္ဂအကြမ်းဖက်အုပ်စုများ စောင့်ကြည့်ရေးအဖွဲ့က ဘက္ကတာဒီ၏ ကံကြမ္မာနှင့်ပတ်သက်၍ အမေရိကန်အစိုးရနှင့် အခြားပါဝင်ပတ်သက်သည့်အဖွဲ့အစည်းများအား မေးခွန်းများ ပေးပို့မေးမြန်းထားကြောင်း၊ အကဲဆတ်လွန်းသည့်အကြောင်းအရာတွင် ၎င်းတို့အနေဖြင့် ကိုယ်ဘက်ပိုင်းသာ သေချာလွန်းနေပုံရကြောင်း စောင့်ကြည့်ရေးအဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ဝင် ဗြိတိသျှ သံတမန်က RIA Novosti သတင်းအေဂျင်စီနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။ 


လွန်ခဲ့သည့် တနင်္ဂနွေနေ့ ဒေါ်နယ်ထရမ့်၏ သတင်းထုတ်ပြန်ချက်၌ ဆီးရီးယားအနောက်မြောက်ပိုင်းတွင် အမေရိကန်အထူးတပ်ဖွဲ့နှင့် လေကြောင်းချီအဖွဲ့က ရဲဝံ့စွန့်စားသော စစ်ဆင်ရေးတစ်ရပ်ဖြင့် အယ်လ်ဘက္ကတာဒီအား သုတ်သင်ပြီးဖြစ်ကြောင်း ပါရှိသည်။ ဘက္ကာတာဒီသည် ပုန်းအောင်းနေရာမှ ဥမင်လှိုဏ်ခေါင်းအတွင်း ထွက်ပြေးပြီး လွတ်လမ်းမမြင်သည့်အခါ ကိုယ့်ကိုယ်ကို ဗုံးခွဲသတ်သေခဲ့ကြောင်း၊ ရုပ်အလောင်းသည် တစ်စစီ ဖြစ်သွားပြီး ပြိုကျသော မြေစာများဖြင့် ဖုံးလွှမ်းသွားခဲ့ကြောင်း၊ ရုပ်အလောင်းအစိတ်အပိုင်းများအား DNA စစ်ဆေးချက်အရ အဘူဘေကာအယ်လ်ဘက္ကတာဒီ အမှန်ပင်သေဆုံးပြီဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ရှင်းလင်းခဲ့သည်။ 

  
စောစောပိုင်း ဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြားစဉ် စီးနင်းပုံဗွီဒီယိုကို လွှင့်ထုတ်ပေးမည်ဟု ကတိပြုသည်။ သို့သော် ပင်တာဂွန်၏ ဘက္ကတာဒီ၏ ရုပ်ကြွင်းအား ပင်လယ်ပြင်၌ သြင်္ဂိုလ်သည့်အခါ မည်သည့် ဓါတ်ပုံ၊ ဗွီဒီယိုမျှ လွှင့်ထုတ်ရန်မရှိကြောင်း ပင်တာဂွန်က ငြင်းဆိုသည်။

  
အမေရိကန်အထူးတပ်ဖွဲ့ဝင်များနှင့် လေကြောင်းချီအဖွဲ့တို့ဝင်ရောက်စီးနင်းသည်ဆိုသော ဘာရီရှာရွာသည် ဆီးရီးယားအနောက်မြောက်ပိုင်း အိုင်ဒဲလ်ဗ်ခရိုင်တွင်တည်ရှိ၍ ရုရှား၏ ခါမိုင်မင် လေတပ်အခြေစိုက်လေကြောင်း ကင်းထောက်ဇုံအတွင်း ကျရောက်သည်။ အမေရိကန်တို့ ဝေဟင်မှ ချဉ်းကပ်လာပြီး စီးနင်းသည်ဆိုသော်လည်း ရေဒါကင်းထောက်မှတ်တမ်းတွင် တစ်စုံတစ်ရာ မတွေ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုသည်။ အမေရိကန်ကမူ ရုရှားက ဆီးရီးယားဝေဟင် ကာကွယ်ရေးစံနစ်ဖွင့်ပေးခြင်းဖြင့် ဘက္ကတာဒီအားလုပ်ကြံရာ၌ အကူအညီပေးခြင်းကြောင့် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်။ 


၂၀၁၇-ခုနှစ်ကတည်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဆုငွေ ဒေါ်လာ ၂၅ သန်း ထုတ်ပြန်ခြင်းခံရသူ အိုင်စစ်အစွန်းရောက် အကြမ်းဖက်ခေါင်းဆောင်သည် သေဆုံး-အပြင်းအထန်ဒါဏ်ရာရရှိသွားကြောင်း သတင်းများ အကြိမ်ကြိမ်ထွက်ပေါ်ခဲ့ရာ၌ ရုရှားနိုင်ငံ၏ ထုတ်ပြန်ချက်လည်း ပါဝင်သည်။ 


ဘက္ကတာဒီ၏ ကြွင်းကျန်ရုပ်ကလာပ်ကို သတ်မှတ်ထားသော ပင်လယ်ပြင်၌ သြင်္ဂိုလ်ပြီးဖြစ်ကြောင်း ပင်တာဂွန် က ယမန်နေ့ သတင်းထုတ်ပြန်သည်။ သို့သော် အိုစမာဘင်လာဒင်အား စီးနင်းလုပ်ကြံစဉ်ကကဲ့သို့ အထောက်အထား ဓါတ်ပုံ၊ ရုပ်သံများ ဖော်ပြခြင်းမပြုချေ။ အထူးလျှို့ဝှက်အဆင့် သတ်မှတ်ထား၍ သက်သေအခိုင်အလုံကို လျှို့ဝှက်အဆင့်လျှော့ချသည့်အခါမှသာ အများသိရှိနိုင်ဖွယ်ရှိကြောင်း ပြောဆိုသည်။ ဒေါ်နယ်ထရမ့်ကမူ အိုင်စစ်တို့တွင် ခေါင်းဆောင်အသစ် တင်မြှောက်ခြင်းသည်ပင်လျှင် ဘက္ကတာဒီမရှိတော့ကြောင်း အထောက် အထားတစ်ရပ်အဖြစ် ပြောဆိုသည်။ 

  

  
((( Russia Today., 28 Oct, 2019 , “‘All we have are Trump’s words’: UN isn’t confirming elimination of IS chief al-Baghdadi.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက် နှုတ်ဘာသာပြန်ဆိုသည်။ ))) 


https://www.rt.com/news/472073-baghdadi-isis-un-us/ 
https://www.rt.com/op-ed/472049-baghdadi-trump-proof-death/ 
https://www.rt.com/news/471982-trump-isis-baghdadi-death-coward/ 

1+

Leave a Reply

Your email address will not be published.