သမ္မတအာဒိုဂန်က နိုင်ငံအတွင်းသို့ အမေရိကန်ကျောထောက်နောက်ခံပြု ကာ့ဒ်စစ်သွေးကြွများ ကျူးကျော်စစ်ဆင်ဖွယ်ရှိသည်ဟု ပြောကြားပြီးနောက် ဆီရီးယားမြောက်ပိုင်းသို့ တူရကီတပ်များအလုံးအရင်းဖြင့် ဝင်ရောက်အားဖြည့်သည်ဟု Russia Today က ယနေ့ရေးသားသည်။
တူရကီရုပ်သံက လွှင့်ထုတ်ရာတွင် စစ်ဖက်ကားတန်းရှည်ကြီးကို တွေ့မြင်ကြရသည်။ တူရကီနှင့် ဆက်စပ်နေသော ဆီးရီးယားနယ်မြေတလျှောက်၌ “ Safe Zone “ တည်ဆောက်ရန်ပြင်ဆင်သည့်အနေဖြင့် မိမိတို့တပ်ဖွဲ့များ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ တတ်နိုင်သရွေ့ ယနေ့ သို့မဟုတ် နံနက်ဖန် စစ်ဆင်ရေးစတင်ဖွယ်ရှိသည်ဟု တူရကီတပ်မှူးက အတည်ပြုသည်။
နိုင်ငံ့တောင်ပိုင်းနယ်စပ်မြု့ ိ အက်ကာကာလီအား ဖြတ်ကျော်၍ ဆီးရီးယား တယ်လ်အဗရတ်သို့ စေလွှတ်ကြောင်း တူရကီ TRT ရုပ်သံက ကြေညာရာ စစ်ဖက်ယာဉ်အများအပြား၊ စစ်သုံးဘတ်စ်ကားများနှင့် အသင့်ရှိနေသော ရဟတ်ယာဉ်များကို ဖော်ပြသည်။
စစ်ဘေးရှောင်များ ဆီးရီးယားမြောက်ပိုင်းသို့ ပြန်လည်ဝင်ရောက်ရာတွင် အထောက်အကူဖြစ်စေရေး “ ငြိမ်းချမ်းရေးစြင်္ကန် “ တည်ဆောက်ရန် အမေရိကန်နှင့် တူရကီတို့က သြဂုတ်လတွင် သဘောတူခဲ့ကြပြီး ဖြစ်သည်။ သို့သော် ဒေါ်နယ်ထရမ့်က တည်ဆောက်လိုသည့် “ Safe Zone “ ဆိုသည်မှာ တူရကီအတွက်မဟုတ်ပဲ အကြမ်းဖက်အုပ်စုများအတွက်သာဖြစ်သည်ဟု အာဒိုဂန်က ထုတ်ဖော်ပြောကြားသောအခါမှသာလျှင် တူရကီ-အမေရိကန်ပူးတွဲ ကြည်း-လေ ကင်းလှည့်လည်ရေးဆိုသည်မှာ ညအိပ်ယာဝင်ပုံပြင်အဖြစ် အဆုံးသတ် သွားခဲ့ရပြန်သည်။
ဆီးရီးယားအချုပ်အခြာအာဏာပိုင်ဆိုင်မှုအား ချိုးဖောက်ရာရောက်သည့် ဆီးရီးယားနယ်မြေအတွင်း ပူးတွဲ သို့မဟုတ် တစ်ဖက်သပ် ပြောင်ပြောင်တင်းတင်း စစ်ရေးဆောင်ရွက်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း တူရကီရော အမေရိကန်ပါ ဆီးရီးယား အာဆတ်အစိုးရအား အသိပေးခြင်း တစ်ကြိမ်မျှပင် မရှိခဲ့ချေ။
(( ဆီးရီးယားသည် ကုလသမဂ္ဂအဖွဲ့ဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သော်လည်း နိုင်ငံ့မြေပေါ်တွင် နိုင်ငံတကာလက်နက်ကိုင်တပ်များ ထင်တိုင်းကြဲလျှက်ရှိသည်။ တစ်ချိန်က လူ့ယဉ်ကျေးမှုအစ စာပေရေးသား ခြင်းကို တီထွင်ခဲ့ကြဖူးသည့် နိုင်ငံသားတို့သည် လူသန်းချီကာ စစ်ဘေးဒုက္ခသည်ဖြစ်ရပြီး နှစ်ထောင်ချီ တည် ရှိခဲ့သည့် သမိုင်းဝင်ယဉ်ကျေးမှုအဆောက်အအုံများ မြေမုှန်ဖြစ်ခဲ့ရသည်။ စစ်၏သဘောတွင် စမိလျှင် မမျှော်လင့်ပဲ ကျယ်ပြန့်တတ်ကြောင်း ၈-နှစ်ကျော်လာပြီဖြစ်သော ဆီးရီးယားပြည်တွင်းစစ်က နိုင်ငံတကာ ပြည်သူတို့အား သတိပေးသကဲ့သို့ ရှိနေပါသည်။ ။ သတင်းဘာသာပြန်သူ ))
((( Russia Today., 6 Oct, 2019, “Turkish troops & armored vehicles amass at Syrian border after Erdogan announces IMMINENT incursion (PHOTOS, VIDEOS).” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))
https://www.rt.com/news/470294-turkey-syriam-border-reinforcements/
https://www.rt.com/news/470264-turkey-ready-operations-syria/