အမေရိကန်စစ်ဖက်ယာဉ်တန်းများ အီရတ်မှ နယ်စပ်ဖြတ်ကျော်၍ ဆီးရီးယားသို့ ဝင်ရောက်။ ရေနံတွင်းများကို ကာကွယ်ရန်ဟုဆိုကာ ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံ၏ အရှေ့ပိုင်းသို့ အမေရိကန်တို့ ပြန်လည်ဝင်ရောက်နေ

အရေအတွက် ၁၈-စီးခန့်ပါဝင်သည့် အမေရိကန်စစ်ဖက်ယာဉ်တန်းမှာ အီရတ်နယ်နိုင်ငံ ရမ်မိုင်လန်မြို့မှတဆင့် နယ်စပ်ကိုဖြတ်သန်း၍ ပြည်တွင်းစစ်ကြောင့် ယိုယွင်းပျက်စီးလျှက်ရှိသည့် ဆီးရီးယားနိုင်ငံ ကွမ်မစ်ရှ်လီမြို့ဆီသို့ ဝင်ရောက်သွားသည်ကို တွေ့မြင်ရကြောင်း CNN က ယမန်နေ့သတင်းပေးပို့သည်။

CNN ထုတ်လွှင့်သော သတင်းရုပ်သံတွင် ရမ်မန်လန်မြို့အနီး အမေရိကန်သံချပ်ကာယာဉ်များနှင့် ထရပ်ကားများကို တွေ့မြင်ကြရသည်။ စနေနေ့ နံနက်စောစောပိုင်းတွင် အမေရိကန်တပ်များဖြတ်သန်းသွားကြကြောင်း ( အမေရိကန်ဖွဲ့စည်းပေးခဲ့သည့် ကာ့ဒ်လက်နက်ကိုင် ) ဆီးရီးယားဒီမိုကရက်တစ်တပ်နှင့် ကာဒစ်ဒေသန္တရအစိုးရ နယ်ခြားတာဝန်ရှိသူများက အတည်ပြုသည်။

ကွမ်မစ်ရှ်လီမှ ဒါရ်အီဇိုမြို့အထိ အနီးတစ်ဝှိုက်တွင်တည်ရှိသော ရေနံတွင်းများကို ကာကွယ်ရန် ဒေါ်နယ်ထရမ့်၏ အမိန့်အရ သံချပ်ကာယာဉ် တစ်ဒါခန့်ကို ရွှေ့ပြောင်းလျှက်ရှိကြောင်း အမေရိကန်စစ်ဖက်က ပြောဆိုသော်လည်း မြေပြင်တပ်များလှုပ်ရှားမှုနှင့်ပတ်သက်၍ လုံခြုံရေးအရ အသေးစိတ်ဖြေဆိုနိုင်ခြင်းမရှိကြောင်း ပင်တာဂွန်က ငြင်းပယ်သည်။

ဆီးရီးယားတွင် အမေရိကန်ပြည်ထောင်စုက အရေးယူကိုင်တွယ်မှုအချို့ရှိနေကြောင်း၊ အိုင်စစ် ( ISIS, IS ) တို့ လက်သို့ ရေနံတွင်းများကျရောက်သွားခြင်းမှ ကာကွယ်ရန် အရှေ့ပိုင်း ဒါရ်အီဇိုဒေသတစ်ဝှိုက်တွင် ယန္တယားတပ်များအပါအဝင် အမေရိကန်က အင်အားဖြည့်တင်းလျှက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး မတ်ခ်အက်စ်ပါက ဘယ်လ်ဂျီယန်နေတိုးစစ်ဌာနချုပ်၌ ပြောဆိုပြီးနောက် ယခုကဲ့သို့ တပ်ရွှေ့ပြောင်းမှုများ တွေ့မြင်ရခြင်း ဖြစ်သည်ဆို၏။

အိုင်စစ်တို့က ရေနံတွင်းများ လက်ရောက်ရရှိသွားခဲ့လျှင် ဒေသတွင်း၊ ဥရောပနှင့် အမေရိကန်ကို တိုက်ခိုက်လာနိုင်သည့်အတွက် ရေနံမြေအတွင်း အိုင်စစ်တို့ ဝင်ရောက်မည့်အရေးအား အမေရိကန်က လုံးဝလက်မခံနိုင်ကြောင်း အက်စ်ပါက ပြောဆိုသည်။

လွန်ခဲ့သည့် ရက်သတ္တပတ်က “ ကျွန်တော်တို့ စစ်သားတွေကို အိမ်ပြန်ခေါ်ရမည့် အချိန်ရောက်နေပါပြီ “ ဟု ဒေါ်နယ်ထရမ့်က ကိန်းကြီးခန်းကြီး ကြေညာခဲ့စဉ် မဟာမိတ်ဖြစ်သူ ကာ့ဒ်တို့ကို တူရကီထိုးစစ်ဆင်ခံရမည့် ဘေးမှ လစ်လျု့ရှု့ရာရောက်ကြောင်း၊ အချိန်ယူချေမှုန်းခဲ့ရသော အိုင်စစ်တို့တစ်ဖန်ခေါင်းထောင်လာနိုင်ကြောင်း စစ်ဖက်အကြံပေးတို့က ဖြောင့်ဖျခဲ့သည်ဟု Russia Today က ယမန်နေ့ရေးသားသည်။

ဆီးရီးယားရှိရေနံတွင်းများအား စိုးမိုးထားရလိမ့်မည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က လွန်ခဲ့သည့် ကြာသပတေးနေ့ ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားထားကြောင်း တွေ့ရှိရသည်။

(( ရခိုင်စုံစမ်းရေးကော်မတီဥက္ကဋ္ဌ ကုလအထွေထွေအတွင်းရေးမှူးဟောင်း ကိုဖီအာနမ်က သူ၏အစီရင်ခံစာတွင် “ မူးယစ်ဆေးဝါး “ အကြောင်း ထည့်သွင်းထားသည်ကို ကျွန်တော်အမှတ်ရပါသည်။ ယနေ့ မြန်မာနိုင်ငံမှ ထုတ်လုပ်သော စိတ်ကြွရူးသွပ်ဆေးဝါးများသည် နိုင်ငံတကာက အာရုံစိုက်လောက်သည့် ပမာဏဖြစ်လာသည်။ တစ်ပြိုင်တည်းမှာပင် အိမ်နီးချင်းနိုင်ငံ၏ စွမ်းအင်ထောက်ပံ့ရေး အသက်သွေးကြောတစ်ခုဖြစ်သော ရေနံပိုက်လိုင်း ဖြတ်သန်းရာတစ်လျှောက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။

ကျွန်တော်တို့က နိုင်ငံတကာထိ မူးယစ်ဆေးပြန့်နှံ့ခြင်းကိုသော်၎င်း၊ မိုင်ပေါင်း ရာချီသည့် ရေနံပိုက်လိုင်း လုံခြုံရေးကိုသော်၎င်း ကာကွယ်ရန် အလားအလာ ရှိ-မရှိ။ ထိုနှစ်ခု နှစ်ပင်လိမ်လျှက်ရှိ-မရှိ သက်ဆိုင်ရာနိုင်ငံများက ချိန်ဆနေလောက်ပြီဟု ကျွန်တော် သာသာထိုးထိုး စိုးရိမ်မိသည်။ ပို၍ အရေးကြီးသည်မှာ တစ်မျိုးသားလုံး လူညွန့်တုံးခြင်းနှင့် အမျိုးသားအကျိုးစီးပွား၊ အမျိုးသားဂုဏ်သိက္ခာဖြစ်သည်။

ဘားရက်အိုဘားမားသည် အမေရိကန်သမ္မတဖြစ်၍ ဘာမှမကြာသေးခင် ၂၀၀၉-ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရရှိသည်။ ထိုမှ ၉-လအကြာ အာဖဂန်နစ္စတန်အား ဗုံးကြဲရန် အိုဘားမားက အမိန့်ပေးသည်။ ကန်ဒတ်နယ်မြေတစ်လျှောက် ဗုံးမိုးရွာခဲ့စေရာ ဒုက္ခသည်များအား ဆေးဝါးကုသစောင့်ရှောက်မှု့ပေးနေသည့် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF စခန်းများပါ ရောပါသွားတော့သည်။

ဆီးရီးယားမှ တပ်ဖွဲ့ဝင်များ ရုတ်သိမ်းရေးနှင့် ပတ်သက်၍ ဒေါ်နယ်ထရမ့် ဆုတ်ချည်-တက်ချည်ဖြစ်သည်မှာ ယခုအကြိမ်နှင့်ဆိုလျှင် နှစ်ခါရှိချေပြီ။ အိုဘားမားသည် ဗီယက်နမ်စစ်ပြီးဆုံးသွား၍ စစ်ထဲ မဝင်လိုက်ရသူဖြစ် သည်။ ဒေါ်နယ်ထရမ့်မှာ နယူးယောက်စစ်ရေးအကယ်ဒမီဘော်ဒါတွင် တက်ရောက်သင်ယူခဲ့သော်လည်း ဗီယက်နမ်စစ် စစ်မှု့ထမ်းဆင့်ခေါ်ခြင်းကို ၄-ကြိမ်တိုင် ပျက်ပြားခဲ့သူဟုဆိုသည်။

သို့သော် အိုဘားမားနှင့် ဒေါ်နယ်ထရမ့်တို့၏ နိုင်ငံ့အပေါ် မျှော်မြင်တတ်မှု့နှင့် ခေါင်းဆောင်မှု့အရည်အသွေးကို အမေရိကန်ပြည်သူတို့က သမိုင်းမော်ကွန်းတင်မည်ဖြစ်လေသည်။ ။ သတင်းဘာသာပြန်သူ ))

((( အောက်တိုဘာ – ၂၇၊ ၂၀၁၉၊ October 26, 2019, “ US military vehicles cross into Syria.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://edition.cnn.com/2019/10/26/politics/us-military-syria-oil-field/index.html

https://www.rt.com/news/471875-us-send-troops-syria-oil/

https://www.independent.co.uk/news/world/middle-east/nobel-peace-prize-what-barack-obamas-role-in-the-kunduz-bombing-means-for-the-world-s-most-a6689126.html

https://www.telegraph.co.uk/news/2016/08/02/how-donald-trump-avoided-the-draft-during-the-vietnam-war/

1+

Leave a Reply

Your email address will not be published.