အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ ဒုတိယတပ်မှူးအား အီရန်နိုင်ငံတွင် လုပ်ကြံ ခဲ့သူများမှာ အစ္စရေးထောက်လှမ်းရေးတို့ဖြစ်ကြောင်း စွပ်စွဲခံရ။ လျှို့ဝှက်လုပ်ကြံမှုများနှင့် ကမ္ဘာကျော်ထောက်လှမ်းရေးတို့၏ ကြောင်လက်သည်းဝှက်


လွန်ခဲ့သည့် သြဂုတ်လက အီရန်နိုင်ငံတွင် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏ ဒုတိယတပ်မှူးဖြစ်သူအသတ်ခံလိုက်ရခြင်းမှာ အစ္စရေးထောက်လှမ်းရေးတို့၏ လက်ချက်ဖြစ်ကြောင်း၊ သို့ရာတွင် အဆိုပါထူးခြားဆန်းကြယ်စွာ လုပ်ကြံသတ်ဖြတ်မှုတွင် အခြားသော နိုင်ငံတကာသူလျှိုအဖွဲ့အစည်းများလည်း ပါဝင်ပတ်သက်ခဲ့ကြောင်း ထောက်လှမ်းရေးသတင်းမြစ်များအား ကိုးကား၍ New York Times က ဖော်ပြသည်ဟု Russia Today က ယနေ့ရေးသားသည်။ 

  
လွန်ခဲ့သည့် ၃-လက အီရန်နိုင်ငံ တီဟီရန်မြို့၏ လမ်းမပေါ်တွင် အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့၏တပ်မှူးဖြစ်သူ အဘူမိုဟာမက် အယ်လ်မတ်ဆရီနှင့် သမီးဖြစ်သူတို့ကို အစ္စရေးလုပ်ကြံသူတို့က သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးတို့အနေဖြင့် အမေရိကန်၏ မေတ္တာရပ်ခံချက်အရ လုပ်ကြံသတ်ဖြတ်ရခြင်းဖြစ်ကြောင်း အများသိရှိကြသော်လည်း အီရန်အာဏာပိုင်များက အယ်လ်မတ်ဆရီ အသတ်ခံရသည့်သတင်းကို အမှောင်ချ ထားခဲ့ကြောင်း၊ ယုတ်စွအဆုံး အယ်လ်ကိုင်ဒါအဖွဲ့ကိုယ်တိုင်ကလည်း ၎င်းတို့အဖွဲ့ကြီးအား တည်ထောင်ရာတွင် ပါဝင်ခဲ့သူ သေဆုံးကြောင်းကို ဖုံးကွယ်ထားခဲ့သည်ဟု NYT က သောကြာနေ့တွင် ရေးသားခဲ့သည်ဆို၏။ 

  
သြဂုတ်လ ၇-ရက်နေ့ ညနေပိုင်းတွင် အဗ္ဗဒူလာအာမက်အဗ္ဗဒူလာ, a.k.a ခေါ် အဘူမိုဟာမက် အယ်လ်မတ်ဆရီနှင့် သမီး မီရီယန်တို့သည် ၎င်းတို့၏ အဖြူရောင် ရေးနော့ ကားဖြင့် စီးနင်းသွားလာနေခိုက် အစ္စရေးလုပ်ကြံ သူ ၂-ဦးက မော်တော်ဆိုင်ကယ်ဖြင့် ဘေးချင်းယှဉ်လိုက်လာပြီး သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အသံတိတ်ကိရိယာ တပ်ဆင်ထားသည့် ပစ္စတိုဖြင့် ၅-ချက်ဆင့် ပစ်ခတ်ရာတွင် ၄-ချက်မှာ ပစ်ခတ်ခံရသူတို့အား ပွဲချင်းပြီး သေဆုံးစေခဲ့ကြောင်း သတင်းရင်းမြစ်များအရ သိရှိရသည်။ 

  
အဗ္ဗဒူလာသည် ယီမင်တွင် အကြမ်းဖက်အုပ်စုဝင်များက ပြန်ပေးဆွဲထားသော သံတမန်များနှင့် အကျဉ်းသားချင်း လဲလှယ်သည့် အစီအစဉ်အရ အီရန်နိုင်ငံ၏ ဖမ်းဆီးခံထားရခြင်းမှ လွတ်မြောက်လာခဲ့သူဖြစ်သည်။ ၂၀၁၅-ခုနှစ်မှ စတင်ကာ သမီးဖြစ်သူနှင့်အတူ တီဟီရန် မြို့တော် ပက်ဒါရန်ရပ်ကွက်တွင် လွတ်လပ်စွာနေထိုင်ခဲ့သည်။ မုဆိုးမတစ်ဦးဖြစ်သူ မီရီယန်သည် 9/11 အကြမ်းဖက်မှုတွင် ကြိုးကိုင်သည်ဟု စွပ်စွဲခြင်းခံရသူ အိုစမာဘင်လာဒင်၏ သား ဟမ်ဇာဘင်လာဒင်၏ ကျန်ရစ်သူ ဇနီးဖြစ်သည်။ အဗ္ဗဒူလာက မွေးစားခဲ့သူ ဘင်လာဒင် အငယ်ခေါ် ဟမ်ဇာဘင်လာဒင်သည် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံနယ်စပ်တစ်နေရာ၌ အမေရိကန်၏ လေကြောင်းမှတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဟု မှတ်ယူရသည်။ 


ယမန်နေ့အထိ အမေရိကန် FBI ၏ အလိုရှိဆုံး စာရင်းဝင်တစ်ဦးအဖြစ် ဒေါ်လာ ၁၀-သန်း ဆုငွေ ထုတ်ခံထားရသူ အဘူမိုဟာမက်အယ်လ်မတ်ဆရီ ခေါ် အဗ္ဗဒူလာ သေဆုံးရခြင်းနှင့်ပတ်သက်၍ မိမိတို့ လက်ချက်ဖြစ်ကြောင်း မည်သည့်နိုင်ငံကမျှ လူသိရှင်ကြား ဝန်ခံခြင်း မရှိခဲ့ချေ။ အယ်လ်ကိုင်ဒါအဖွဲ့ကြီး၏ လက်ရှိခေါင်း ဆောင်ဖြစ်သူ အာမန်အယ်လ်ဇာဝါဟီရီမှာလည်း အလားတူ ဆုငွေ ဒေါ်လာ ၂၅-သန်း ထုတ်ပြန်ခြင်းခံရသူ့ ဖြစ်သည်။ အယ်လ်ကိုင်ဒါအဖွဲ့ကြီးတွင် အဗ္ဗဒူလာကို အယ်လ်ဇာဝါဟီရီပြီးလျှင် အရေးပါဆုံးသူ တစ်ဦးအဖြစ် လူသိများသည်။ ၁၉၉၈-ခုနှစ် တန်ဇန်နီးယားနိုင်ငံ ဒါအက်ဆလမ်နှင့် ကင်ညာနိုင်ငံ နိုင်ရိုဘီရှိ အမေရိကန်သံရုံးတို့အား ဗုံးခွဲရာတွင် ပါဝင်သည်ဟု အမေရိကန်က စွပ်စွဲထားသည်။ အဆိုပါအကြမ်းဖက်မှုများနှင့် ယခု အဗ္ဗဒူလာအသတ်ခံရခြင်းတို့အကြားတွင် နှစ်ပေါင်း ၂၂-နှစ် ကြာခဲ့ပြီဖြစ်ကြောင်း တွေ့ရှိရသည်။ 

  
အီရန်မီဒီယာများ ကိုယ်တိုင်ကလည်း အဗ္ဗဒူလာသေဆုံးခြင်းကို လက်ဘနွန်သမိုင်းပါမောက္ခ ဟာဗစ်ဒါအိုရော့နှင့် သမီးဖြစ်သူ မေရီယန်တို့အသတ်ခံရခြင်းအဖြစ် သတင်းလမ်းလွှဲ ရေးသားကြသည်။ အီရန်သည် အကြမ်းဖက်သမားနှင့် ၎င်းတို့၏ သားစဉ်မြေးဆက်နှင့် ဆက်ခံသူများကို ထောက်လှမ်းရေးတို့က မျက်ခြည်မပြတ် စောင့်ကြည့်လျှက်ရှိသည်ဟု ကြေညာခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် နိုင်ငံအတွင်း ထကြွလာသည့် အယ်လ်ကိုင်ဒါအေးဂျင့်များကို ဖမ်းဆီးပြီး အာဖဂန်နစ္စတန်သို့ ပြန်ပို့ခဲ့ကြောင်း ပြောဆိုသည်။ 

  
အယ်လ်ကိုင်ဒါသည် အီရန်၏ ခါးသီးသော ရန်သူတစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်သော်လည်း အဗ္ဗဒူလာကဲ့သို့ အယ်လ်ကိုင်ဒါခေါင်းဆောင်တစ်ဦးက ပြည်တွင်း၌ လွတ်လပ်စွာသွားလာနေထိုင်ခွင့်ရရှိနေခြင်းမှာ ထူးခြား သည်။ အမေရိကန်အပေါ် အမြဲဆန့်ကျင်သော အကြမ်းဖက်သမားများအား မွေးမြူထားခြင်းအဖြစ် သံသယ ဖြစ်ဖွယ်ရှိသည်။ Times မဂ္ဂဇင်းနှင့် တွေ့ဆုံ သော အရာရှိများကမူ အဗ္ဗဒူလာအသတ်ခံရခြင်းနှင့် အမေရိကန်တို့ မည်မျှပတ်သက်ပုံကို ထုတ်ဖော်ပြောဆိုရန် ငြင်းပယ်ခဲ့သည်။ 


အစ္စရေးတို့အနေဖြင့် တိုင်းတစ်ပါး အီရန်နိုင်ငံမြေပေါ်တွင် ဥပဒေမဲ့ လူသတ်ခြင်းမျိုးကို ယခုကဲ့သို့ အချိန်မျိုးတွင် မည်သည့်အတွက် ကျုးလွန်ရကြောင်း လောလောဆယ် ရှင်းလင်းစွာ မသိရသေးချေ။ အီရန်အား အကြမ်းဖက်သမားတို့ကို ခိုလှုံ ခွင့်ပေးရန် လိုလားသည့်နိုင်ငံအဖြစ် အမေရိကန်နည်းတူ သမုတ်လျှက်ရှိသော အစ္စရေးအတွက် တတိယနိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ရာနယ်မြေတွင် မဟာဗျူဟာမြောက် သတ်ဖြတ်မှုများပြုလုပ်ရန် မည်သည့်အခါမျှ တွန့်ဆုတ်နေမည်မဟုတ်ပေ။ သို့သော် လောလောဆယ် အမေရိကန်တွင် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒင်မှာ သမ္မတဖြစ်လာရန် သေချာလျှက်ရှိသည်။ ၂၀၁၅-ခုနှစ်တွင် အီရန်နှင့် နျုကလီယာ သဘောတူညီချက်စာချုပ် JCPOA တွင် လက်မှတ်ရေးထိုးခဲ့သော ဘားရက်အိုဘားမား၏ အစိုးရ၌ ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သူဖြစ်နေသည်။ 

အီရန်အား ဒါဏ်ခတ်ပိတ်ဆို့ခြင်းများမှ ဖြေလျှော့ပေးသည့် နျူကလီးယားသဘောတူညီချက်တို့သည် အီရန်၏ ခြိမ်းခြောက်ခြင်းခံနေရသော တဲလ်အဗစ်အစိုးရအတွက် အရှေ့ အလယ်ပိုင်းတွင် စစ်ပွဲများကို စတင်စေရန် ဖန်တီးရာရောက်လိမ့်မည်ဖြစ်ကြောင်း အမေရိကန်အား အစ္စရေးက အစဉ်တစ်စိုက် သတိပေးခဲ့သည်။ 


(( ယခုသတင်းရေးနေစဉ် လက်ရှိအမေရိကန်သမ္မတရွေးကောက်ပွဲ၌ မသမာမှုများရှိခဲ့ကြောင်း ခေါင်းမာစွာ ငြင်းဆန်လျှက်ရှိသော ဒေါ်နယ်ထရန့်သည် ဂျိုးဘိုင်ဒင်အနေဖြင့် ၎င်းအား အနိုင်ရရှိသည်ကို ပထမဆုံးအကြိမ် ဝန်ခံလိုပုံရကြောင်း Reuters နှင့် နိုင်ငံတကာမီဒီယာများက ရေးသားကြပါသည်။ 

မိမိအနေဖြင့် အမေရိကန်နိုင်ငံအား မည်သည့်အခါမျှ Lockdown တားဆီးပိတ်ဆို့မည် မဟုတ်ကြောင်း၊ သို့သော် ဇန်နဝါရီလတွင် နောင်အစိုးရတက်လာခဲ့လျှင် မည်သို့ဆုံးဖြတ်မည်ကို အချိန်က ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်း၊ Pfizer မှ ထုတ်လုပ်သော ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ဆေးကို အစောဆုံး ဧပြီလတွင် နိုင်ငံတစ်ဝှမ်းလုံး၌ အရေးပေါ်အဖြစ် အသုံးပြုနိုင်လိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း ထရမ့်၏ ပြောကြားချက်အား ကိုးကားလျှက် ထိုသို့ သဘောထားပြောင်းလဲလာပုံရသည်ဟု ရည်ညွှန်းခြင်းဖြစ်သည်။ 

  
လွန်ခဲ့သည့် လများတွင် အာဖဂန်နစ္စတန်များ တပ်များ ရုတ်သိမ်းရန်ဆုံးဖြတ်သည့် ကိစ္စနှင့်ပတ်သက်၍ ဒေါ်နယ်ထရမ့်နှင့် အမေရိကန်စစ်ဘက်တို့မှာ သဘောထား တိုက်ဆိုင်ခြင်းမရှိပါ။ သို့သော် ထရမ့်လက်ထက် အီရန်အပေါ် အရေးယူမှုများမှာ တီဟီရန်အစိုးရအား ပြိုလဲလုမတတ် အကြပ်ရိုက်စေခဲ့သည်။ 


လောလောဆယ် အမေရိကန်တွင် နေ့စဉ်လူပေါင်း ၁၆၀,၀၀၀ ခန့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရပြီး ထိုနှုန်းအတိုင်းဆိုလျှင် နောက် ၄-ရက်အတွင်း တစ်နိုင်ငံလုံး၌ ကူးစက်ခံရသူ ၁၁-သန်းရှိလာမည်ဖြစ်သည်။ စီးပွားရေးတွင်လည်း ဒေါ်လာ ထရီလီယံချီကာ ထိခိုက်လျှက်ရှိသည်။ ထိုသို့သောကာလမျိုးတွင် သမ္မတဖြစ်လာမည့် ဂျိုးဘိုင်ဒင်အတွက် အလွန်ကြီးမားရှုတ်ထွေးသော အခက်အခဲများ ရင်ဆိုင်ရမည်မှာ သေချာလျှက်ရှိသည်။ 


ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာလျှင် အီရန်အပေါ် ဒါဏ်ခတ်ပိတ်ဆို့မှုများ ဖြေလျှော့ ပေး-မပေး မသေချာသေးပါ။ သို့သော် ဒီမိုကရက်တစ်သမ္မတတစ်ဦးဖြစ်သူ အိုဘားမားလက်ထက်တွင် အာဖဂန်နစ္စတန်၌ ဗုံးမိုးရွာခဲ့သည်မှာ ယခင်သမ္မတများ၏ စံချိန်ကျိုးခဲ့သည်။ သမ္မတဖြစ်လာသူ အိုဘားမားအနေဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိပြီး ၈-လအကြာ၌ဖြစ်သည်။    ။ သတင်းဘာသာပြန်သူ )) 


#အယ်လ်ကိုင်ဒါအကြမ်းဖက်အဖွဲ့တပ်မှူး #အစ္စရေးထောက်လှမ်းရေးတို့လုပ်ကြံ 
#အဘူမိုဟာမက်အယ်လ်မတ်ဆရီ


((( Russia Today., 14 Nov, 2020 , “ Israeli spies allegedly killed al-Qaeda second-in-command in Iran 3 months ago… & all countries involved have kept mum until NOW?” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

  
https://www.rt.com/news/506696-alqaeda-leader-masri-killed-israel/ 
https://www.nytimes.com/2020/11/13/world/middleeast/al-masri-abdullah-qaeda-dead.html?action=click&module=Top%20Stories&pgtype=Homepage 
https://www.rt.com/news/468825-bin-laden-son-killed-trump/ 
https://www.rt.com/op-ed/506303-biden-iran-sanctions-us-leadership/ 
https://www.reuters.com/article/us-usa-trump-vaccine/trump-appears-to-acknowledge-for-first-time-that-biden-could-succeed-him-idUSKBN27T2XX 
https://edition.cnn.com/2020/11/13/health/us-coronavirus-friday/index.html 

1+

Leave a Reply

Your email address will not be published.