အရီးဒေါ်ပုံ ကြက်သွန်နီကို ဇက်ကြိုးဆွဲနိုင်ပြီဟု ဝန်ကြီးမင်းက ပြောဆို။

ဘင်္ဂလားဒက်ရှ်နိုင်ငံအတွင်း ကြက်သွန်နီဈေးနှုန်းကို ယခုအခါတွင် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စက်မှုဝန်ကြီး နာရူးလ်မဂျစ်မာမွတ်က ပါလီမန်၌ ပြောဆိုသည်ဟု ဘင်္ဂလားအခြေစိုက် The Daily Star ( ဘင်္ဂါလီဘာသာ ) က ယမန်နေ့ရေးသားသည်။

နိုင်ငံတော်အတွင်း ကြက်သွန်နီဈေးနှုန်းနှင့်ပတ်သက်၍ အတိုက်အခံ BNP ပါတီ ပါလီမန်အမတ်၏ မေးမြန်းချက်ကို ကုန်သွယ်ရေးဝန်ကြီးကိုယ်စား ဝန်ကြီးမာမွတ်က ဖြေဆိုရာ၌ အဆိုပါကြက်သွန်နီဈေးကို ယခုအခါ အစိုးရက ထိန်းသိမ်းနိုင်ပြီဟု မိမိယုံကြည်ကြောင်း ဖော်ပြထားသည်ဆို၏။

နေ့စဉ် ဟင်းလျာချက်ပြုတ်ရာတွင် မပါမပြီးသည့် ကြက်သွန်နီဈေးနှုန်း အလွန်အမင်းမြင့်တက်နေသည့်အတွက် သာမန်လက်လုပ်လက်စား ပြည်သူတို့တွင် အကြပ်အတည်းခံစားနေရခြင်းအပေါ် ဘင်္ဂလားဒက်ရှ် အဝါမီလိခ် အစိုးရ၏ ကိုင်တွယ်ဆောင်ရွက်လျှက်ရှိပုံကို ဝန်ကြီးမာမွတ်က ယခုကဲ့သို့ မှတ်ချက်ပြုခြင်းဖြစ်ကြောင်း သိရှိရသည်။

ကောက်ယူရရှိသည့် အချက်အလက်များအရ အင်္ဂါနေ့ ဒါကာမြို့ လက်လီဈေးကွက်တွင် ကြက်သွန်နီဈေးမှာ တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ ၆ ဆင့်ခန့် ရှိသည်။ ထိုဈေးနှုန်းမှာ ကြက်သွန်နီ ဈေးတက်ကတည်းက အမြင့်ဆုံးဖြစ်သည်။

အိန္ဒိယက ရေကြီးရေလျှံခြင်းကြောင့် ၎င်း၏ ကြက်သွန်နီပြည်ပတင်ပို့ခြင်းကို ရပ်ဆိုင်းလိုက်ရာ ဘင်္ဂလားဒက်ရှ်တွင် ကြက်သွန်နီ အဝင်နည်းခြင်းဖြစ်ပေါ်ခဲ့ရသည်၊ သို့သော်လည်း မြန်မာနှင့် တူရကီတို့ထံမှ တင်သွင်းခြင်းဖြင့် လျှင်မြန်မာစွာ ပြဿနာ ဖြေရှင်းနိုင်ခဲ့သည်။

ပုံမှန်အားဖြင့် ယခုကဲ့သို့ရာသီတွင်နှစ်စဉ် ကြက်သွန်နီ ဈေးတက်လေ့ရှိရာ ယခုနှစ်တွင်လည်း အလားတူဖြစ်ပါကြောင်း၊ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်သော ကြက်သွန်နီများ ဈေးကွက်သို့ ရက်အနည်းငယ်အတွင်း ရောက်ရှိလာမည်ဖြစ်ကြောင်း၊ အစိုးရဋ္ဌာနဆိုင်ရာများအပါအဝင် အမျိုးသားစားသုံးသူကာကွယ်ရေးညွှန်ကြားမှု ဦးစီးဋ္ဌာနကလည်း ဈေးကွက်စောင့်ကြည့်ထိန်းညှိခြင်းများ ပြုလုပ်လျှက်ရှိပါကြောင်း ဝန်ကြီးမာမွတ်က ဆက်လက်ဖြေဆိုသည်။

(( ယခုဘာသာပြန်ဆိုရာတွင် သတင်းဓါတ်ပုံ၊ သတင်းခေါင်းစဉ်နှင့် သတင်းအာဝဇ္ဇန်းကို အတတ်နိုင်ဆုံး ဖမ်းယူရန် ကြိုးစားထားကြောင်း ဝန်ခံပါသည်။

ဘင်္ဂလားဒက်ရှ်နိုင်ငံအနေဖြင့် ကြက်သွန်ပြတ်လပ်မှု့ကို ဖြေရှင်းရာတွင် ပါကစ္စတန်မှ တင်သွင်းရန်အထိ ချိန်ဆလျှက်ရှိကြောင်း သတင်းများ ဖတ်ရပါသည်။ ၁၉၇၁ -ခုနှစ်မတိုင်မီအထိ ဘင်္ဂလားဒက်ရှ်နိုင်ငံသည် ယခုပါကစ္စတန်နှင့် တစ်နိုင်တည်းအဖြစ် ပေါင်းစည်းတည်ရှိသည်။ အရှေ့ပါကစ္စတန်အဖြစ်မှ လွတ်လပ်ရေးစစ်ပွဲဖြင့် ဘင်္ဂလားဒက်ရှ်နိုင်ငံအဖြစ် ခွဲထွက်ကြောင်းကြေညာသောအခါ ပါကစ္စတန်က အသိအမှတ်မပြုခဲ့ချေ။ မွတ်စလင်ကမ္ဘာ၏ ဝိုင်းဝန်းဖိအားပေးမှုကြောင့် ၁၉၇၃ တွင် အသိအမှတ်ပြုသည်။

ရှိတ်ဟာစီနာအစိုးရသည် ၁၉၇၁ ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲအတွင်း ပါကစ္စတန်စစ်သားတို့ ဂျီနိုဆိုက်ကျူးလွန်ရာတွင် ပြည်တွင်းမှ ကူညီသူများကို ဒါကာမြို့၌ပင် “ နိုင်ငံတကာရာဇဝတ်တရားရုံး “ ထူထောင်၍ စစ်ဆေးကြားနာသည်။ ၂၀၁၃-ခုနှစ်တွင် ကွာဒါးမူလာကဲ့သို့ စစ်တကောင်းဘင်္ဂါလီလူကြီးပိုင်းနှင့် ဂျမတ်အီအစ္စလာမ်မီအဖွဲ့ဝင်ထိပ်တန်းပိုင်းအတော်များများ ကြိုးမိန့်သေဒဏ်ကျခဲ့ရသည်။ ထိုအတွက် နှစ်နိုင်ငံအချေအတင်စွပ်စွဲကြရာမှ သံတမန်များအပြန်အလှန် မောင်းထုတ်ပြီး ဗီဇာအရာရှိအဆင့်တို့သာ အသီးသီး ကျန်ရစ်ခဲ့သည်။

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ( ကျွန်တော် converting မှားလျှင်တော့ မပြောတတ် ) ကြက်သွန်နီဈေး တစ်ကီလို ၅ တာကာခန့်မှာ လူတိုင်းလက်လှမ်းမမီသည့် ဈေးနှုန်းဖြစ်နေခြင်းပင်။ GDP ဆိုသည်မှာ အညွှန်းကိန်းတစ်ခုသာဖြစ်ပြီး တိုင်းပြည်၏ ကြွယ်ဝမှု့ကို အပြည့်အဝ ဖော်ပြခြင်းတော့မဟုတ်ဟူသော ဆရာသမားတစ်ဦး၏ သွန်သင်ချက်ကို ပြန်လည်ကြားယောင်မိပါသည်။

ကျွန်တော်တို့နိုင်ငံ၏ ၇၀ ရာနှုန်းခန့်မှာ လယ်ယာကိုင်းကျွန်းလုပ်ကိုင်သူများဖြစ်သည်ဆိုပါသည်။ စိုက်ပျိုးရေးကို အခြေခံသည့် ကျွန်တော်တို့နိုင်ငံသည်လည်း Date အချက်အလက်များကို ထိထိရောက်ရောက် အသုံးပြုနိုင်မှသာ လူများစုဖြစ်သော သူတို့၏ဘဝကို မြှင့်တင်နိုင်မည်ဖြစ်ပြီး ဖွံ့ဖြိုးသောနိုင်ငံဖြစ်လာနိုင်ပါမည်။ ။ သတင်းဘာသာပြန်သူ ))

((( The Daily Star., November 12, 28, “Onion touched, minister says ‘under control’ “ ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ )))

https://www.thedailystar.net/bangla/%E0%A6%B6%E0%A7%80%E0%A6%B0%E0%A7%8D%E0%A6%B7-%E0%A6%96%E0%A6%AC%E0%A6%B0/%E0%A6%AA%E0%A7%87%E0%A6%81%E0%A7%9F%E0%A6%BE%E0%A6%9C%E0%A7%87%E0%A6%B0-%E0%A6%A6%E0%A6%BE%E0%A6%AE-%E0%A6%A8%E0%A6%BF%E0%A7%9F%E0%A6%A8%E0%A7%8D%E0%A6%A4%E0%A7%8D%E0%A6%B0%E0%A6%A3%E0%A7%87-%E0%A6%B0%E0%A7%9F%E0%A7%87%E0%A6%9B%E0%A7%87-%E0%A6%B6%E0%A6%BF%E0%A6%B2%E0%A7%8D%E0%A6%AA%E0%A6%AE%E0%A6%A8%E0%A7%8D%E0%A6%A4%E0%A7%8D%E0%A6%B0%E0%A7%80-125641

#ဘင်္ဂလားဒက်ရှ်ကြက်သွန်နီဈေး

0

27 Replies to “အရီးဒေါ်ပုံ ကြက်သွန်နီကို ဇက်ကြိုးဆွဲနိုင်ပြီဟု ဝန်ကြီးမင်းက ပြောဆို။”

Leave a Reply

Your email address will not be published.