အရှေ့အလယ်ပိုင်းကမ္ဘ္ဘာ၏ အပြိုင်တောက်လောင်လာသော မီးတောက်ကြီး ၂-ခု လက်ရှိအခြေအနေ ။ အာဏာရှင်ဖယ်ရှားရေး လက်နက်ကိုင်အဖြေရှာခြင်းတွင် မျှော်လင့်မထားသည့် နောက်ဆက်တွဲရလာဒ် နိုင်ငံပြိုကွဲခြင်း

အီရတ်တွင် အီရန်အကြီးတန်းစစ်ဖက်ဗိုလ်ချုပ်တစ်ဦးကို အမေရိကန်က လုပ်ကြံသတ်ဖြတ်ခြင်းကြောင့် လက်တုန့်ပြန်ခြင်းများဖြင့် စစ်မီးတောက်လောင်မည်ကို စိုးရိမ်လျှက်ရှိသော ကမ္ဘ္ဘာ့နိုင်ငံများသည် အရှေ့အလယ်ပိုင်းဒေသတွင်း လစ်ဗျား- တူရကီ အရှုတ်အထွေးမှ ပြင်းထန်သော စစ်ပွဲအခင်းအကျင်းကို လည်း စိတ်မသက်သာစွာ တစ်ပြိုင်နက်တည်း မြင်တွေ့နေရပါသည်။

လစ်ဗျားတွင် တိုဘရုခ်နှင့် ထရီပိုလီ စင်ပြိုင်အစိုးရ ၂ – ဖွဲ့၏ တို့မှာ လက်နက်ကိုင်စစ်ခင်းခြင်းဖြင့် ” တည်မြဲရပ်တည်ရေး ” အဖြေရှာလျှက်ရှိပါသည်။ ၂၀၁၁-ခုနှစ်တွင် လစ်ဗျားသို့ “ အာရပ်နွေဦး “ ကူးစက်လာခြင်းနှင့်အတူ အာဏာရှင် ကဒါဖီဖယ်ရှားရေး လူထုအုံကြွမှု့ဖြစ်ပေါ်သည်။ လက်နက်မဲ့ ကန့်ကွက်ဆန္ဒပြသူများအား စစ်အင်အားသုံး၍ ရက်စက်စွာဖြိုခွင်းသည်ဟုဆိုကာ အမေရိကန်ဦးဆောင်သော နေတိုးအုပ်စုနိုင်ငံများက ကုလသမဂ္ဂ လုံခြုံရေးကောင်စီခွင့်ပြုချက်အရ စစ်ရေးကျူးကျော်စွက်ဖက်ခြင်းဖြင့် R2P လေတော့သည်။ လစ်ဗျားဝေဟင်တွင် သတ်မှတ်ထားသော လေယာဉ်များမှတစ်ပါး မည်သူမျှ မဝင်ရသည့် Safe Zone ပြဋ္ဌာန်းကာ ကဒါဖီအစိုးရအား ဗုံးကြဲ ဆုံးမလေသည်။

ဤတွင် ကဒါဖီ ထွက်ပြေးရပြီး မကြာမီ အသတ်ခံရသည်။ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးပျက်ပြားသွားသော လစ်ဗျားသည်လည်း ရက်သတ္တပတ် ၉၀ ကျော်တည်းနှင့် နိုင်ငံပြိုကွဲသွားတော့သည်။ ပေါ်ပေါက်လာသည့် ကဒါဖီ ဆန့်ကျင်သော လစ်ဗျားအသွင်ကူးပြောင်းရေးကောင်စီ၏ ကြားဖြတ်အစိုးရသည် နိုင်ငံအား ပြန်လည်စုစည်း၍ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးထက် အာဏာခွဲဝေမှု့တွင် ပဋိပက္ခများစွာရင် ဆိုင်ခဲ့ရသည်။

၂၀၁၄-ခုနှစ်တွင် လက်နက်စွဲကိုင်အဖြေရှာခြင်းဖြင့် ဒုတိယအကြိမ်ပြည်တွင်းစစ်မီးလောင်ရတော့သည်။ ယနေ့တိုင် မငြိမ်ချမ်းနိုင်သော လစ်ဗျားတွင် စင်ပြိုင်အစိုးရ ၂- ရပ် ကွဲပြားလျှက်ရှိသည်။ နိုင်ငံ့အနောက်ပိုင်း ထရီပိုလီ အစိုးရသည် ကုလသမဂ္ဂအသိအမှတ်ပြုဖြစ်သော်လည်း အရှေ့ပိုင်း တိုဘရုခ်အစိုးရက အင်အားပိုမိုကြီးမားပြီး နိုင်ငံ၏နယ်မြေအများစုကို စိုးမိုးထားသည်။ အခြားသော တောင်ပိုင်းပြည်တွင်းနယ်မြေများမှာလည်း ဒေသန္တရ လက်နက်ကိုင်များက မင်းမူလျှက် ဖရိုဖရဲဖြစ်လျှက်ရှိသည်။

ကုလသမဂ္ဂ၏ အစိုးရတစ်ရပ်တည်းပေါင်းစည်းရေး ကြားဝင်စေ့စပ်မှု့မှာ လိပ်ခဲတင်းလင်းဖြစ်နေစဉ် တိုဘရုခ်အစိုးရ ဗိုလ်ချုပ်ကြီးခလီဖာဟဖ်တာ၏ “ လစ်ဗျားအမျိုးသားတပ်မတော် “ LNA သည် “ အကြမ်းဖက်အစွန်းရောက်နှင့် ပြည်သူ့စစ်လက်နက်ကိုင်များ ရှင်းလင်းရေး “ ကြွေးကြော်သံဖြင့် ၂၀၁၉၊ ဧပြီလဆန်းတွင် ထရီပိုလီအား ထိုးစစ်ဆင်ခဲ့သည်။ ထရီပိုလီမြို့ ကွက်ကွက်လေးသာ အာဏာသက်ရောက်သော GNA အစိုးရဘက်မှ သစ္စာခံ ပြည်သူ့စစ်များက အသေအလဲ ခုခံခြင်းဖြင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။

သည်တစ်ကြိမ် ထရီပိုလီဝေဟင်တွင် လေယာဉ်မပျံသန်းရဇုံ သတ်မှတ်သူမှာ ကိုယ်ပိုင်လေတပ်ပိုင်ဆိုင်လာသော တိုဘရုခ်အစိုးရဖြစ်သည်။ ပြည်သူ့စစ်များနှင့် ရေတပ်တစ်ခုတည်းသာ အားကိုးရာရှိသော GNA အစိုးရ၏ ထရီပိုလီမှ မြို့နေသိန်းချီ၍ ထွက်ပြေးသွားကြပြီဖြစ်သည်။ ထရီပိုလီသည် တပ်များ၏ သိမ်းယူခြင်းခံရရန် နေ့လား ညလားဖြစ်နေချိန်တွင် စစ်ပွဲအတွင်း အတိအလင်းဝင်ရောက်လာသည်မှာ နေတိုးစစ်အင်အားကြီး တူရကီနိုင်ငံဖြစ်သည်။

လစ်ဗျား ထရီပိုလီသို့ တပ်များစေလွှတ်ရန် သမ္မတအာဒိုဂန်အစိုးရ၏ အဆိုပြုချက်ဥပဒေကြမ်းကို အာရပ်မဟုတ်သော မွတ်စလင်နိုင်ငံ တူရကီလွှတ်တော်က အတည်ပြုလိုက်ကြောင်း BBC က ယမန်နေ့ ရေးသားသည်။ လစ်ဗျားပြည်တွင်းစစ်တွင် ဝင်ရောက်စွက်ဖက်လာသော တူရကီကို လစ်ဗျားတိုဘရုခ်အစိုးရက “ ဂျီဟဒ်စစ် “ ကြေညာခြင်းဖြင့် တုန့်ပြန်ခဲ့သည်။

မရှေးမနှောင်းမှာပင် ထရီပိုလီတောင်ပိုင်းတွင် GNA ပြည်သူ့စစ်တို့အား အကူအညီပေးလျှက်ရှိ သည့် တူရကီ၏ လက်နက်တင် TB2 ဒရုန်းလေယာဉ်ကို LNA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးခလီ ဖာဟဖ်တာ တပ်များက Pantsir S1 SAM ဒုံးကျည်ဖြင့် ပစ်ချလိုက်ကြောင်း Russia Today က ယနေ့ရေးသားသည်။

လစ်ဗျားစင်ပြိုင်အစိုးရတို့ နောက်ကွယ်တွင် အစ္စလာမ်နိုင်ငံများ ကွဲပြားစွာ ရပ်တည်ထောက်ခံလျှက်ရှိသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ကဒါဖီအလွန် လစ်ဗျား ထရီပိုလီအစိုးရကို ဆော်ဒီအာရေးဗီးယား၊ ယူအေအီး၊ အီဂျစ်တို့က အရှေ့အလယ်ပိုင်း၏ ကြောက်စရာအကောင်းဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သော “ မွတ်စလင်ဘရားသားဟုဒ် တို့၏ ရှေ့တန်းတပ်ဦးကြီး “ အဖြစ် ရှု့မြင်ကြသည်။ ပြင်သစ်၊ ရုရှားတို့က လစ်ဗျားတွင် အသာစီးရနေသော တိုဘရုခ်စင်ပြိုင်အစိုးရကို ထောက်ပံ့ပေးခဲ့ကြောင်း ကာတာနိုင်ငံခြားရေးဝန်ကြီးက အီတလီ la Repubblica နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဆို၏။

ဆော်ဒီအုပ်စုနှင့် တရုတ်၊ ရုရှားတို့သည် လစ်ဗျားပြိုကွဲစတွင် နိုင်ငံတကာရာဇဝတ်တရားရုံး ICC မှ ဖမ်းဝရမ်းထုတ်ခံထားရသော ကဒါဖီ၏သားကြီး ဆာအိဖ်အယ်လ်အစ္စလာမ်ကို မကြာမီကျင်းပမည့် လစ်ဗျားရွေးကောက်ပွဲ၌ သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်စေလိုသည်။ ဆာအိဖ်သည် အီဂျစ်တွင် ပုန်းအောင်းနေပြီး ရုရှား၌ ရောက်ရှိနေသည်ဟုလည်း ဆိုကြသည်။ တူရကီ-ကာတာအုပ်စုက တိုဘရုခ်အစိုးရဘက်မှ ထောက်ခံသည်။

အာရပ်နွေဦးနှင့်အတူ လစ်ဗျားနှင့် တစ်ချိန်တည်းလိုလို နိုင်ငံပြိုကွဲ၍ ပြည်တွင်းစစ်ဖြစ်ပွားနေသော နိုင်ငံမှာ ဆီးရီးယားဖြစ်သည်။ သမ္မတဘာရှာအာဆတ်ဖယ်ရှားရေး လက်နက်မဲ့ဆန္ဒပြသူများအား အင်အားသုံးဖြိုခွင်းသည်ဟု စွပ်စွဲခြင်းဖြင့် တောက်လောင်ခဲ့သော ဆီးရီးယားပြည်တွင်းစစ်သည် အမှန်တကယ်အားဖြင့် ရုရှား-အမေရိကန်အုပ်စု၏ ကိုယ်စားပြု စစ်ခင်းရာ Proxy War ဖြစ်သည်။ ဒေသတွင်းနှင့် နိုင်ငံတကာ ဆွန်နီ-ရှီအာ မွတ်စလင်ဂိုဏ်းကွဲတို့ကြား အားပြိုင်ခြင်းလည်းဖြစ်သည်။

လစ်ဗျား-ဆီးရီးယားတို့တွင် ရလာဒ်ထွက်ပေါ်လာသည်မှာကား ကာယကံရှင်နိုင်ငံများတွင် လူပေါင်း သိန်းချီအသက်ဆုံးရှုံးခြင်း၊ သန်းချီသော စစ်ဘေးဒုက္ခသည်တို့ နိုင်ငံအား စွန့်ခွာထွက်ပြေးရခြင်းဖြစ်သည်။ စည်ကားသော မြို့ကြီးများ ပြာပုံဖြစ်ခဲ့ရသည်။ စစ်စရိတ်-စစ်လက်နက်ဖြည့်တင်းရသဖြင့် ဒေါ်လာဘီလျှံချီ ကုန်ကျလျှက်ရှိသည့်အပြင် “ ပေးဆပ် ရန်ခက်ခဲသော သွေးကြွေး “ တင်ကြခြင်းမှာ အဆိုးရွားဆုံးဖြစ်သည်။

By: #HtayOung, #OungMarine

https://www.aljazeera.com/news/2019/11/libya-khalifa-haftar-declares-fly-zone-tripoli-191124115453657.html

https://www.aljazeera.com/news/2019/11/libya-khalifa-haftar-declares-fly-zone-tripoli-191124115453657.html

https://www.bbc.com/news/world-europe-50975494

https://www.aljazeera.com/news/2019/11/libya-khalifa-haftar-declares-fly-zone-tripoli-191124115453657.html

https://www.ecfr.eu/mena/mapping_libya_conflict

https://www.google.com/search?q=LNA+control+Area+in+Libya&rlz=1C1CHBF_enMM879MM879&oq=LNA+control+Area+in+Libya&aqs=chrome..69i57.17682j0j8&sourceid=chrome&ie=UTF-8

https://en.wikipedia.org/wiki/Libyan_Civil_War_(2014%E2%80%93present)

https://www.aljazeera.com/news/2019/04/turning-battlefields-libyan-capital-190425113115453.html

0

Leave a Reply

Your email address will not be published.