အာဏာရအစိုးရခေါင်းဆောင်၏ ဖခင်ဖြစ်သူရုပ်တုအား တည်ဆောက်နေဆဲတွင် ဖျက်ဆီးခြင်းခံရ၊ ထိရောက်ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အစိုးရသတိပေး။ အာဏာရပါတီထောက်ခံသူများ တန်ပြန်ဆန္ဒပြနေစဉ် အတိုက်အခံပါတီ၏ ခရိုင်ရုံးအား လူငယ်တစ်စုက ဖျက်ဆီး၊ ဒေသပါတီအကြီးအကဲ၏ စီးပွားရေးလုပ်ငန်းအား မီးတင်ရှို့



စနေနေ့တွင် ဒါကာမြို့အနောက်ဘက် ကူ့ရှ်တီယာခရိုင်၌ တည်ဆောက်ဆဲ အမျိုးသားဖခင်ကြီး၏ ရုပ်တုအား လက်သရမ်းဖျက်ဆီးခြင်းခံရပြီးနောက် အဆိုပါဆန့်ကျင်ဘက်လုပ်ရပ်များအတွက် အစိုးရက ထိရောက်စွာ အရေးယူဖွယ်ရှိကြောင်း The Daily Star က ယနေ့ရေးသားသည်။ 



ယမန်နေ့တွင် ရုပ်တုဖျက်ဆီးသူများအား ပြင်းထန်ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း ဋ္ဌာနဆိုင်ရာ ဒုတိယဝန်ကြီးအတော်များများ၏ သတိပေးချက်ထုတ်ပြန်သည်ကို တွေ့မြင်ကြရပြီး အဆိုပါကိစ္စနှင့်ဆက်နွယ်လျှက် လူ ၄-ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း သိရှိရသည်။ 



ဤအတောအတွင်းအာဏာရ “ #အဝါမီလိခ် “ ပါတီဝင်များနှင့် ဝန်းရံသူများက ရုပ်တုဖျက်ဆီးခံရခြင်းအတွက် နိုင်ငံအနှံ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး နိုင်ငံတော်ဖွဲ့စည်းပုံနှင့် လွတ်လပ်ရေးစစ်ပွဲ၏ စိတ်ဓါတ်အနှစ်သာရဖြစ်သူ၏ ရုပ်တုအား ဖျက်ဆီးသူများကို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုကြသည်။ 



သို့ရာတွင် “ #ဘန်ဂါဘန်ဒု “ ခေါ် ရှိတ်မူဂျီဘူရာမန်၏ အထိမ်းအမှတ်တည်ဆောက်မှုကို ဆန့်ကျင်ကြသူများမှာ ရုပ်တု-ရုပ်ပွားလက်မခံသည့် အစ္စလာမ်ဘာသာရေးအမြင်အရ ကန့်ကွက်ကြခြင်းဖြစ်သည်။ ရှိတ်ဟာစီနာအစိုးရအနေဖြင့် ကန့်ကွက်လျှက်ရှိသော “ #ဟီဖာဇတ်အီးအစ္စလာမ် “ နှင့် အခြားသော အစ္စလာမ်မစ်အဖွဲ့အစည်းများနှင့် ပတ်သက်၍ နူးညံ့စွာကိုင်တွယ်သင့်ကြောင်း လွတ်လပ်ရေးစစ်ပွဲလွန်ကာလ စစ်မှုထမ်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများက ဝေဖန်သည်။ 



ဘင်္ဂလားဒေ့ရ်ှ အတွင်းဝန်များရုံး၌ သတင်းထောက်များနှင့် တွေ့ဆုံသော ပြည်ထဲရေးဝန်ကြီး ဟာဆတ်ဒူဇာမန်ခန်ကာမဲလ်ကမူ “ ဘန်ဂါဘန်ဒု“ ရုပ်တုစိုက်ထူခြင်းကို ဆန့်ကျင်သည်ဟု အကြောင်းပြချက်ဖြင့် နိုင်ငံအတွင်း မည်သူ့ကိုမဆို မင်းမဲ့စရိုက်ဖန်တီးခြင်းအား အစိုးရအနေဖြင့် ခွင့်မပြုကြောင်း၊ ( “ ဟီဖာဇတ်အီးအစ္စလာမ် “ များဟု အမည်နာမ ထုတ်ဖော်ခြင်းမရှိသော်လည်း ) ဆန့်ကျင်သူတို့သည် ကိုယ့်ကိုယ်ကို အင်အားကြီးမားသည်ဟု ထင်မှတ်နေလျှင် အမှားကြီး မှားလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။ 



ကူ့ရှ်တီယာခရိုင်၌ ဘန်ဂါဘန်ဒု၏ရုပ်တု စိုက်ထူရန် တည်ဆောက်နေခြင်းအား အစိုးရက ပြန်လည်သုံးသပ်ရန် ရှိ-မရှိ မေးခွန်းနှင့် ပတ်သက်၍ ၎င်းရုပ်တုစိုက်ထူမည့် ဆုံးဖြတ်ချက်အား ပြန်လည်သုံးသပ်ခြင်း ပြု- မပြုဆိုသည်မှာ အစိုးရ၏ လုပ်ပိုင်ခွင့်ဖြစ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ အလုပ်မှာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းရန်ဖြစ်၍ လိုအပ်သော အစီအမံများ ဆောင်ရွက်လျှက်ရှိကြောင်း၊ မွတ်စလင်ပညာရှင်များ၊ စူးစမ်းရှာဖွေသူများ၏ရုပ်တုစိုက်ထူခြင်းကို အခြားသော အစ္စလာမ်ဘာသာဝင် အများစုနိုင်ငံများတွင် တွေ့ရှိရသော်လည်း မည်သူမျှ မဖျက်ဆီးကြောင်း၊ ယခု ရုပ်တုစိုက်ထူခြင်းမှာ ကိုးကွယ်ရှိခိုးရန် အတွက်မဟုတ်ပဲ ဘန်ဂါဘန်ဒုအမှတ်တရအဖြစ် အထိန်းအမှတ်စိုက်ထူခြင်းဖြစ်ကြောင်း ဝန်ကြီးကဖြေကြားသည်။ 



နာဆင်ဒီခရိုင်၏ အဝါမီလိခ်ပါတီအထွေထွေအတွင်းရေးမှူး၊ လမ်းပန်းဆက်သွယ်ရေးနှင့် တံတားများဆိုင်ရာဝန်ကြီး အိုဘေးဒူကွာဒါကလည်း ကူ့ရှ်တီယာရှိ ဘန်ဂါဘန်ဒုရုပ်တုအား ဖျက်ဆီးကြခြင်းမှာ ခွင့်လွှတ်နိုင်ဖွယ်မရှိသော ရာဇဝတ်မှုဖြစ်ကြောင်း၊ တင်းကြပ်သော ဘာသာရေးအယူရှိသူများအုပ်စုများအား ရည်ရွယ်၍ ရုပ်တုစိုက်ထူခြင်း ကန့်ကွက်မှုများကို ယခုချက်ချင်းရပ်တန့်ရန်နှင့် နောက်ဆက်တွဲဖြစ်စဉ်များစွာ ပေါ်ပေါက်နိုင်ကြောင်း သတိပေးလိုက်သည်။ 



ကု့ရှ်တီယာရှိ တည်ဆောက်ဆဲ ဘန်ဂါဘန်ဒုရုပ်တု ဖျက်ဆီးခံရခြင်းမှာ ပြည်တွင်းတည်ငြိမ်မှုပျက်ပြားစေမည့် ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးလုပ်ရပ်ဖြစ်ကြောင်း အာဏာရအဝါမီလိခ်ပါတီက ပြောဆိုနေချိန်တွင် ရုပ်တုဖျက်ဆီးမှုနှင့် ဆက်နွယ်သူများအား ရိုက်နှက်ရလိမ့်မည်ဖြစ်ကြောင်း အဝါမီလိခ်ပါတီဝန်းရံသူ ကျောင်းသား အင်အားစု ဖြစ်သော “ #ဘင်္ဂလားဒေ့ရှ် ချဟတ္တရာလိခ် “ က ခြိမ်းခြောက်လျှက်ရှိသည်ဟု bdnews24 က ယနေ့ ရေးသားသည်။ 



ရုပ်တုဖျက်ဆီးခံရခြင်းအတွက် ကုရှ်တီယာခရိုင်အတွင်း ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပွားလျှက်ရှိစဉ် အတိုက်အခံ #BNP ပါတီ၏ ခရိုင်ရုံးကို လူငယ်တစ်စုက ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း၊ BPN ပါတီ၏ ဒေသန္တရခေါင်းဆောင် တစ်ဦးဖြစ်သူ၏ စီးပွားရေးအလုပ်ရုံမှာလည်း မီးတင်ရှို့ခြင်း ခံရသည်ဆို၏။ 



အဆိုပါဖြစ်ရပ်များမှာ နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြားစေရန် ရှိတ်ဟာစီနာအစိုးရ၏ လျှို့ဝှက်စွာ ပူးပေါင်းကြံစည်မှု တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ၎င်းတို့၏ ညံ့ဖျင်းမှုအား လမ်းကြောင်းလွှဲရန် ဘင်္ဂလားဒေ့ရှ်အား ပရမ်းပတာ ဖြစ်စေလိုသော အစိုးရသည် ဒီမိုကရေစီအရေး တိုက်ပွဲဝင်သူများအား နှိပ်ကွပ်လိုသည့် ဆန္ဒပြင်းပြလျှက်ရှိ ကြောင်း၊ နိုင်ငံတော်အား ဖျက်ဆီးပြီးနောက် ယခုတဖန် လျှို့ဝှက်အကွက်ချကြံစည်မှု ပြုလုပ်နေပြန်ကြောင်း အတိုက်အခံ BNP ပါတီ အထွေထွေအတွင်းရေးမှူး မီယာဇာဖက်ကူလ်အစ္စလာမ်က တနင်္ဂနွေနေ့၌ ဝေဖန်ရှုတ်ချလိုက်သည် ဟု သတင်း၌ ဆက်လက်ရေးသားသည်။ 

#တည်ဆောက်ဆဲဘန်ဂါဘန်ဒုရုပ်တုဖျက်ဆီးခံရ #ဘင်္ဂလားဒေ့ရှ်အာဏာရပါတီနှင့်အတိုက်အခံတို့အပြန်အလှန်စွပ်စွဲ 



((( Daily Star., December 07, 2020,” Anti-Sculpture Campaign: Govt warns of tough action.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

https://www.thedailystar.net/frontpage/news/anti-sculpture-campaign-govt-warns-tough-action-2006969 
https://bdnews24.com/politics/2020/12/06/al-sees-ulterior-motive-in-statue-debate-bnp-alleges-government-plot  

0

Leave a Reply

Your email address will not be published.