အာဏာသိမ်းပြီး ဘိုလစ်ဗီးယားသည် လစ်ဗျားနိုင်ငံအဖြစ်မျိုးနှင့် ဆင်တူလာနေကြောင်း ပူတင်သတိပေး။ “ အာဏာလစ်ဟာမှု့ “ နှင့် နိုင်ငံပြိုကွဲခြင်း။

လတ်တစ်လော နိုင်ငံတကာမီဒီယာများတွင် ပရိဿတ်စိတ်ဝင်စားဆုံးအဖြစ် ဘိုလစ်ဗီးယားသတင်းများက နေရာယူလျှက်ရှိသည်။

အာဏာသိမ်းပြီး ဘိုလစ်ဗီးယားနိုင်ငံ၏ အခြေအနေမှာ လစ်ဗျားကဲ့သို့ အဖြစ်မျိုးှနှင့်ဆင်တူလာကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ယမန်နေ့ သတိပေးလိုက်သည်ဟု RT က ယမန်နေ့ရေးသားသည်။

လစ်ဗျားတွင် ၂၀၁၁-ခုနှစ် ကဒါဖီအစိုးရပြို လဲပြီးနောက် တစ်ဆက်တည်းပင် ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည်။ လပေါင်းအတော်ကြာ ခေတ္တနားနေခဲ့ပြီး ၂၀၁၄-ခုနှစ်တွင် ဒုတိယအကြိမ် စစ်မီးတောက်လောင်ခဲ့ရာ ယခုတိုင် မပြီးနိုင်သေးချေ။

ဘိုလစ်ဗီးယားတွင် အီဗိုမော်ရာလိစ်သည် ဋ္ဌာနေတိုင်းရင်းသားမှ ပထမဆုံး သမ္မတဖြစ်၍ ၂၀၀၆ ခုနှစ်ကတည်းက အာဏာရရှိခဲ့သော ဆိုရှယ်လစ်အစိုးရကို ဦးဆောင်သည်။ လွန်ခဲ့သည့်လ ရွေးကောက်ပွဲတွင် မမှန်ကန်မှု့များ ရှိခဲ့သည်ဟု အမေရိကန်အခြေစိုက် “ အမေရိကနိုင်ငံများအဖွဲ့ “ OAS က ကြေညာသည်။ မော်ရာလိစ်၏ ၄-ကြိမ်မြောက် သမ္မတသက်တမ်းအား လစ်ဗျားပြည်သူများ၏ အုံကြွကန့်ကွက်ပွဲများဖြစ်ပေါ်လာသည်။ နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြသူတို့နှင့် ပူးပေါင်းသွားသည်။

မော်ရာလိစ်၏ ကိုယ်ရေးအနီးကပ်လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဘိုလစ်ဗီးယားတပ်မတော်က ရုတ်သိမ်းခြင်းဖြင့် ဖိအားပေးသည်။ နောက်ဆုံး မော်ရာလိစ် နိုင်ငံရေးခိုလှုံရန် မက္ကဆီကိုသို့ ထွက်ခွာသွားရသည်။

ဘိုလစ်ဗီးယားဖွဲ့စည်းပုံအရ သမ္မတမရှိလျှင် ဒုတိယသမ္မတက ဆက်ခံရမည်ဖြစ်ပြီး ၎င်းတို့မရှိလျှင် ပါလီမန်ဥက္ကဋ္ဌက သမ္မတအဖြစ် ဆက်ခံရန်ဖြစ်သည်။ မော်ရာလိစ်ဖြုတ်ချခံရသည်တွင် ဒုတိယသမ္မတလည်း အတူပါသွားပြီး၊ ပါလီမန်ဥက္ကမှာလည်း ရာထူးမှ နှုတ်ထွက်ပြီးဖြစ်နေသည်။

ဤတွင် ဖွဲ့စည်းပုံအရ ပါလီမန်အရေးပေါ်အစည်းအဝေးခေါ်ယူပြီး ယာယီကော်မတီဖြင့် ကြားဖြတ်အစိုးရ ဖွဲ့စည်းရန်သာ ကျန်တော့သည်။ မော်ရာလိစ်၏ ဆိုရှယ်ပါတီအမတ်များက ပါလီမန်အား သပိတ်မှောက်ထားသည်။ ထို့ကြောင့် အတိုက်အခံခေါင်းဆောင် ဂျက်နီနိုင်းအင်နက်ဇ်၏ ကြားဖြတ်သမ္မတဖြစ်ကြောင်း ကြေညာချက်မှာ တရားဝင်-မဝင် ပြဿနာဖြစ်လျှက်ရှိသည်။

ဘိုလစ်ဗီးယားသည် လူဖြူကပြား ၆၈ ရာနှုန်း၊ ဋ္ဌာနေတိုင်းရင်းသား ၂၀ ရာနှုန်းခန့်တို့ဖြင့် တည်ဆောက်ထားသော နိုင်ငံဖြစ်သည်။ မော်ရာလိစ်ဖြတ်ချခံရသည့်နေ့မှစ၍ ဆိုရှယ်လစ်ပါတီထောက်ခံသူနှင့် ဋ္ဌာနေတိုင်းရင်းသားတို့က ကြားဖြတ်အစိုးရ နှုတ်ထွက်ပေးရေး အင်အား ထောင်သောင်းချီကန့်ကွက်ဆန္ဒပြကြရာ လုံခြုံရေးရဲများနှင့် အဓိရုန်းများ ပြင်းထန်စွာဖြစ်ပွားလျှက်ရှိသည်။

(( ဂျပန်တပ်များ ဝင်ရောက်လာခြင်းနှင့်အတူ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်သို့ ကူးစက်သည်။ ဂျပန်သည် ဗြိတိသျှတို့ကို မောင်းထုတ်၍ မြန်မာပြည်၏ အစိတ်အပိုင်း အတော်များများကို သိမ်းယူပြီးသောအခါ “ဗမာအစိုးရ “ ကို ဦးဆောင်ဖွဲ့စည်းရန် ဒေါက်တာဗမော်အား အသည်းအသန် လိုက်ရှာသောဟူ၏။

အများသိပြီးဖြစ်သည့်အတိုင်း ဂျပန်တို့ဝင်ရောက်လာရာတွင် ဘီအိုင်အေတပ်များလည်း အတူပါဝင်လာခဲ့ရာ ရဲဘော်သုံးကျိပ် “ သခင်ထွန်းအုပ် “ နှင့် “ ဗိုလ်အောင်ဆန်း “ ကြီးတို့ နှစ်ယောက်လုံး ငုတ်တုပ်ရှိနေသည်။ ဂျပန်အနေနှင့်ကတော့ ဗြိတိသျှလက်မှ သူတို့လုယူလိုက်သည့် မြန်မာနိုင်ငံတွင် ကိုလိုနီခေတ် “ နန်းရင်းဝန်ဟောင်းတစ်ဦး “ အစိုးရဖြစ်လာခြင်းဖြင့် ကမ္ဘာကို မျက်လှည့်ပြလိုခြင်းဖြစ်သည်။ နောက်ပိုင်း ဘာဆက် ဖြစ်လာသည်ကို ဂျပန်ခေတ် “ တစ်သွေး၊ တစ်သံ၊ တစ်မိန့် အစိုးရ “ လက်ထက် ဝန်ကြီးဖြစ်ခဲ့သော သခင်နု၏ “ ငါးနှစ်ရာသီ ဗမာပြည် “ တွင် ရှု့နိုင်ပါသည်။

ကျွန်တော်တို့သည် အထွေထွေခေတ်နောက်ကျလျှက်ရှိပါ၏။ ကမ္ဘာနှင့် နှစ် ၅၀ ခန့် နောက်ကျခဲ့ပြီး အိမ်နီးချင်းများနှင့် နှစ် ၄၀ ထက်မနည်း နောက်ကျသည်ဟု နာကျည်းစွာဆိုချင်ပါသည်။ မကြာသေးခင်အထိ အင်တာနက်ဆိုသည်ကို ပုသလားပြားသလား မသိကြသော ကျွန်တော်တို့သည် ကိုယ့်နိုင်ငံ-ကိုယ့်လူမျိုးကို အရိပ်မည်းထိုးစေမည့် ဓါတ်ပုံလိမ်-သတင်းလိမ်-လူမျိုးလိမ်တို့ ကမ္ဘာတစ်ခွင်တွင်ကျယ်နေသည်ကို လုံးဝ မသိခဲ့ကြပေ။

ICC နှင့် R2P မျှော်သည်ဆိုခြင်းမှာ သူမရှိလျှင် အာဏာဆိုတာ ငါတို့အတွက် အကြွင်းမဲ့ဖြစ်လာမည်ဟု အဆောင်လက်ဖွဲ့ယုံ၍ ဒါးထိုးခံသူအမြင်သာဖြစ်၏။ လက်နက်ရှိသည်ဖြစ်၍ “ သယ် – အာဏာကောက်သိမ်းလိုက်ရ “ ဟု ကြုံးဝါးခြင်းသည်လည်း နောက်ဆက်တွဲ ခွေးဖြစ်မည့်ဇာတ်ကို နားမလည်နိုင်၍ ဖြစ်ပါသည်။

စစ်ရေးနှင့် အုပ်ချုပ်ရေးသည် ခေါင်းနှင့်ပန်း နှစ်ဖက်လုံး အင်္ဂါစုံမှသာ စားလို့သုံးလို့ရပါသည်။ ထိုသည်ကို “ အချုပ်အခြာအာဏာ“ ဟု သတ်မှတ်နိုင်ပါသည်။ မိန်းမိန်ဆိုင်းဘုတ် ဖွဲ့စည်းပုံကြီး မဟုတ်ချေ။

လစ်ဗျားပြိုကွဲသွားခြင်းမှာ အချုပ်အခြာအာဏာလစ်ဟာ သွားခြင်းကြောင့်ဖြစ်သည်။ လစ်ဗျားနောက်ပေါက် စစ်ရေး-နိုင်ငံရေးခေါင်းဆောင်အသီးသီးတို့သည် “ အနောက်အုပ်စု၏ အလျှော့ခံ အာဏာရှင် ကဒါဖီကြီး “ ခြေဖျားသော်မှ မမီချေ။ ထို့ကြောင့် ပြည်တွင်းစစ် ဖြစ်ပွားရာ နှစ်ကျော့ပြန်ခဲ့ပြီး ယနေ့အထိ မပြီးနိုင်သေးချေ။

အီရတ်တွင်လည်း ဘာထူးပါသနည်း။ ဆဒမ်ဟူစိန်ကြီးကို ကာ့ဒ်တို့အပေါ် ဂျီနိုဆိုက်မှု့ဖြင့် ကြိုးစင်တင်သတ်လိုက်သည်။ အမေရိကန်လမ်းခင်းပေးခဲ့သော အီရတ်ဒီမိုကရေစီအစိုးရသည် လေလုံးထွားခြင်းသာရှိ၍ လက်မလိုက်နိုင်ချေ။ ၂၀၁၄-ခုနှစ်တွင် အယ်လ်ကိုင်ဒါထက်ဆိုးသော အိုင်စစ် ( ISIS/ISIL ) တို့ပေါ်လာရာ ရက်ပိုင်းအတွင်း ဆီးရီးယားနှင့် အီရတ်နယ်မြေများကို လျှင်မြန်စွာ သိမ်းယူခြင်းခံခဲ့ရသည်။ အီရတ်တွင် ကျန်နေခဲ့သည့် အမေရိကန်တို့သည်ပင် အပြေးမြန်၍ အသက်ချမ်းသာရာ ရကြလေသည်။ ယခု ၂၀၁၉ လွန်ခဲ့သောလအထိ ဆီးရီးယားရှိ တပ်ဖွဲ့ဝင်များ ရုတ်သိမ်းမည်၊ သို့သော် ရုတ်သိမ်းမည်ဆိုခြင်းမှာ မရှိတော့ဟု ဆိုလိုခြင်းမဟုတ်ဟု ဒေါ်နယ်ထရမ့်လည်း စကားနှစ်လုံးတည်းနှင့် ကပ်ရှုတ်နေသည်။ အီရတ်အစိုးရကလည်း ဆီးရီးယားမှ ဆုတ်လာသော အမေရိကန်တပ်များ သူတို့မြေမှာ ကြာကြာမနေပါနှင့် ခပ်တင်းတင်းပင်ဆိုလေသည်။ ( အဟီး အဲဒီနောက် အီရတ်အစိုးရလဲ Civil Disobedient ခေါ် လူထုဖီဆန်မှု့နဲ့ ညားတော့တာပဲ ခင်မျ )

လစ်ဗျားနှင့် အီရတ်တွင် ကုလသမဂ္ဂသည် နိုင်ငံတစ်စု၏ အလိုလိုက်ကာ အမှားကြီးမှားခဲ့သည်။ လစ်ဗျားတွင်မူ ပြည်သူလူထုလည်း မှားတတ်ကြောင်း ပြနေပြီး၊ အီရတ်၌ကား လျှမ်းလျှမ်းတောက် နိုင်ငံခေါင်းဆောင်ဆိုသည်တို့မှာလည်း ထီးထမ်းလမ်းလျှောက် သူလိုငါလို အမှားမျိုးမှားတတ်သည်ဟု အနောက်လစ်ဘရယ်ပြည်သူများ နားလည်သွားကြခြင်းဖြစ်သည်။ ထိုစဉ်က ပါတော်မူမိခဲ့သည့် ဥရောပနိုင်ငံရေးသမားတိုင်း နောက်တစ်ကြိမ် မဲမရတော့ချေ။

ကုလသမဂ္ဂသည် အီရတ်နှင့် လစ်ဗျားတွင် နှစ်တုံးစားခဲ့ပြီးသည့်တိုင် ချောကလက်မှန်း မသိသေးချေ။ ယခုတစ်ဖန် အလှည့်ကျလာသော နိုင်ငံမှာ မြန်မာ ဖြစ်သည်။ “ မြန်မာအား ICJ တင်ရန် နိုင်ငံ ၅၇ နိုင်ငံက ဦးဆောင် တရားစွဲဆိုလိုက်သည် ” ဟု ကမ္ဘာ့မီဒီယာကြီးများက ပြူးတူး ပြဲတဲဖော်ပြကြရာ ..ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၃ ပုံ ၁ ပုံနီးပါးအရေအတွက်ရှိသော ထိုနိုင်ငံများမှာ OIC ဖြစ်ကြောင်း အတော်လေး လိုက်ရှာမှ တွေ့ရသည်။

အီရတ်နှင့် လစ်ဗျားလိုပင် ကစားပွဲမစတင်မီကတည်းက မြန်မာ ရှေ့တန်းကစားသမားများ အဝါကပ် ပြထားခံရပြီးဖြစ်သည်။ နေ့ချင်းညချင်း အဖမ်းခံရပြီး စစ်ခုံရုံးတွင် ကြိုးစင်တင်တော့မယောင် ပြည်တွင်း မွေးစားသားများ အူမြူးကြသည်။

ကျွန်တော်တို့ နိုင်ငံတော်နှင့် နိုင်ငံသားများ ပေးရလိုက်ရမည်မှာ သားစဉ်မြေးဆက် အရှက်-ဂုဏ်သိက္ခာ၊ အချုပ်အချာနယ်မြေနှင့် “ အာဏာလစ်ဟာမှု့ “ သာဖြစ်တော့သည်။ ။ သတင်းဘာသာပြန်သူ ))

((( AFP., 14 Nov, 2019, “ Clashes as acting Bolivia leader aims to end power vacuum.” ကို #HtayOung, #OungMaine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်၍ အကြောင်းအရာတူ သတင်းများနှင့် ပေါင်းစပ်သည်။ ))

https://www.rt.com/news/473494-putin-bolivia-morales-libya/

https://www.afp.com/en/news/15/clashes-acting-bolivia-leader-aims-end-power-vacuum-doc-1m87eg5

https://www.bangkokpost.com/world/1794259/stand-in-president-brings-back-bible-to-bolivian-politics

#ဘိုလစ်ဗီးယားအာဏာလစ်ဟာမှု့

0

Leave a Reply

Your email address will not be published.