အာဖဂန်နစ္စတန်မှ တိုက်ခိုက်ခံရမှုများ ရင်ဆိုင်နေရသည့် ဟိန္ဒူနှင့် ဆစ်ခ်ဘာသာဝင် လူနည်းစုများကို ခိုလံှုခွင့်ပေးမည်ဟု အိန္ဒိယကမ်းလှမ်း။ အာဖဂန်တစ်ဝှမ်းလုံးတွင် ဟိန္ဒူနှင့်ဆစ်ခ်သာသာဝင် ၆၀၀ ကျော်မျှသာ ကျန်ရှိဟု ဆို။

အာဖဂန်နစ္စတန်နိုင်ငံတွင် စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုနှင့် ခွဲခြားဆက်ဆံမှုများကြောင့် ဟိန္ဒူနှင့်ဆစ်ခ်ဘာသာဝင်ဦးရေကျဆင်းလျှက်ရှိသည်။ လတ်တလော တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့် အာဖဂန်ဟိန္ဒူနှင့် ဆစ်ခ်လူနည်းစုတို့အတွက် အိန္ဒိယနိုင်ငံအတွင်း ကာလရှည်နေထိုင်ခွင့်ရရှိရန် ဦးစားပေး ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်း နာရင်ဒြာမိုဒီအစိုးရက ကမ်းလှမ်းလိုက်သည်ဟု New York Times က ယမန်နေ့ဖော်ပြသည်။

 
အစ္စလာမ်ဘာသာဝင်အများဆုံးဖြစ်သည့် အာဖဂန်နစ္စတန်တွင် လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရသောအာဖဂန်ဟိန္ဒူနှင့်ဆစ်ခ်ဘာသာဝင် ၆၀၀ ခန့်တို့အနေဖြင့် အိန္ဒိယသို့ ပြန်လာနိုင်ရေးအတွက် ဦးစားပေးဗီဇာထုတ်ပေးမည်ဖြစ်ပြီး ရေရှည်နေထိုင်ခွင့်လျှောက်ထားနိုင်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနက စနေနေ့၌ သတင်းထုတ်ပြန်သည်။ သို့သော် ကြေညာချက်တွင် လွန်ခဲ့သည့်လက အာဖဂန်အရှေ့ပိုင်း၌ ပြန်ပေးဆွဲခံရသည့် အာဖဂန်ဆစ်ခ်ခေါင်းဆောင်အား ကယ်ဆယ်ရေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များ ပါဝင်ခြင်းမရှိချေ။ 

  
အိန္ဒိယ၏ ကမ်းလှမ်းချက်မှာ နောက်ထပ်တိုက်ခိုက်မှုများဖြစ်လာမည်ကို ကြောက်လန့်နေကြရသည့် အာဖဂန်ဟိန္ဒူနှင့် ဆစ်ခ်တို့အတွက် အရေးပေါ်အကူအညီအဖြစ် အားတက်ဖွယ်ရှိသည်။ သို့သော် အာဖဂန်တွင် ဈေးဆိုင်နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် ဖြတ်သန်းခဲ့ပြီးသော မျိုးဆက်တို့အနေဖြင့် ၎င်းတို့၏ အသက်မွေးအလုပ်များကို စွန့်ခွာ၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် စီးပွားရေးကျဆင်းလျှက်ရှိသော အိန္ဒိယတွင် ဆင်းရဲနွမ်းပါးစွာ အသက်မွေး ဘဝစတင်ရမည်ကဲ့သို့ ရှိနေသည်။ 

  
အိန္ဒိယ၏ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ အာဖဂန်အစိုးရက တရားဝင်တုန့်ပြန်ခြင်းမရှိသေးချေ။ သို့သော် အာဖဂန်တွင် အကြမ်းဖက်မှုများကို လူအားလုံးခံစားနေကြရပြီး ဟိန္ဒူနှင့် ဆစ်ခ်တို့အတွက်ဟု ကမ်းလှမ်းခြင်းမှာ အာဖဂန်၏ ဘာသာရေးကွဲပြားခြားနားခြင်းအပေါ် သံသယဖြစ်စေရကြောင်း၊ ဟိန္ဒူစရိုက်လက္ခဏာများကို အသားပေးဖော်ထုတ်ခြင်းဖြင့် ယဉ်ကျေးမှုပေါင်းစုံ ပွင့်ဖူးရာ အိန္ဒိယအဖြစ်မှ ကျောခိုင်းလျှက်ရှိသော နာရင်ဒြာမိုဒီသည် ၎င်းတိုင်းပြည်တွင်း ပရိဿတ်များအတွက် ရည်ရွယ်လျှက် ကမ္ဘာ့အခြား နေရာ၌ ခွဲခြားဆက်ဆံခံနေရသော ဟိန္ဒူလူနည်းစုများအကြောင်း သတင်းပေးခြင်းခြင်းဖြစ်သည်ဟု အာဖဂန်တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ 

  
သို့သော် ၁၉၉၀-ပြည့်နှစ်များတစ်ဝှိုက် ဖိနှိပ်ချုပ်ချယ်ရာ၌ နာမည်ထွက်ခဲ့သော တာလီဘန်တို့နှင့် ၁၈-နှစ်ကျော်ကြာခဲ့ပြီးမှ တပ်များရုတ်သိမ်းတော့မည့် အမေရိကန်တို့အကြား အစိုးရအာဏာခွဲဝေရေး ဆွေးနွေးရန် ပြင်ဆင်လျှက်ရှိစဉ် အာဖဂန်ဘာသာရေးလူနည်းစုများ၏ အခြေအနေမှာ ယခင်ကထက်ပို၍ မရေရာ မသေချာဖြစ်လာနေသည်။ 

  
အထူးသဖြင့် အင်အားနည်းသောလူနည်းစုများကိုပစ်မှတ်ထားလေ့ရှိသည့် အစ္စလာမ်မစ်နိုင်ငံတော်ထူထောင်သူ အိုင်အက်စ် IS ကဲ့သို့ ဘာသာရေးအစွန်းရောက်အုပ်စုများက စစ်ပွဲတွင် ပါဝင်လာခြင်းမှာ အာဖဂန်အားပို၍ ဖရိုဖရဲဖြစ်စေသည်။


ယခင်က အာဖဂန်ဟိန္ဒူနှင့် ဆစ်ခ်အသိုင်းအဝိုင်းတို့သည် လူဦးရေများများစားစား မရှိသော်လည်း စီးပွားရေးချောင်လည်ကြပြီး အစိုးရ၏ အဆင့်မြင့်ရာထူးရှိသူ အများအပြားရှိခဲ့သည်။ သို့သော် ၎င်းတို့အားလုံးနီးပါးသည် ဆယ်စုနှစ်ချီသော စစ်ပွဲများနှင့် ဖိနှိပ်ရက်စက်မှုများအတွင်း အိန္ဒိယ၊ ဥရောပနှင့်မြောက် အမေရိကသို့ ထွက်ပြေးသွားကြပြီဖြစ်သည်။ 


ယခင်လူဦးရေထောင်ချီရှိခဲ့သော အရှေ့ပိုင်းနမ်ဂါဟာပြည်နယ်တွင် မိသားစု ၄၅ စုသာ ကျန်ခဲ့သည်။ အခြားအရှေ့ပိုင်းပြည်နယ် ပက်တီးယားတွင် ယခင်က ဟိန္ဒူနှင့် ဆစ်ခ်ဘာသာဝင် ၃,၀၀၀ ခန့်ရှိခဲ့သည်။ ဆယ်စုနှစ်အတွင်း အများအပြားထွက်ပြေးသွားကြပြီးနောက် တစ်စုတည်းသာ ကျန်ခဲ့သော ဆေးဆရာ ဂျာဂိုဟန်ဆင်း၊ ဇနီးနှင့် ကလေး ၂-ဦးပါ မိသားစုမှာလည်း ကဘူးလ်မြို့သို့ ပြောင်းရွှေ့သွားကြသည်။

  
ယခင် အာဖဂန်နစ္စတန်တွင် ဟိန္ဒူနှင့်ဆစ်ခ်များသည် အရေအတွက် များပြားသည်နှင့်အမျှ ကြီးမားသော အစုအဖွဲ့အသွင် ထိုင်လေ့ရှိပြီး တစ်ခါတစ်ရံတွင် ဝတ်ပြုကိုးကွယ်ရာနေရာလည်း သီးခြားရှိသည်။ 


ယခုအခါ အာဖဂန်တစ်ဝှမ်းလုံးတွင် ဟိန္ဒူနှင့်ဆစ်ခ်သာသာဝင် ၆၀၀ ကျော်မျှသာ ကျန်ရှိတော့သည်။ လွန်ခဲ့သော ၂-နှစ်အတွင်း တိုက်ခိုက်ခံရမှု့ ၂-ကြိမ်ဖြစ်ပွားရာ၌ပင် သေဆုံးသူ ၅၀ ခန့်ရှိပြီး၊ မိသားစုတိုင်းနီးပါး ဒဏ်ရာရရှိခဲ့သည်။ 


မကြာသေးမီ မတ်လက ကဘူးလ်ရှိ ဆစ်ခ်ဘုရားကျောင်းတော်နှင့် အိမ်ရာဆောက်အအုံများ ကို အစ္စလာမ်မစ်စစ်သွေးကြွများက ၆-နာရီကြာ စီးနင်းသိမ်းပိုက်ခဲ့ရာ ကလေးငယ်များအပါအဝင်လူ ၂၅ ဦး သေဆုံးခဲ့သည်။ 


တိုက်ခိုက်မှုအပြီးတွင် လုံခြုံရေးအစီအမံသစ်များပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်အပါအဝင် အာဖဂန်အရာရှိများက ရပ်ရွာလူထုခေါင်းဆောင်များအား ကတိပေးခဲ့သည်။ သို့သော် ဘုရားကျောင်းတော်အား ပိတ်ထားရဆဲဖြစ်ပြီး ပြင်ဆင်ခြင်းပင် မပြုနိုင်ချေ။ ဘုရားကျောင်းရှေ့ စစ်ဆေးရေးဂိတ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား အနည်းငယ်တိုးမြှင့်ချထားသည်မှအပ နေထိုင်သူများ စိုးရိမ်သောကကိုသက်သာစေမည့် မည်သည့် အထောက်အပံ့မျှ မရရှိခဲ့ပါ။ 


အလုပ်ထွက်လုပ်ရသည့် နံနက်ခင်းတိုင်း သက်စွန့်ဆံဖျားဖြစ်နေရသည့် ဆင်းအတွက် အာဖဂန်အစိုးရဘဏ်က ငွေကြေးအကူအညီပေးသည်။ သို့သော် မိသားစုတစ်စုလုံး တိုက်ခိုက်ခံရပြီး ဝတ်ပြုရာနေရာဆုံးရှုံးသွားရခြင်းမှာ ဆင်းအတွက် သည်းမခံနိုင်စရာဖြစ်ရသည်။ ကိုယ်ဝန်ဆောင်စ ဇနီးဖြစ်သူကလည်း မိခင်နှင့်ကလေးများတိုက်ခိုက်သတ်ဖြတ်ခံထားရသော သားဖွားဆေးရုံ၌ ကိုယ်ဝန်အပ်ရန် ကြောက်ရွံ့နေသည်။ 


ရေရှည်ဗီဇာထုတ်ပေးသည့် အိန္ဒိယနိုင်ငံသို့ သွားရောက်နေထိုင်မည်ဟု ဆင်းတစ်ယောက်စိတ်ကူးထားသည်။ လုံခြုံရေးအခြေအနေ ပိုမိုကောင်းမွန်လာသည်အထိ အိန္ဒိယတွင်နေထိုင်ပြီး အာဖဂန်သို့ ပြန်လာမည်ဟု စဉ်းစားသည်။ လောလောဆယ် အသက်ရှင်နေရန်သာအရေးကြီးဆုံးဖြစ်ပြီး အာဖဂန်နိုင်ငံကို စွန့်လွှတ်နိုင်ခြင်းမရှိဟု ဆိုပါသည်။ 

((( New York Times., 19 Jul 2020,” India offers safety to Afghan Hindu and Sikh minorities facing attacks.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။ ))) 

#အာဖဂန်နစ္စတန်ဟိန္ဒူနှင့်ဆစ်ခ်ဘာသာဝင်လူနည်းစုများကို_ခိုလံှုခွင့်ပေးမည်ဟု_အိန္ဒိယကမ်းလှမ်း။ #အာဖဂန်တစ်ဝှမ်းလုံးတွင်_ဟိန္ဒူနှင့်ဆစ်ခ်သာသာဝင်_၆၀၀ ကျော်မျှသာ_ကျန်ရှိ 

https://www.nytimes.com/2020/07/19/world/asia/india-afghanistan-sikh-hindu.html

1+

Leave a Reply

Your email address will not be published.