အာဖဂန်နစ္စတန် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်မရသည့် အခြေအနေရောက်ရှိနေ။ တစ်လအတွင်း ကူးစက်မှု ၂,၄၀၀ ရာနှုန်း တရှိန်ထိုး မြင့်တက်ခဲ့။ အမေရိကန်သံရုံးတွင် ဒေသခံအလုပ်သမား တစ်ဦးသေဆုံး၍ ဒါဇင်နှင့်ချီလျှက် ကူးစက်ခံရ။


အာဖဂန်နစ္စတန်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကျရောက်မှုမှာ ထိန်းချုပ်မရသည့် အခြေအနေရောက်ရှိနေပြီဖြစ်ကြောင်း ယခုလအတွင်း ကူးစက်မှု နှုန်း ၂,၄၀၀ % အထိ တရှိန်ထိုးမြင့်တက်ခဲ့ဖြင့် ဖြည့်တင်းသမျှ ဆေးဝါးရင်းမြစ်တို့မှာ လျှင်မြန်စွာ ကုန်ခမ်းလျှက်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်း IFRC က ပြောဆိုသည်ဟု Reuters (June 17,2021) က ရေးသားသည်။

…   
လွန်ခဲ့သည့်ရက်သတ္တပတ်၌ ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ပမာဏမှာ စမ်းသပ်ခံယူသူအားလုံး၏ သုံးပုံတစ်ပုံကျော်သို့ ပြန်လည်ရောက်ရှိလာသည်။ အာဖဂန်၏ Covid-19 ကပ်ရောဂါ ကုသ-တားဆီး-တိုက်ဖျက်ရေးမှာ အကြပ်အတည်း ဆိုက်လျှက်ရှိပြီး မြို့တော်ကဘူးလ်နှင့် ဒေသများစွာတို့၌ ဆေးရုံကုတင်အားလုံးတွင် လူနာအပြည့်ဖြစ်နေကြောင်း၊ ရောဂါဖြစ်ပွားမှု အရှိန်အဟုန်မှာ ကျန်းမာရေးအရင်းအမြစ်များရှားပါး၍ ဆင်းရဲနွမ်းပါးနှင့်ပြီးသား တိုင်းပြည်နေ လူသန်းပေါင်းများစွာတို့အား ပြင်းထန်စွာ ထိုးနှက်လျှက်ရှိကြောင်း အာဖဂန် IFRC အသင်း၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

…   
ကြာသပတေးနေ့၌ ကျန်းမာရေးအာဏာပိုင်များ၏ စာရင်းဇယားများအရ လွန်ခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်ခံရသူပေါင်း ၂,၃၁၃-ဦးနှင့် သေဆုံးသူ ၁၀၁ ဦးရှိခဲ့သည်။ စစ်မက်လုံခြုံရေးအခြေအနေကြောင့် တရားဝင် စစ်ဆေးအတည်ပြုနိုင်ခြင်းနည်းပါးသဖြင့် ယခုပပမာဏမှာ အမှန်ဖြစ်ပွားမှုထက် သိသာစွာ လျှော့နည်းနိုင်ကြောင်း အာဏာပိုင်နှင့် ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

…  
အာဖဂန်နစ္စတန်၏ ဆယ်စုနှစ်များစွာကြာမြင့်သည့် စစ်ပွဲများအတွင်း ထိရှလွယ်သောကျန်းမာရေးစံနစ်မှာ ပျက်စီးခဲ့ရသည်။ စက်တင်ဘာနောက်ဆုံးထား၍ အမေရိကန် ဦးဆောင်သော နိုင်ငံခြားတပ်ဖွဲ့များရုပ်သိမ်းခြင်း၊ အာဖဂန်အစိုးရနှင့် သောင်းကျန်းသူတာလီဘန်တို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျယ်ပြန့်လာခြင်းနှင့်အတူ မကြာသေးမီ လများအတွင်း အကြမ်းဖက်မှုများ မြင့်တက်လာခဲ့သည်။

…   
အရှေ့အလယ်ပိုင်း၊ ဗဟိုအာရှနှင့် အိန္ဒိယနိုင်ငံတို့ကြားတွင် တည်ရှိသည့် အာဖဂန်နစ္စတန်သည် ပထဝီနိုင်ငံရေးအရ အလွန်အရေးပါသောနိုင်ငံတစ်ခုဖြစ်သည်။ ဂရိမှ မဟာအလက်ဇန္ဒား၊ မွန်ဂိုဘုရင် ဂျင်ဂစ်ခန်နှင့် မွတ်စလင် အာရပ်တို့က အာဖဂန်ဒေသကို အနိုင်ယူ အုပ်စိုးခဲ့ကြသည်။

…  
၁၉၇၀နှောင်းပိုင်းမှစ၍ ပြည်ပနိုင်ငံများ၏ ဝင်ရောက်ကျူးကျော်ခြင်းများကို ဆက်တိုက်ခံခဲ့ရသည်။ ၁၉၇၉တွင် ဆိုဗီယက်တို့ ကျူးကျော်ပြီး နိုင်ငံတကာမွတ်စလင်များ၏ အာဖဂန်၌ မြင့်မြတ်သောစစ်ပွဲဆင်နွှဲရေးဟူသည့်  အမေရိကန်စီအိုင်အေ၏ အစီအစဉ်နှင့်အတူ ယနေ့တိုင် ကမ္ဘာအရပ်ရပ်၌ အကြမ်းဖက်မှုများ ကျူးလွန်နေသော အယ်လ်ကိုင်ဒါ အစွန်းရောက်အဖွဲ့ ပေါ်ပေါက်လာသည်။

…  
၂၀၀၁ခုနှစ်တွင်  9/11 အကြမ်းဖက်မှုကို ကြိုးကိုင်သူအဖြစ်စွပ်စွဲခြင်းခံရသူ အိုစမာဘင်လာ ဒင်အား ပေးအပ်ခြင်း မပြုဟု တာလီဘန်အစိုးရကို ဖြုတ်ချရန် အမေရိကန်ဦးဆောင်သော နေတိုးတပ်များက အာဖဂန်အား ဝင်ရောက်ကျူးကျော်ခဲ့သည်။ ၂၀၀၁ခုနှစ်၊ ဒီဇင်ဘာလတွင် ဟာမစ် ကာဇိုင်းအစိုးရကို အကူအညီပေးရန် နိုင်ငံတကာအကူအညီပေးရေးနှင့်လုံခြုံရေးတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် အာဖဂန်တွင် တာလီဘန်တို့၏ ပုန်ကန်တွန်းလှန်မှုကိုသာမက နောက်ပိုင်း၌ အိုင်အက်စ် ( IS, ယခင် ISIS ) အစွန်းရောက် အကြမ်းဖက်တို့ကိုပါ ဖိတ်ခေါ်မိလျှက်သား ဖြစ်ရသည်။ ခြုံခိုတိုက်ခိုက်ခံရခြင်းနှင့် စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများတွင် ဗုံးခွဲခံရမှုများ မကြာခဏဆိုသလို ဖြစ်ပွားလျှက်ရှိသည်။

…  
ဂျိုးဘိုင်ဒင်သမ္မတဖြစ်လာပြီးနောက် အာဖဂန်၌ နှစ် ၂၀-ကြာ စစ်ရေးစွက်ဖက်ခဲ့ခြင်းကို အဆုံးသတ်ကာ ယခုနှစ် စက်တင်ဘာနောက်ဆုံးထား၍ တပ်များ ပြန်လည်သိမ်းမည်ဖြစ်သည်။ သို့သော် ဝါရှင်တန်က ကျောခိုင်းခဲ့သည့် အာဖဂန် ကဘူးမြို့တော်ကို သိမ်းယူရန် တာလီဘန်တို့က ခြိမ်းခြောက်လာလျှင် စစ်လေယာဉ် သို့မဟုတ် ဒရုန်းများဖြင့် တိုက်ခိုက်ရန် အမေရိကန် ပင်တာဂွန်က ချိန်ဆလျှက်ရှိကြောင်း New York Times (June 17, 2021) က ရေးသားသည်။

…  
မြို့တော်ကဘူးလ်ရှိ အမေရိကန်သံရုံးတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြင့် ဒေသခံအလုပ်သမားတစ်ဦးသေဆုံး၍ ဒါဇင်နှင့်ချီလျှက် ကူးစက်ခံရမှုများ တွေ့ရှိခဲ့ရပြီးနောက် ဝန်ထမ်းအများအပြားတို့ကို ရောဂါဖြစ်ပွားမှုကင်းလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း Russia Today (June 17,2021) က ရေးသားသည်။

…  
COVID-19 ရောဂါဖြစ်ပွားမှု ပြင်းထန်လာခြင်းကြောင့် ကုတင်နှင့် အောက်ဆီဂျင်ပြတ်လပ်၍ ယခုရက်သတ္တပတ်တွင် အဓိကကျသော ဆေးရုံကြီးများ၌ လူနာသစ်များအား လက်မခံနိုင်ပဲ ရှိနေသည်။

…  
အာဖဂန်လူဦးရေ ၃၂-သန်းခန့်၏ ဝ.၅ ရာခိုင်နှုန်းအောက်ကိုသာ အပြည့်အဝ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီး ကာကွယ်ဆေးမရရှိခြင်းနှင့် ကာကွယ်ဆေးထောက်ပံ့ရန် တုန့်ဆိုင်းနေခြင်းက အခြေအနေကို ပိုမိုဆိုးရွားစေလိမ့်မည်ဖြစ်ကြောင်း IFRC သတိပေးခဲ့သည်။

…  
ပြီးခဲ့သည့်ရက်သတ္တပတ်တွင် တရုတ်နိုင်ငံမှ Sinopharm ကာကွယ်ဆေး ၇-သိန်း ခန့် ရောက်ရှိလာမှသာ အာဏာပိုင်များးအနေဖြင့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို နောက်တစ်ကြိမ် ပြန်လည်စတင်ခဲ့ရသည်။

(((Reuters., 17 Jun 2021,” COVID-19 out of control in Afghanistan as cases up 2,400% in a month.” ကို #HtayOung, #OungMarine ဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

…  
#အာဖဂန်၌_ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုထိန်းချုပ်မရနိုင်သည့်အခြေအနေသို့ရောက်ရှိ

https://bdnews24.com/coronavirus-pandemic/2021/06/17/covid-19-out-of-control-in-afghanistan-as-cases-up-2400-in-a-month
https://www.nytimes.com/2021/06/09/us/politics/afghanistan-airstrikes-us-troop-withdrawal.html
https://www.rt.com/news/526895-american-embassy-kabul-coronavirus-afghanistan/ 

Leave a Reply

Your email address will not be published.